Myanmar Encyclopedia

ကလိုဇူဗစ်၊ ကားဗွန် (၁၇၈၀–၁၈၃၁)။ ။ ကလိုဇူဗစ်ကို ပရပ်ရှားနိုင်ငံ (ယခု ဂျာမနီနိုင်ငံ၏ပြည်နယ်) ဘာ့မြို့၌ ၁၇၈၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်တွင် မွေးဖွားခဲ့သည်။ ၁၇၉၂ ခုနှစ်တွင် တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ပြီး ဧကရာဇ် ပထမ မြောက်နပိုလီယန်၏ ပြင်သစ်စစ်တပ်ဖွဲ့များကို တိုက်ခိုက်သော တိုက်ပွဲများတွင် ပါဝင်ခဲ့သည်။ ၁၈၁၅ ခုနှစ် နပိုလီယန်ကို နောက်ဆုံးအနိုင်တိုက်သော တိုက်ပွဲ တွင်လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။ ၁၈၁၈ ခုနှစ်တွင် ကလိုဇူဗစ်သည် ဘာလင်စစ်ကောလိပ်ကျောင်း၏ ညွှန် ကြားရေးမှူး ဖြစ်လာသည်။

ကားဗွန် ကလိုဇူဗစ်သည် စစ်ရေး သဘောတရား ရေးရာ ပညာရှင် ဖြစ်သည်။ စစ်ရေးစစ်ရာနှင့် ပတ်သက်၍ ယင်း၏ သဘောတရားနှင့် လေ့လာ ဆည်းပူးမှုများ အကြောင်းကို 'စစ်အကြောင်း' (၁၈၃၂) စာအုပ်တွင် ဖော်ပြထားသည်။ ထိုစာအုပ်သည် စစ်မဟာဗျူဟာပေါ် တွင် ယနေ့တိုင် သြဇာရှိနေသည်။

ကလိုဇူဗစ်၏ ရေးသားမှုများတွင် မိမိနိုင်ငံအတွက် တိုက်ခိုက်သော နိုင်ငံသားတပ်ဖွဲ့များက နယ်မြေသိမ်းပိုက် ရေးအတွက် တိုက်ခိုက်သော လခစား စစ်သားများထက် ပိုပြီး စိတ်ဓာတ်ခိုင်မာကြောင်း ဆန်းစစ်ပြထားသည်။ သူ၏မူလအကျဆုံး ရေးသားမှုများမှာ စစ်တပ်နှင့် နိုင်ငံ သားများအကြား ဆက်ဆံရေးအကြောင်း ဖြစ်သည်။ ကလိုဇူဗစ်အတွက် စစ်ဟူသည် 'သံခင်းတမန်ခင်းကို တခြားနည်းလမ်းတစ်ခုဖြင့် ဆောင်ရွက်ခြင်း'ဟုအဓိပ္ပာယ် ရသည်။ စစ်ရေးစစ်ရာဆောင်ရွက်ရာတွင် နိုင်ငံ၏အကျိုး စီးပွားကိုသာ ဦးစားပေးစဉ်းစားရမည်၊ စစ်ရေး ပန်းတိုင် မှာ အရေးမကြီးဟု ဆိုသည်။ နိုင်ငံတစ်နိုင်ငံသည် စစ် ဖြစ်ပြီဆိုပါက လုံးဝအောင်ပွဲရအောင် ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရမည်ဟု သူကဆိုသည်။ ကလိုဇူဗစ်သည် ၁၈၃၁ ခုနှစ်တွင် ကွယ်လွန်သည်။

ပင်မစာမျက်နှာသို့