Myanmar Encyclopedia

ကလောမြို့နယ် ။ ။ကလောမြို့နယ်သည် ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း၌ တည်ရှိပြီး အရှေ့ ဘက်တွင် ညောင်ရွှေ၊ တောင်ကြီးမြို့နယ်တို့နှင့် ထိစပ် လျက်ရှိသည်။ အနောက်ဘက်တွင် သာစည်၊ ပျော်ဘွယ် မြို့နယ်တို့ တည်ရှိ၍ တောင်ဘက်တွင် ပင်လောင်းမြို့နယ်၊ မြောက်ဘက်တွင် ပင်းတယ၊ ရပ်စောက်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။

ကလောမြို့ကို ရှေးယခင်က ပလောင်လူမျိုးတို့ စတင်တည်ထောင်ခဲ့ပြီး မြို့၏ဘေးပတ်လည်တွင် တောင် တန်းများ ဝန်းရံနေသောကြောင့် ဇလုံပုံသဏ္ဌာန်နှင့် တူညီ နေ၍ပလောင်ဘာသာစကားဖြင့် 'ကလောက်'(ဇလုံ) ဟု ခေါ်တွင်ခဲ့ကြသည်။ ယင်းမှ 'ကလော'ဟူ၍ ပြောင်းလဲ ခေါ်ဝေါ်လာခဲ့ကြခြင်း ဖြစ်သည်ဟု သိရှိရသည်။ ရှေး ယခင်က စော်ဘွားများ အုပ်ချုပ်ခဲ့ကြပြီး ဗြိတိသျှတို့ အုပ်စိုးခဲ့စဉ်က တောင်ကြီးခရိုင်ဝန်၏ နယ်ခြားခရိုင် လက်အောက်တွင် ပါဝင်ခဲ့ပြီး အင်္ဂလိပ်နယ်ခြား ဝန်ထောက် ရုံးစိုက်ရာမြို့လည်း ဖြစ်ခဲ့သည်။ တောင်စခန်း မြို့ ဖြစ်သည်နှင့်အညီ ထိုစဉ်ကာလများက ဥရောပတိုက် သားများနှင့် သူဌေးသူကြွယ်တို့ နွေအခါတွင် သွားရောက် အပန်းဖြေရာမြို့လည်း ဖြစ်သည်။

ကလောမြို့နယ်၏ အကျယ်အဝန်းမှာ ၁၅၂၅ စတု ရန်း ကီလိုမီတာ (၅၈၂ စတုရန်းမိုင်) ခန့်ရှိသည်။ လူမျိုး ပေါင်းစုံ နေထိုင်ကြပြီး လူဦးရေမှာ ၂၀၁၇ ခုနှစ် စာရင်း များအရ ၁၅၆၆၀ဝ ခန့်ရှိသည်။ တောင်ကုန်းတောင်တန်း များ ပေါများသည့် ဒေသဖြစ်သည်နှင့်အညီ သစ်တော များလည်း ဖုံးလွှမ်းလျက်ရှိကာ အရှေ့ဘက်တွင် တီခေါင် တောင်၊ မြင်းမထိတောင်၊ မြောက်ဘက်တွင် မနောလှ တောင်၊ မြင်းကတောင်၊ တောင်ဘက်တွင် မိုင်းလုံးတောင် တို့ ဝန်းရံလျက်ရှိသည်။

လျှိုမြောင်များလည်း ပေါများပြီး ဟဲဟိုးချိုင့်ဝှမ်း လွင်ပြင်လည်း ရှိသည်။ ကလောမြို့သည် ပင်လယ်ရေ မျက်နှာပြင်မှ အမြင့်ပေ ၄၃၁၅ တွင် တည်ရှိသည်။ ကလောမြို့၏ အနောက်ဘက်တွင် အရှေ့မှ အနောက်သို့ စီးဆင်းသော 'မကွေ'ချောင်း၊ တောင်ဘက်တွင် တောင် လား ကျေးရွာကိုဖြတ်ကာ ကလောမြို့အလယ်မှ ဖြတ် သန်း စီးဆင်းသည့် 'တောင်လား' ချောင်းတို့ တည်ရှိသည်။ မြို့ရေရရှိရေးအတွက် မြို့၏တောင်ဘက်ရှိ ရေထွက်များမှ ရေကို သိုလှောင်သည့် ရေအေးကန်ရှိပြီး မြို့၏အရှေ့ဘက် ရှိ အင်းပြင်ကျေးရွာ၊ သိမ်ကန် ရေထွက်မှလည်း ရေပေး ဝေရေးကို ဆောင်ရွက်လျက်ရှိသည်။ ဟဲဟိုးဆည်၊ သာ မိုင်းခမ်းဆည်၊ လွယ်မောကန်၊ ဥဿကန်တို့ တည်ရှိ သည်။

ကလောမြို့သည် အေးမြစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၅ ဒီဂရီဆဲလ်ရှပ်နှင့် အနိမ့်ဆုံး အပူ ချိန်မှာ သုညဒီဂရီဆဲလ်ရှပ်အထိ ရှိသည်။ ဒေသပေါက်ပင် များအနေဖြင့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊ ကညင်၊ ထင်းရှူး၊ယမနေ၊ သစ်ကတိုးတို့အပြင် ပိန္နဲ၊ သရက်၊ ဖန်ခါး၊ သစ်ချစသည့် သီးပင်များလည်း ပေါက်ရောက်သည်။ နှစ်ရှည်စီမံကိန်းအနေဖြင့် သစ်တော်၊ လိမ္မော်၊ ကျွဲကော၊ သရက်၊ လက်ဖက်၊ ကော်ဖီတို့ကိုလည်း စိုက်ပျိုးကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ကြံတို့ကိုလည်း စိုက်ပျိုးကြသည်။

သားငါးမွေးမြူရေးလုပ်ငန်းများနှင့် အိမ်တွင်း စက်မှု လက်မှုလုပ်ငန်းများလည်း ရှိသည်။ ဒေသထွက်ကုန်များ မှာ အာလူး၊ ကြက်သွန်ဖြူ၊ ချင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ မုန်လာ၊ လိမ္မော်တို့ ဖြစ်သည်။

ကလောမြို့နယ်တွင် လူမျိုးပေါင်းစုံ နေထိုင်ကြ သည့်အတွက် ကိုးကွယ်မှုတွင်လည်း ဘာသာပေါင်းစုံ ကိုးကွယ်မှု ရှိသည်။ ကားလမ်း၊ မီးရထားလမ်းများနှင့် သွားလာနိုင်ပြီး လေကြောင်းခရီးအတွက် ဟဲဟိုးလေဆိပ် ရှိသည်။ ဆက်သွယ်ရေး၊ စာတိုက်၊ ကြေးနန်းရုံး၊ ပြည်သူ့ ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ စိုက်ပျိုးရေးတက္ကသိုလ်များ ရှိသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးပြီး ထင်ရှားသော ဘုရား စေတီများအနေဖြင့် မြင်းမထိ သဘာဝလိုဏ်ဂူဘုရား၊ ရွှေဥမင်လိုဏ်ဂူ၊ နှီးဘုရားတို့ တည်ရှိပြီး အနယ်နယ် အရပ်ရပ်မှ ပြည်တွင်းခရီးသွားများနှင့် နိုင်ငံခြားခရီးသွား တို့ လာရောက်လည်ပတ်မှု များပြားသည်။

ပင်မစာမျက်နှာသို့