Myanmar Encyclopedia

ကလိုက်မြစ် ။ ။ ကလိုက်မြစ်သည် စကော့တလန်နိုင်ငံ တောင်ပိုင်း လင်းနာ့ရှိုင်းယားနယ်ရှိ လောက်သားတောင် ကုန်းများမှ မြစ်ဖျားခံ၍ ကလိုက်ဇဒေး ချိုင့်ဝှမ်းဒေသကို ဖြတ်သန်းပြီး ကလိုက်မြစ်ဝကျယ်ထဲသို့ စီးဝင်သည်။ ကလိုက်ဇဒေး ချိုင့်ဝှမ်းဒေသတစ်လျှောက်တွင် ထရောက် ငါး ဖမ်းဆီးခြင်းလုပ်ငန်းများနှင့် လှပသောရေတံခွန်များ ရှိခြင်းကြောင့် ထင်ရှားကျော်ကြားသည်။ ဂလပ်စဂိုမြို့သို့ ရောက်သည့်အခါ ကလိုက်မြစ်သည် မြစ်ကြောင်းနက်လာ ပြီး ကုန်သွယ်ရေးလမ်းကြောင်းကြီးအဖြစ်ဖြင့် ထင်ရှား လာသည်။ ဂလပ်စဂိုမြို့အောက်တစ်လျှောက် ဂရင်းနော့ မြို့အထိ မြစ်ကမ်းတစ်ဖက်တစ်ချက်တွင် သင်္ဘောကျင်း များနှင့် သင်္ဘောတည်ဆောက်ရာ ဝင်းများ တည်ရှိသည်။

ကြီးကျယ်ခမ်းနား၍ ကမ္ဘာကျော်ကြားသည့် 'ကွင်း မေရီ' နှင့် 'ကွင်းအယ်လိဇဘက်' အမည်ရှိသော ပင်လယ် ကူး သင်္ဘောကြီးများကို အဆိုပါသင်္ဘောကျင်း သင်္ဘော ဝင်းများ၌ တည်ဆောက်ခဲ့ကြသည်။ ဂရင်းနော့မြို့အောက် ဘက်သို့ ရောက်သွားသောအခါ အကျယ် ၆၄ ကီလိုမီတာ (မိုင် ၄၀)၊ အလျား ၉၇ ကီလိုမီတာ(မိုင် ၆၀) ခန့်ရှိသော မြစ်ဝကျယ်ကြီးအဖြစ် ပင်လယ်ထဲသို့ စီးဝင်လေသည်။ ထိုမြစ်သည် မြစ်ဖျားမှ မြစ်ဝအထိ ၁၇၁ ကီလိုမီတာ(၁၀၆ မိုင်) မျှ ရှည်လျား၍ အင်္ဂလန်တွင် သိမ်းမြစ်မှလွဲလျှင် ထင်ရှားသော ရေကြောင်းလမ်းမကြီး ဖြစ်သည်။

ပင်မစာမျက်နှာသို့