Myanmar Encyclopedia

ကလိုက်၊ ရောဘတ် (၁၇၂၅-၁၇၇၄)။ ။ ကလိုက်ကို ၁၇၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်တွင် အင်္ဂလန်နိုင်ငံ ရှရော့ရှိုင်းယား၌ မွေးဖွားခဲ့သည်။ ရောဘတ်ကလိုက်သည် ဗြိတိသျှ အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦး ဖြစ်သကဲ့သို့ စစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ သူသည် အိန္ဒိယပြည်ကို ဗြိတိသျှအင်ပါယာထဲ သွတ်သွင်းခဲ့သည်။

အိန္ဒိယတွင် ဗြိတိန်နှင့် ကုန်သွယ်မှုပြုနေသော အင်္ဂလိပ် အရှေ့အိန္ဒိယကုမ္ပဏီသို့ ၁၇၄၃ ခုနှစ်တွင် အလုပ် ဝင်ခဲ့သည်။ ၁၇၄၇ ခုနှစ်တွင် ကုမ္ပဏီ၏ လက်နက်ကိုင် တပ်ဖွဲ့၌ အရာရှိအဖြစ် ခန့်အပ်လိုက်သည်။ ထိုစဉ်က အိန္ဒိယကို ထိန်းချုပ်နိုင်ရန် ဗြိတိသျှနှင့် ပြင်သစ်ကုမ္ပဏီ များ အပြိုင်အဆိုင် ကြိုးစားနေချိန်ဖြစ်သည်။ ကလိုက်က ပြင်သစ်နှင့် အိန္ဒိယမဟာမိတ်များအပေါ် အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၁၇၅၇ ခုနှစ်တွင် တပ်ဖွဲ့အင်အား ၃၂၀ဝ ကို ဦးဆောင်လျက် အင်အား ၅၀ဝ၀ ကျော်ရှိသော ရန်သူတပ်များကို ပလာဆီးတိုက်ပွဲ၌ အနိုင်တိုက်ခဲ့သည်။ ထိုအောင်ပွဲကြောင့် ဗြိတိသျှတို့သည် အိန္ဒိယ၏ အကြွယ်ဝ ဆုံးဖြစ်သည့် ဘင်္ဂလားနယ်ကို သိမ်းပိုက်ရရှိသည်။

ကလိုက်သည် ၁၇၆၀ ပြည့်နှစ်တွင် ဗြိတိန်သို့ ပြန်လာပြီး လွှတ်တော်သို့ ဝင်ရောက် တာဝန်ထမ်းဆောင် သည်။ ၁၇၆၂ ခုနှစ်တွင် သူ့အား ပလာဆီး၏ မှူးမတ် ကလိုက်ဘွဲ့ကို အပ်နှင်းသည်။ ၁၇၇၃ ခုနှစ်တွင် သူ၏ ရန်သူတော်များက အိန္ဒိယ၌ ကလိုက် တာဝန်ထမ်းဆောင် ချိန်ကအကြောင်းကို စုံစမ်းစစ်ဆေးရန် ပါလီမန်ကို နားချ ခဲ့ကြသည်။ စစ်ဆေးချက်အရ ကလိုက်သည် ဓနဥစ္စာ အများအပြား စုဆောင်းမိခဲ့ကြောင်း ပေါ်ပေါက်ခဲ့သကဲ့သို့ တိုင်းပြည်အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ကြောင်း လည်း တွေ့ကြရသည်။ ဘဝနောက်ဆုံးနှစ်များတွင် ခံစား ရသော ဝေဒနာကြောင့် ကလိုက်သည် ဘိန်းစွဲခဲ့သည်။ ၁၇၇၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်တွင် မိမိဘာသာ အဆုံး စီရင်သွားခဲ့သည်။

ပင်မစာမျက်နှာသို့