Myanmar Encyclopedia

ကလေးများ ။ ။ ယနေ့ ကလေးသူငယ်များသည် အနာ ဂတ် နိုင်ငံတာဝန်ကို သက်ဆိုင်ရာဘက်မှ ထမ်းရွက်ကြရ မည့်သူများ ဖြစ်ကြသည့်အလျောက် ကလေးအရွယ် လူမမည်ဘဝကပင်လျှင် ကြိုတင်၍ လေ့လာသင်ကြား မှုများ ပြုလုပ်ကြရ၏။ ယင်း သင်ကြားမှုများသည် နိုင်ငံ ဒေသအလိုက် ကွဲပြား ခြားနားသည်။

မြန်မာနိုင်ငံရှိ များစွာသော ကလေးသူငယ်တို့မှာ တောင်သူလယ်သမား သားသမီးများ ဖြစ်ကြသည့် အလျောက် ကျောင်းအားချိန် သို့မဟုတ် ကျောင်းမှ ထွက် သည့်အခါတို့၌ မြက်ရိတ်၊ နွားကျောင်း၊ ကျေးလှန့် စာခြောက်၊ ဆန်ဖွပ်၊ မောင်းထောင်း၊ ဖျာရက်၊ ဗိုင်းငင်၊ ဆေးလိပ်လိပ်၊ ရက်ကန်းရက်စသော အလုပ်များတွင် လူကြီးမိဘများကို ကူညီဝိုင်းဝန်း လုပ်ကိုင်ကြရသည်။

အိန္ဒိယနိုင်ငံတွင် ၁၀ နှစ် ၁၁ နှစ်အရွယ်ရောက်လျှင် မိန်းကလေးများကို အိမ်ထောင်ချထားသော ထုံးစံမှာ ၁၉၃၀ ပြည့်နှစ်တိုင်အောင် ရှိခဲ့၏။ ထို့နောက် ၁၈ နှစ် အောက် ယောက်ျားကလေးနှင့် ၁၄ နှစ်အောက် မိန်း ကလေးတို့ကို အိမ်ထောင်မချထားရန် ဥပဒေဖြင့် တားမြစ် ခဲ့သည်။ အိန္ဒိယနိုင်ငံ၊ သီရီလင်္ကာနိုင်ငံတို့၌ ကလေး သူငယ်တို့သည် လက်ဖက်ခူးသည့်အလုပ်တွင် သူတို့၏ မိခင်များအား ကူညီလုပ်ကိုင်ကြရ၏။ ယခင်ခေတ်ကာလ များက နဖူးကြိုးနှင့် ထိန်းထားသော လေးလံသည့် လက်ဖက်ပိုတို့ကို ကျောပေါ်တွင် မနိုင့်တနိုင် သယ်ပိုးနေ ကြရသော ကလေးများကို ထိုဒေသတို့တွင် အများအပြား တွေ့ရှိနိုင်သည်။

ဂျပန်နိုင်ငံတွင် သတ္တုတွင်းနှင့် စက်ရုံများ၌ အမျိုး သမီးလုပ်သားနှင့် ကလေးလုပ်သားများစွာတို့မှာ မြေ အောက်အလုပ်ခွင်တို့တွင် ဝင်ရောက် လုပ်ကိုင်ကြရသည်။ ဆန်စပါးကို ဖျက်ဆီး စားသောက်ကြရသည့် ပိုးကောင် များ၏ ဥကလေးများကို ရှာဖွေသောအလုပ်၊ ဗိုင်းငင်သော အလုပ်၊ ဖုတ်လုပ်ပြီးသော အိုးခွက်များကိုဆေးခြယ်ရသော အလုပ်တို့ကို ကလေးများ ကူညီလုပ်ကိုင်ပေးကြသည်။

အီရန်နိုင်ငံတွင် ကော်ဇောလုပ်ငန်း၌ ကလေးများ ကို အများအပြား ငှားရမ်းလုပ်ကိုင်စေသည်။

အီရတ်နိုင်ငံတွင် စွန်ပလွံ အရောင်းအဝယ်မှာ ကြီးကျယ်သည့် လုပ်ငန်းဖြစ်၍ ပြည်ပသို့တင်ပို့ရန် စွန်ပလွံသီးများကို ထုပ်ပိုးရာတွင် ကလေးတို့သည် တစ်နေကုန် တစ်နေခန်း လုပ်ကြရသည်။

အီဂျစ်၊ အီတလီ၊ နော်ဝေနိုင်ငံတို့၏ ကျေးလက် တောရွာများတွင် ကလေးများသည် သိုး၊ ဆိတ်၊ နွားများ ကျောင်းခြင်း၊ မြက်ခြောက်လှန်းခြင်း၊ သစ်သီးကောက် ခြင်း၊ ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်း အလုပ်တို့ကို ကူညီ လုပ်ကိုင်ကြရလေသည်။

ဆီးရီးယားနိုင်ငံတွင် ပိုးမျှင်ငင်ခြင်းအလုပ်ကို ၁၀ နှစ် အရွယ် မိန်းကလေးများသည် ညဉ့်နက်သည့်တိုင် အောင် လုပ်ကိုင်ကြရ၏။

ချက်ကိုဆလိုဗက်ကီးယားနိုင်ငံရှိ ကလေးသူငယ် များစွာတို့သည် ကစားစရာများကို တစ်နှစ်ပတ်လုံး လုပ် ကိုင်ကြရ၏။ ထိုကစားစရာများကား ကိုယ်ပိုင်ကစားရန် မဟုတ်ချေ။ နိုင်ငံခြားသို့ စီးပွားဖြစ်ရောင်းချရန် ဖြစ်လေ သည်။ လူကြီးများက ရုပ်လုံးဖော်ထားသော လူရုပ်၊ ခွေးရုပ်၊ နွားရုပ်၊ မြင်းရုပ်၊ ငှက်ရုပ် စသည့်အရုပ်မျိုးစုံတို့ကို ကလေးများက အချောကိုင်ကာ ဆေးခြယ်ပေးကြရသည်။ ဤကား ယခင်က ကမ္ဘာ့ဒေသအသီးသီးမှ ကလေးတို့၏ အခြေအနေပင် ဖြစ်သည်။

ကလေးများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး

၁၉ ရာစုနှစ် မကုန်ဆုံးမီက ကမ္ဘာအရပ်ရပ်တွင် နေ ထိုင်ကြသော ကလေးသူငယ်တို့၏အခြေအနေမှာ များစွာ နိမ့်ကျလှသည်။ အထူးသဖြင့် စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားသော အင်္ဂလန်နိုင်ငံနှင့် ဥရောပနိုင်ငံများတွင် ကလေးများ၏ဘဝမှာ ပိုမိုဆိုးရွားလှ၏။ အသက်အရွယ် နုနယ်သော ကလေးသူငယ်တို့မှာ လူကြီးများနှင့်တန်းတူ စက်ရုံကြီးများတွင် နေ့ရောညပါ နာရီပေါင်းများစွာ လုပ် ကိုင်ကြရသည်။ ထိုစဉ်က ကလေးအလုပ်သမားများအား ကာကွယ်ပေးသည့် ဥပဒေများလည်း ပြောပလောက် အောင် မရှိသေးချေ။ ယခုခေတ်ကဲ့သို့ ကလေးပြုစုရေး ဌာနများ၊ ကလေးထိန်းဌာနများ၊ မိဘမဲ့ကလေးများနှင့် ခိုကိုးရာမဲ့ကလေးများကို စောင့်ရှောက်ထိန်းသိမ်းသည့် အဖွဲ့အစည်းများ မပေါ်ပေါက်သေးပေ။

ထိုစဉ်က အနည်းငယ်မျှသာရှိသော မိဘမဲ့ကျောင်း များတွင်လည်း ကလေးသူငယ်များမှာ ကျပ်တည်းကျဉ်း မြောင်းစွာ နေထိုင်ကြရ၏။ အစားအသောက်၊ အဝတ် အထည်တို့မှာလည်း လုံလောက်စွာ မရှိချေ။ ထို့ပြင် စီမံ အုပ်ချုပ်သူများမှာ ကလေးများအုပ်ချုပ်မှုနှင့် သက်ဆိုင် သော ပညာရပ်များကို စနစ်တကျ သင်ကြားတတ်မြောက် ပြီးသော ပုဂ္ဂိုလ်များ မဟုတ်ဘဲ မိမိတို့ကိုယ်တိုင် အလုပ် ဒဏ်ပိနေသော သာမန်လခစား၊ လက်ခစားများသာ ဖြစ် သဖြင့် ကလေးများကို လူဟူ၍ ကိုယ်ချင်းစာသဘောမရှိ၊ ရက်စက်စွာ ရိုက်နှက်ဆုံးမလေ့ရှိသည်။ ထိုကဲ့သို့ ဖြစ်ပျက် နေသော ကလေးတို့၏ ဘဝအခြေအနေကို အင်္ဂလိပ် စာရေးဆရာကြီး ချားဒစ်ကင်းက အော်လီဗာတွစ်၊ ဒေးဗစ် ကော်ပါးဖီး စသော ဝတ္ထုများတွင် သရုပ်ဖော်ခဲ့သည်။

၁၉၀ဝ ပြည့်နှစ်နောက်ပိုင်း၌ ကလေးစောင့်ရှောက် ရေးလုပ်ငန်းမှာ ရှေးကထက် အနည်းငယ် ပိုမိုကောင်းမွန် လာခဲ့သည်။ ကလေးများကို ယခင်ကကဲ့သို့ အိမ်တန်း လျားရှည်ကြီးတွင် ပြွတ်သိပ်မထားတော့ဘဲ တဲအိမ် ကလေးများတွင် လင်မယားနှစ်ဦးတို့က မိဘသဖွယ် စောင့်ရှောက်ထိန်းသိမ်းကာ သက်သာချောင်ချိစွာ နေ ထိုင်ကြရသည်။ အစာစားရာ၊ ကျောင်းတက်ရာ၊ အိပ်ရာသို့ ဝင်သည့်အခါများတွင် စနစ်တကျ ကိုယ့်အတွဲနှင့်ကိုယ် စားသောက်နေထိုင်ကြရသည်။ ကလေးများ နေထိုင် စား သောက်ပုံတို့ကို သက်ဆိုင်ရာ စေတနာ့ဝန်ထမ်းအဖွဲ့ဝင် လူကြီးများက မကြာခဏ သွားရောက်ကြည့်ရှု စစ်ဆေးရ သည်။ ဤသို့အားဖြင့် ကလေးသူငယ်များမှာ ပေါင်းသင်း ဆက်ဆံရေးတွင် အဆင့်အတန်းမြင့်လာသည်သာမက ပြည်သူ့နီတိ ကျင့်စဉ်များကိုလည်း နားလည်လာကြသည်။

ယခင်က ရာဇဝတ်မှုကျူးလွန်မိသော ကလေးသူငယ် တို့ကို သက်ကြီးရာဇဝတ်သင့်သူများနှင့်အတူ ပြစ်ဒဏ် ပေးလေ့ရှိသည့်အပြင် အကျဉ်းထောင်တစ်ခုထဲမှာပင် အတူထား၍ အလုပ်ကြမ်းများကို လုပ်စေသည်။ ဤသို့ အားဖြင့် ကလေးထောင်သားများမှာ လူကြီးများထံမှ အကျင့်ဆိုးဟူသမျှကို ရရှိပြီးလျှင် နောင်ကြီးပြင်းလာသည့် အခါ ပိုမိုဆိုးသွမ်းသော လူမိုက်လူဆိုးကြီးများ ဖြစ်လာကြ လေသည်။

ယခုခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ အရွယ် မရောက်သော ကလေးသူငယ်များ တရားဥပဒေကို ဖောက်ဖျက် ကျူးလွန်မိသည့်အခါ စစ်ဆေးစီရင်ရန် ကလေးတရားရုံးများကို သီးခြားထားရှိကြသည်။ တရား သူကြီးများကို အထူး ရွေးချယ် ခန့်ထားရပေသည်။ အမေရိကန် ပြည်ထောင်စုတွင် ထိုတရားရုံးတော်များ အတွက် ခန့်ထားသော တရားသူကြီးများမှာ အများအား ဖြင့် အမျိုးသမီးတရားသူကြီးများ ဖြစ်ကြသည်။ ထိုတရား သူကြီးများသည် ကလေးအကြောင်းကို ကောင်းစွာ နားလည်၍ ကလေးသူငယ်များအုပ်ချုပ်နည်း၊ ဆုံးမနည်း များကို အထူးကျွမ်းကျင်ပြီးသော ပုဂ္ဂိုလ်များ ဖြစ်ကြ သည်။ ပြစ်မှုကျူးလွန်သော ကလေးများကို နူးညံ့သာယာ သော နည်းမျိုးတို့ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် ကောင်းမွန်လာစေနိုင်ရန် ပြုပြင်ဖန်တီးပေးကြသည်။ တချို့ကလေးများကို စာရိတ္တပြုပြင်ရေးကျောင်းများသို့ ပို့ကာ စာသင်ပေးခြင်း၊ လက်မှုပညာရပ်များကို သင်ကြား ပေးခြင်းတို့ဖြင့် ကျောင်းမှထွက်သောအခါ သက်မွေး ဝမ်းကျောင်းရန် လွယ်ကူစေသည်။

ယခုခေတ် အချိန်တွင်မူ ကမ္ဘာတစ်ဝန်းလုံး၌ပင် ကလေးသူငယ်များ ကျန်းမာရေး၊ ပညာတတ်မြောက်ရေး နှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထူးကြိုးစား ဆောင်ရွက်နေကြပြီဖြစ်သည်။

၂၀ဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၂) အပိုဒ်ငယ်(က) (ခ)နှင့် ပုဒ်မ ၃၅၁ တို့တွင် နိုင်ငံတော်သည် ကလေးသူငယ်များကို ကြည့်ရှုစောင့်ရှောက်ရေးနှင့် ဥပဒေအရ သတ်မှတ်ထား သော သက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှ ခံစား ခွင့် ရှိစေရမည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မိဘမဲ့နှင့် ခိုကိုးရာမဲ့ ကလေးများ ထိန်းသိမ်းကယ်တင်ခြင်းလုပ်ငန်းကို စေတနာ ထက်သန် သူ အမျိုးသမီးကြီး ဒေါ်တီတီလုစ်သည် ၁၉၂၇ ခုနှစ်တွင် မိဘမဲ့ကျောင်းကို စတင်ထူထောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်အနီး အင်းလျားလမ်းရှိ ဒေါ်တီတီလုစ်၏ ခိုကိုး ရာမဲ့သူငယ်များဂေဟာကို တိုးချဲ့လာခဲ့ရာ နောက်ဆုံးတွင် ပြစ်မှုကျူးလွန်သော ကလေးသူငယ်များ ပြုပြင်ပေးရာ ဌာနတစ်ခု ဖြစ်လာသည်။ ဤဌာနတွင် ခိုကိုးရာမဲ့ သူငယ်များ၊ မိဘ အုပ်ထိန်းမနိုင်သောသူငယ်များ၊ ပြစ်မှု ပြစ်ဒဏ် ခံရသောသူငယ်များနှင့် အမှုစစ်ဆေးခံနေရဆဲ သူငယ်များကို ကျွေးမွေးထိန်းသိမ်းထားပြီးလျှင် အင်္ဂလိပ် စာ၊ မြန်မာစာတို့အပြင် ရက်ကန်းရက်ပညာ၊ စာအုပ်ချုပ် ပညာ၊ ပန်းရန်ပညာ၊ လက်သမားပညာရပ်များကို သင် ကြားပေးခဲ့သည်။ ထူးခြားချက်တစ်ခုမှာ ဤကျောင်း၏ နည်းပြလုလင်ကလေးများမှာ ကျောင်းသားဟောင်းများ သာ ဖြစ်ကြသည်။ မဟာသီရိသုဓမ္မ ဒေါ်ခင်ကြည်သည် နာယကပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး အသင်း၏ဥက္ကဋ္ဌမှာ သတိုး သီရိသုဓမ္မ ဂျေ၊ အက်စ်၊ ဖာနီဗယ်ဖြစ်၍ ဒေါ်တီတီလုစ်က အတွင်းရေးမှူးအဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။

ထိုကျောင်းနှင့်အလားတူ ရန်ကုန်မြို့ လူငယ်များ ဂေဟာကို မြန်မာနိုင်ငံ နေရှင်နယ်ကောင်စီ အမျိုးသမီး အသင်းနှင့် ဝိုင်အမ်စီအေခေါ် ခရစ်ယာန်လူငယ်အသင်း တို့က ကြီးမှူးလျက် ၁၉၂၉ ခုနှစ်တွင် စတင် ထူထောင် ခဲ့သည်။ လူငယ်များဂေဟာကို ရန်ကုန်မြို့ ဘောင်ဒရီလမ်း (ယခု ဓမ္မစေတီလမ်း)တွင် ဖွင့်လှစ်ထားရှိ၍ မိဘမဲ့၊ ခိုကိုး ရာမဲ့နှင့် လေလွင့်နေသော ကလေးများကို စောင့်ရှောက် ထိန်းသိမ်းကာ စာရေးစာဖတ်နှင့် လက်မှုပညာများကို သင်ကြားပေးခဲ့သည်။

အခြားအသင်းတစ်ခုမှာ ဗစ်ဂျီလန်းဆိုစိုက်ယက်တီ ခေါ် မိဘမဲ့ကလေးများ ကာကွယ်စောင့်ရှောက်ရေး အသင်းပင် ဖြစ်သည်။ ထိုအသင်းကို အမေရိကန် သာသနာပြုအဖွဲ့များက တည်ထောင်ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီက ဤအသင်းသည် ပျက်စီးနေသော အမျိုးသမီးများ ကယ်ဆယ်စောင့်ရှောက်ရေးလုပ်ငန်း တွင် အထူးထင်ရှားခဲ့သည်။ စစ်ပြီးခေတ်တွင် ငယ်ရွယ် သော ခိုကိုးရာမဲ့၊ မိဘမဲ့ မိန်းကလေးများ ထိန်းသိမ်းစောင့်ရှောက်ပေးသည့်လုပ်ငန်းကို ၁၉၄၆ ခုနှစ်က စတင် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်အမျိုးသမီးနှင့် ကလေးသူငယ်များ သက်သာချောင်ချိရေး ဘုတ်အဖွဲ့ကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့သည်။ ထို့နောက် အမျိုးသမီးနှင့် ကလေးများ စောင့်ရှောက်ရေးကို ညွှန်ကြားရေးဝန်တစ်ဦး ထား၍ ဆောင်ရွက်စေသည်။ နောင်တွင် လူမှုရေးရာ ကြီးပွားရေး ဌာနဟု အမည်မှည့်ကာ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်က ညွှန်ကြားရေးဝန်အဖြစ်ဖြင့် ဆောင်ရွက်ခဲ့ သည်။

ထို့နောက် အမျိုးသမီးများ ထိန်းသိမ်းစောင့်ရှောက် ရေး ဌာနများ အသီးသီး ပေါ်ပေါက်လာခဲ့သည်။ ထိုစဉ်က ဝန်ကြီးချုပ်ကတော် ဒေါ်မြရီ ကြီးမှူးသော အမျိုးသမီးများ နည်းပြအုပ်ချုပ်ရေးဌာနမှာ မိဘမဲ့ မိန်းကလေးများနှင့် ခိုကိုးရာမဲ့ မိန်းကလေးများကို မပျက်စီးရလေအောင် ကာကွယ်စောင့်ရှောက်ပေးပြီးလျှင် စာရေးစာဖတ်နှင့် လက်မှုပညာရပ်များကို သင်ကြားပေးလျက်ရှိသည်။

အမျိုးသမီး ပါလီမန်အမတ်ဟောင်း ဒေါ်ခင်လှ ကြီးမှူးသော အမျိုးသမီး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ချုပ်နှင့် မြန်မာအမျိုးသမီးအဖွဲ့မှ ဒေါ်မမ ကြီးမှူး သော ခိုကိုးရာမဲ့ အမျိုးသမီးများ စောင့်ရှောက်ရေးဌာများ၊ မြန်မာနိုင်ငံ မျက်မမြင်နှင့် ဆွံ့အ နားမကြားသော ကလေးသူငယ်များအား စောင့်ရှောက်သော ကျောင်းများ ကိုလည်း ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းများကို နိုင်ငံခြား သာသနာပြု အဖွဲ့များက စတင် တည်ထောင်ခဲ့သော်လည်း ယခုအခါ နိုင်ငံတော်အစိုးရနှင့် စေတနာထက်သန်သော အသင်းအဖွဲ့ ပုဂ္ဂိုလ်အသီးသီးက ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

ယခုအခါ ကလေးသူငယ်စောင့်ရှောက်ရေး လုပ်ငန်း ကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း များကသော် လည်းကောင်း စောင့်ရှောက်ပေးနေသည့် စေတနာရှင်များစွာနှင့် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း များကလည်း ကလေးပြုစုစောင့်ရှောက်ရေး ဂေဟာများ၊ ရိပ်သာများ ဖွင့်လှစ်၍ ကလေးများ၏ဘဝဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင် မြို့ ကြီးတိုင်းတွင် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ အစည်းများ ဖွဲ့စည်းခဲ့သည်။ အာဟာရပြည့်ဝ ကျန်းမာ၍ ဉာဏ်ပညာထက်မြက်သော ကလေးများ ဖြစ်စေရန်၊ ပညာရေး၊ လူမှုရေး နယ်ပယ်အသီးသီး၌ ဘက်စုံထူးချွန် သော ကလေးများ ပေါ်ထွက်လာစေရန် လေ့ကျင့် ပျိုးထောင်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

နိုင်ငံတော်အဆင့်အနေဖြင့် ကလေးသူငယ်များ အခွင့်အရေး ကာကွယ်သည့် ဥပဒေများကို ခေတ်အဆက် ဆက် ပြည့်စုံသည်ထက် ပြည့်စုံအောင် ဖြည့်စွက် ပြင်ဆင် ပြဋ္ဌာန်း၍ အကာအကွယ် ပေးထားသကဲ့သို့ ကလေးများ လိုက်နာစောင့်ထိန်းရမည့် စည်းကမ်းကျင့်ဝတ်များကို လည်း ဥပဒေများ ပြဋ္ဌာန်းချမှတ်ကာ ကလေးများ၏ လူမှုဘဝဖွံ့ဖြိုးရေးကို ထိန်းကျောင်းမှု ပြုလျက်ရှိသည်။

ပင်မစာမျက်နှာသို့