ကလိုဗာပင် ။ ။ ပဲလုံးမျိုးရင်းတွင် ပါဝင်၍ အယ်လဖား ပင်ကဲ့သို့ ကျွဲ၊ နွား အစာအတွက်နှင့် လယ်ခင်းများ မြေသြဇာ ထက်သန်လာစေရန်အတွက် စိုက်ပျိုးကြသည်။ ကလိုဗာပဲပင် မျိုးစိတ်ပေါင်း ၄၀ဝ ကျော်မျှရှိ၍ ဥရောပ တိုက်နှင့် မြောက်အမေရိကတိုက် သမပိုင်းဒေသများတွင် ကောင်းစွာဖြစ်ထွန်းကြသည်။ ကလိုဗာပဲပင်တို့၏ အရွက် တွင် ရွက်မြွှာသုံးရွက်စီ ပါရှိ၍ ထိုအပင်များမှ အနီရောင်၊ အဖြူရောင်၊ ကြက်သွေးရောင်နှင့် အဝါရောင်အပွင့်များ ပွင့်ကြသည်။
ကလိုဗာပဲပင်အစစ်နှင့် အလွန် နီးစပ်ဆင်တူသည့် ကလိုဗာအချိုပင်များကို ယခင်က ပျားမွေးမြူသူတို့သာ စိုက်ပျိုးကြသည်။ ထိုအပင်များဖြင့် ပျားမွေးမြူသောအခါ အကောင်းစားပျားရည်ကို ရရှိနိုင်၏။ ယခုအခါ တောင်သူ လယ်သမားများလည်း ဤအပင်မျိုးကို အသုံးပြုလာကြပြီ ဖြစ်သည်။
ကလိုဗာပဲပင်များကို စိုက်ပျိုးပြီးလျှင် ကျွဲ၊ နွား အစာ အတွက် ပင်စည်များကို ပထမအကြိမ် ရိတ်သိမ်းကြ သည်။ နောက်တစ်ကြိမ် အစေ့များအတွက် ရိတ်သိမ်းရ ပြန်သည်။ ဤအပင်များနှင့် သင့်တော်သည့် ရာသီဥတု ကြာရှည်ခဲ့သော် ထပ်မံမစိုက်ပျိုးရဘဲ အကြိမ်ကြိမ် ရိတ်သိမ်းနိုင်သည်။
အယ်လဖားပင်ကဲ့သို့ ကလိုဗာပဲပင်၏ အမြစ်များ သည် ရှည်လျားကြသဖြင့် မြေဆီအောက်ခံလွှာတွင် ရှိသော အပင်အာဟာရဓာတ်ကို ထုတ်ယူ သုံးစွဲနိုင်သည်။ အပင်၏ အမြစ်များတွင်ရှိသော အဖုငယ်တို့၌ လေထဲမှ နိုက်ထရိုဂျင်ဓာတ်ကို စုပ်ယူ၍ အပင်အာဟာရဓာတ်အဖြစ် ပြောင်းပေးသည့် ဘက်တီးရီးယားများ နေထိုင်ကြသည်။ (နိုက်ထရိုဂျင် - ရှု)။ ယင်းသို့ဖြင့် ကလိုဗာပဲပင်များ စိုက်ပျိုးထားသည့် လယ်ယာများတွင် နိုက်ထရိုဂျင်ဓာတ် ပြည့်လာသည်။ ယခင်နှစ်က ကလိုဗာပဲပင်များ စိုက်ပျိုးခဲ့ သည့် လယ်ယာတွင် ပြောင်းဖူးပင်များကို တစ်လှည့် စိုက်ပျိုးကြည့်ရာ ပြောင်းဖူးပင်များမှာ သန်စွမ်း၍ ပြောင်းဖူး အထွက်ကောင်းလာကြောင်းကို တွေ့ရှိရသဖြင့် မြေသြဇာပြုပြင်ရေးတွင် ဤပဲပင်မျိုးသည် များစွာ အရေး ပါကြောင်း ထင်ရှားသည်။