ကလိုးဗစ်ဘုရင် (၄၆၆ – ၅၁၁)။ ။ ဖရန့်လူမျိုးများ၏ မျိုးတူစုတစ်စုဖြစ်သော ဆေးလယန်း ဖရန့်တို့၏ အကြီး အကဲဖြစ်သူ ချီလဒါရစ်ဘုရင်၏ သားတော်ဖြစ်သည်။ ကလိုးဗစ်ကို ခရစ်နှစ် ၄၆၆ တွင် ဖွားမြင်သည်။ ၄၈၁ ခုနှစ် တွင် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံသောအခါ အသက် ၁၅ နှစ်မျှသာ ရှိသေးသည်။ ထိုစဉ်က ဖရန့်ဘုရင် များသည် မျိုးတူစုများ၏ အကြီးအကဲများသာ ဖြစ်ကြ၍ ကလိုးဗစ်မှာ ထိုဖရန့်ဘုရင်များတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ ၄၈၆ ခုနှစ်တွင် ကလိုးဗစ်သည် ဆွားဆွန်း အနီးတိုက်ပွဲ၌ ရောမတို့ကို အောင်နိုင်လိုက်သဖြင့် စိန့်မြစ် ဝှမ်းကို စိုးမိုးရလေသည်။
၄၉၃ ခုနှစ်တွင် ကလိုတီးလဒါးအမည်ရှိ ဗာဂန်ဒီ မင်းသမီးကို မိဖုရားမြှောက်သည်။ ကလိုတီးလဒါးသည် ခရစ်ယာန်ဖြစ်သည့်အလျောက် သူ့အား ခရစ်ယာန် အယူ ဝါဒသို့ ကူးပြောင်းရန် မကြာခဏ တိုက်တွန်းခဲ့၏။ ကလိုးဗစ်သည် သူ၏ သားတော်၊ သမီးတော်များအား ရေနှစ်မင်္ဂလာ ခံယူစေခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ဂျာမန်အနွယ် အယ်လမန်းနိုင် လူမျိုးတို့အား တိုက်ခိုက်အောင်မြင်ခဲ့ပြီးနောက်မှ ခရစ်ယာန် ဖြစ်လာခဲ့လေသည်။
ကလိုးဗစ်ဘုရင်သည် ဘုန်းလက်ရုံးနှင့်ပြည့်စုံသော ဘုရင် ဖြစ်သည့်အလျောက် အကွဲကွဲအပြားပြား ဖြစ်နေသော ဖရန့်နိုင်ငံကို တစ်စည်းတစ်လုံးတည်း ဖြစ်စေခဲ့သည် သာမက မြောက်ဘက်နှင့် အရှေ့ဘက်တွင် ရိုင်းမြစ်မှ တောင်ဘက် ပီးရနီးတောင်တန်းအထိ ကျယ်ပြန့်သော နိုင်ငံကို တည်ထောင်ခဲ့သည်။ ကလိုးဗစ်ဘုရင် တည် ထောင်ခဲ့သောနိုင်ငံမှာ နောင်အခါတွင် ပြင်သစ်နိုင်ငံ ဖြစ်လာရာ ပါရီမြို့မှာ ထိုစဉ်ကပင် မြို့တော်ဖြစ်ခဲ့ပေသည်။ ကလိုးဗစ်ဘုရင်သည် ၅၁၁ ခုနှစ်တွင် နတ်ရွာစံသည်။