ကလေးကြီးပြင်းလာပုံ။ ။ ဖဝါးလက်နှစ်လုံး၊ ပခုံး လက် နှစ်သစ်အရွယ်မှ တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားဖွံ့ဖြိုးကာ လူကြီးအဖြစ်သို့ ရောက်လာပုံမှာ သဘာဝ၏ အံ့ဖွယ် တစ်ရပ်ဖြစ်သည်။ ယင်းဖြစ်စဉ်ကို အခြေခံပြီး ကလေးပြုစု မြေတောင်မြှောက်ရာတွင် ဆောင်ရန် ရှောင်ရန် အချက် များ ထွက်ပေါ်လာသည်။
ကြီးထွားမှုဆိုသည်မှာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အရွယ် အစားနှင့် ထုထည်ကြီးမားလာမှုဖြစ်ပြီး ကီလိုဂရမ်၊ စင်တီ မီတာ စသည်တို့နှင့် တိုင်းတာနိုင်သည်။ ဖွံ့ဖြိုးမှုဆိုသည်မှာ ခန္ဓာကိုယ်အင်္ဂါရပ်များ၏ လုပ်ရည်ကိုင်ရည်စွမ်း ပိုမို တိုးတက် ရင့်သန်လာခြင်းကို ဆိုလိုသည်။ တိုင်းတာ၍ မရပါ။ လေ့လာခြင်းဖြင့်သာ သိနိုင်သည်။
ကလေး ကြီးထွားဖွံ့ဖြိုးမှုမှာ ကလလရည်ကြည် သန္ဓေတည်ကတည်းကစပြီး ကလေးများ အပျိုဖော်၊ လူပျိုဖော် အရွယ်ရောက်ချိန် အသက် ၁၈ နှစ်ခန့်အတွင်း ပြောင်းလဲခြင်းများကို လေ့လာရန်ဖြစ်သည်။ ကလေး သူငယ်များကို အရွယ်ပိုင်းခြားရာ၌ မွေးစမှ အသက် ၂၈ ရက်အထိ မွေးကင်းစ၊ အသက်တစ်လမှ တစ်နှစ်အထိ နိုစို့အရွယ်၊ တစ်နှစ်မှ သုံးနှစ်အထိ တောက်တောက်ပြေး အရွယ်၊ သုံးနှစ်မှ ငါးနှစ်အထိ မူကြိုအရွယ်၊ ငါးနှစ်မှ ၁၂ နှစ်အထိ ကျောင်းနေအရွယ်၊ ၁၂ နှစ်မှ ၁၈ နှစ်အထိ ကြီး ကောင်ဝင်အရွယ်ဟု သတ်မှတ်ထားကြသည်။ ကလေး ကြီးထွားဖွံ့ဖြိုးမှုသည် တစ်ဆက်တည်း စဉ်ဆက်မပြတ် ဖြစ်ထွန်းနေပြီး အစီအစဉ်တကျ တစ်ဆင့်ပြီးတစ်ဆင့် သွားသည်။ အစီအစဉ်မှာ ခေါင်းပိုင်းမှ ခြေထောက် အပိုင်းသို့ (ဥပမာ- ခေါင်းထောင်၊ ထိုင်၊ ရပ်)နှင့် အတွင်း ဗဟိုမှ အပြင်သို့ (ကိုယ်လုံး လှည့်နိုင်ပြီးမှ လက်ချောင်း ကိုင်တွယ်မှု လုပ်နိုင်) တဖြည်းဖြည်း ဖွံ့ဖြိုးသွားသည်။
ကြီးထွားဖွံ့ဖြိုးမှုသည် မျိုးရိုးဗီဇပေါ်တွင် မူတည် သော်လည်း ပတ်ဝန်းကျင် လှုံ့ဆော်မှုများဖြစ်သော ကလေးပြုစုမှုပုံစံ၊ အာဟာရနှင့် ရောဂါတို့ကြောင့် ပြောင်းလဲနိုင်သည်။ ထို့ကြောင့် ကလေးတစ်ယောက်နှင့် တစ်ယောက် အနှေးအမြန် မတူနိုင်သလို ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုစီ၏ ကြီးထွားဖွံ့ဖြိုးမှုနှုန်းသည်လည်း တစ်ပြိုင်တည်း တူညီမည် မဟုတ်ချေ။
ကိုယ်ခန္ဓာကြီးထွားလာပုံ
ပဋိသန္ဓေတည်စ ကလလရည်ကြည်ဖြစ်လာချိန်တွင် အလေးချိန်သည် တစ်ကီလိုဂရမ်၏ သန်း ၅၀ ပုံ တစ်ပုံခန့် သာရှိသည်။ တဖြည်းဖြည်း ကြီးထွားလာရာ မွေးစတွင် ၃ ကီလိုဂရမ် ရှိလာသည်။ အသက်ခြောက်လတွင် မွေးစ ကိုယ်အလေးချိန်၏နှစ်ဆ၊ အသက်တစ်နှစ်တွင် သုံးဆ၊ အသက်နှစ်နှစ်တွင် လေးဆဖြစ်လာသည်။ ကိုယ်အလေး ချိန် ၃ ကီလိုဂရမ်တက်ရန် ပထမပိုင်း ခြောက်လစီသာ ကြာသော်လည်း အသက်တစ်နှစ်နှင့် နှစ်နှစ်ကြားတွင် အချိန်တစ်နှစ် ယူရသည်။ ထို့ကြောင့် ယင်းအချိန်တွင် ကြီးထွားမှုနှုန်း နှေးသွားကြောင်း ပြသည်။ နို့စို့အရွယ်တွင် လစဉ် ကိုယ်အလေးချိန် နှစ်ပိုင်းတစ်ပိုင်းကီလိုဂရမ် တက် သော်လည်း အသက်တစ်နှစ်ကျော်လျှင် သုံးလတစ်ကြိမ်မှ သာ နှစ်ပိုင်းတစ်ပိုင်းကီလိုဂရမ် တက်သည်။ ထိုအရွယ် တွင် ကြီးထွားနှုန်းနှေးသလို မတ်တတ်ရပ် တောက် တောက်ပြေးပြီး ပတ်ဝန်းကျင်ကိုသာ ပိုမို စိတ်ဝင်စားခြင်း၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအရ ငြင်းပယ်အကျင့်စတင်ခြင်း (မစားဘူး၊ မသွားဘူး)တို့ကြောင့် အစားအသောက် နည်း သွားသည်ကို မိဘများက ကလေးအစာမစားဟု စိတ်ပူကြ သည်။ ပုံမှန်ကိုယ်အလေးချိန်ရှိလျှင် စိတ်ပူစရာ မလိုပါ။ လစဉ် ကိုယ်အလေးချိန် ချိန်ခြင်းဖြင့် ကလေး ကိုယ် အလေးချိန် မတက်လျှင် သို့မဟုတ် နှစ်လ၊ သုံးလ ကိုယ် အလေးချိန် ဆက်တိုက်တန်းနေလျှင် အစားအသောက် ပြဿနာလား၊ ရောဂါကြောင့်လားဆိုသည်ကို ဆန်းစစ်ရ ပေမည်။ လစဉ် ကိုယ်အလေးချိန် ချိန်ခြင်းသည် ငွေကုန် ကြေးကျ မများသော စောစီးစွာ ကြိုတင်သိနိုင်သည့် ရောဂါရှာဖွေခြင်းတစ်မျိုး ဖြစ်သည်။
မူကြိုအရွယ်တွင် တစ်နှစ်လျှင် ၂ ကီလိုဂရမ်နှုန်းသာ ကိုယ်အလေးချိန်တက်ပြီး ကျောင်းနေအရွယ်တွင် ၃ ကီလိုဂရမ် တက်လာသည်။ ကြီးကောင်ဝင်ချိန်တွင်မူ တစ်နှစ် ၄ ကီလိုဂရမ်နှုန်းနှင့် ယောက်ျားလေးများသည် စုစုပေါင်း ၂၀ ကီလိုဂရမ် တက်ပြီး မိန်းကလေးများသည် ၁၆ ကီလိုဂရမ် တက်သည်။
မိန်းကလေးများသည် ယောက်ျားလေးများထက် အရွယ်ရောက်ချိန် နှစ်နှစ်စောသည်။ ရာသီပန်းမပွင့်မီ ခန္ဓာကိုယ်ကြီးထွားမှု စတင်မြန်လာပြီး ပျမ်းမျှအသက် ၁၂ နှစ်ခွဲအရွယ်တွင် အပျိုဖြစ်သည်။ ထို့နောက် ဆက်လက် ကြီးထွားသေးသော်လည်း ပြန်နှေးသွားပြီး အသက် ၁၆ နှစ်ခွဲတွင် ကြီးထွားဖွံ့ဖြိုးမှု တန့်သွားသည်။
ယောက်ျားလေးများသည် အသက် ၁၄ နှစ်မှ ကြီး ကောင်ဝင်သည်။ မိန်းကလေးများကဲ့သို့ အပြင်ပန်း မသိ သာဘဲ ဝှေးစေ့အရွယ်အစားကြီးခြင်းနှင့် စတင်သည်။ ကြီးကောင်ဝင်ပြီးမှ ခန္ဓာကိုယ် စတင်ထွားကျိုင်းလာ သဖြင့် မိန်းကလေးများထက်စာလျှင် ကြီးကောင်ဝင်ခြင်း နောက်ကျသည်။
ယောက်ျားလေးများသည် စော၍ အရွယ်ရောက်လျှင် သော်လည်းကောင်း၊ မိန်းကလေးများသည် ပုံမှန်ထက် နောက်ကျပြီး အပျိုဖော်ဝင်လျှင်သော်လည်းကောင်း ပင်မ ရောဂါအခံရှိဖို့ များသည်။
အရပ်အမြင့်ပြောင်းလဲပုံ
မွေးခါစတွင် ကိုယ်အရှည် ၅၀ စင်တီမီတာရှိပြီး အသက်တစ်နှစ်တွင် ၇၅ စင်တီမီတာရှိသည်။ သို့သော် အသက်လေးနှစ်တွင်မှ ၁၀ဝ စင်တီမီတာသို့ ရောက်သည်။ ထို့ကြောင့် အသက် တစ်နှစ်ကျော်လျှင် အရပ်အရှည်နှုန်း သည်လည်း ကိုယ်အလေးချိန်ကဲ့သို့ နှေးလာသည်။ ယေဘုယျအားဖြင့် အသက် နှစ်နှစ်အရွယ်တွင်ရှိသော ကလေးအရပ်၏နှစ်ဆသည် နောင် လူကြီးဖြစ်လာလျှင် ရှိမည့် အရပ်အမြင့်အဖြစ် ခန့်မှန်းနိုင်သည်။ ထို့ကြောင့် ကလေးအသက် နှစ်နှစ်မတိုင်မီ အာဟာရကို ပြည့်ဝ အောင် ကျွေးပါမှ အရပ်ရှည်မည်။ သို့သော် အရပ်သည် မျိုးရိုးဗီဇအပေါ် ပိုမိုမူတည်သည်။
မူကြိုအရွယ်တွင် တစ်နှစ်လျှင် ၅ စင်တီမီတာ၊ ကျောင်းနေအရွယ်တွင် တစ်နှစ်လျှင် ၆ စင်တီမီတာ ပိုမြင့် လာသည်။ အသက်ခြောက်နှစ်တွင် ငယ်သွား စတင် လဲလှယ်ပြီး ကြီးသွားများ ပေါက်လာသည်။
အသက် ၁၃ နှစ်အရွယ်တွင် မွေးစအရပ်၏သုံးဆ ၁၅၀ စင်တီမီတာ ရှိလာနိုင်သည်။ အမျိုးသားများတွင် တစ်နှစ်လျှင် ၁၀ စင်တီမီတာ အရပ်ရှည်တက်ပြီး အမျိုး သမီးများတွင် တစ်နှစ် ၈ စင်တီမီတာ တက်သည်။ ယောက်ျားလေးများသည် ကြီးကောင်ဝင်ပြီး အချိန်တွင် ၃၀ စင်တီမီတာ မြင့်တက်နိုင်ပြီး မိန်းကလေးများသည် ၂၀ စင်တီမီတာ မြင့်တက်နိုင်သည်။ ထို့ကြောင့် ကြီးကောင်ဝင်ချိန်တွင် အာဟာရပြည့်ဝအောင် စားသင့် သည်။ သို့သော် ဟော်မုန်းအပြောင်းအလဲပေါ်လည်း မှီခို နေပါသေးသည်။
ဦးနှောက်ကြီးထွားပုံ
မွေးခါစတွင် ဦးခေါင်းပိုင်းသည် လူကြီးများထက် စာလျှင် ကြီး၏။ အရပ်အမြင့်၏ လေးပုံတစ်ပုံမျှ ရှိသည်။ ဦးခေါင်းလုံးပတ်တိုင်းကြည့်ပါက ၃၅ စင်တီမီတာရှိသည်။ အသက် သုံးလတွင် ၄၀ စင်တီမီတာ၊ အသက် ကိုးလတွင် ၄၅ စင်တီမီတာ၊ အသက် သုံးနှစ်အရွယ်တွင် ၅၀ စင်တီ မီတာနှင့် အသက် ၁၅ နှစ်တွင် ၅၅ စင်တီမီတာ ရှိသည်။ ထို့ကြောင့် အသက် သုံးနှစ်အရွယ်တွင် ၉၀ ရာခိုင်နှုန်း ဦးနှောက်ကြီးထွားပြီးဖြစ်သည်။ ဦးနှောက်ကြီးထွားနှုန်း သည် ငယ်စဉ်တွင် မြန်ပြီး အသက်သုံးနှစ်ကျော်လျှင် နှေး သွားကြောင်း သိသာသည်။ ဉာဏ်ရည်ဉာဏ်သွေးသည် လည်း ဦးနှောက် ကြီးထွားမှုနှင့်အတူ လိုက်ပါတိုးတက် နိုင်သည်။ ထို့ကြောင့် အသက်သုံးနှစ်မတိုင်မီ အာဟာရ ပြည့်ဝအောင်ကျွေးရန် လိုသကဲ့သို့ ဦးနှောက် ထိခိုက်မှု ရှိပါက ဖွံ့ဖြိုးမှုထိခိုက်နိုင်သည်။ အသက် နှစ်နှစ်အရွယ် သည် လူကြီးအရပ်အမြင့်အတွက် အရေးကြီးသည့်မှတ် တိုင်ဆိုပါက အသက်သုံးနှစ်အရွယ်သည် ဦးနှောက် ဖွံ့ဖြိုး မှုအတွက် အရေးကြီးသည့် မှတ်တိုင်ဖြစ်သည်။ ယေဘုယျ အားဖြင့် မွေးစမှသုံးနှစ်အထိ ရက် ၁၀ဝ၀ (အတိအကျ ဆိုလျှင် ၁၀၉၅) အတွင်း အလေးထားပြုစု စောင့်ရှောက် ခြင်းဖြင့် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ဉာဏ်ကောင်းသည့် ကလေးကြီး ဖြစ်လာနိုင်သည်။
ကလေးဖွံ့ဖြိုးတိုးတက်လာပုံ
ကိုယ်ကာယလှုပ်ရှားမှုအနေနှင့်ဆိုလျှင် မွေးခါစတွင် ခေါင်းမခိုင်ပါ။ အသက်သုံးလကြာမှသာ ခေါင်းမတ်လာ သည်။ အသက်ခြောက်လတွင် ထိုင်နိုင်ပြီး 'သွားငုတ်တုတ် လူငုတ်တုတ်'အချိန် ဖြစ်သည်။ အောက်ရှေ့ဆုံးသွား စတင်ပေါက်လေ့ ရှိသည်။ အသက်ကိုးလတွင် ဝမ်းလျား ထိုးသွားပြီး အသက် ၁၀ လတွင် လေးဘက်သွားသည်။ အသက် တစ်နှစ်တွင် စမ်းရပ်ပြီး အသက် ၁၅ လတွင် လက်လွှတ်ပြီး လျှောက်နိုင်သည်။
တစ်လအရွယ် ကလေးသည် တောက်ပသော အရောင်ရှိသည့်ပစ္စည်းများကို စူးစိုက်ကြည့်တတ်သည်။ အသက်နှစ်လတွင် မျက်စိ ၁၈၀ ဒီဂရီ ရွေ့လျားကြည့်လာနိုင်သည်။အသက်ခြောက်လအရွယ်တွင် ပစ္စည်းတစ်ခုကို ကောက်ယူ၍ လက်ဖဝါးစောင်းတိုက် (လက်ခုပ်) နှင့် ကောက်ယူသော်လည်း အသက်ကိုးလတွင် လက်မနှင့် လက်ညှိုးကြားညှပ်၍ ကောက်ယူလာနိုင်သည်။
အသက် နှစ်နှစ်တွင် ဘောပင်နှင့် ရေးတတ်ခြစ်တတ် သည်။ အသက် သုံးနှစ်တွင် စက်ဝိုင်း၊ လေးနှစ်တွင် အပေါင်းလက္ခဏာ၊ ငါးနှစ်တွင် စတုဂံ၊ ခြောက်နှစ်တွင် တြိဂံ၊ ခုနစ်နှစ်တွင် စိန်ဖူးပုံဆွဲတတ်လာသည်။ အသက် သုံးနှစ်တွင် လူပုံဆွဲတတ်လာပြီး အသက်ကြီးလာသည် နှင့်အမျှ အင်္ဂါအပြည့်အစုံ ထည့်ဆွဲလာနိုင်သည်။ အသက် လေးနှစ်ခွဲတွင် ကျောင်းထားခြင်းထက် အသက်ငါးနှစ်ခွဲ တွင် ကျောင်းထားက ကျောင်းစာပိုလိုက်နိုင်သည်။
အကြားအာရုံကို မမွေးမီကပင် စတင်ခံစားနိုင်သည်။ လန့်ခြင်း၊ ငိုခြင်း၊ လှည့်ကြည့်ခြင်းတို့နှင့် တုံ့ပြန်နိုင်သည်။ နားကြားမကြားကို အသက် ရှစ်လခန့်တွင် ပုံမှန်စမ်းသပ် စစ်ဆေးသိရှိနိုင်သော်လည်း ယခုမူ မွေးမွေးချင်းပင် အကြားအာရုံ စမ်းသပ်ကိရိယာများနှင့် စမ်းသပ်သိရှိနိုင် ပေသည်။ ကလေးများသည် အသက်နှစ်လတွင် 'ဘူး' မှုတ်တတ်သည်။ အသက် ကိုးလနှင့် ၁၂ လကြားတွင် 'ဘ' 'မ'တစ်လုံးချင်း စကားလုံးများ ပြောတတ်လာသည်။ ၁၅ လနှင့် ၁၈ လကြားတွင် ဘဘ' 'မမ' စသည့် စကားလုံးတွဲ များ ပြောလာနိုင်သည်။ အသက်နှစ်နှစ်တွင် မတူသော စကားလုံးအတွဲများ ဖြစ်သော 'သွားဘူး'၊ 'စားဘူး'ဆိုသော စကားမျိုး ပြောနိုင်သည်။ အသက်သုံးနှစ်တွင် နာမည် ပြန်ဖြေတတ်ပြီး ဝါကျရှည်တစ်ကြောင်းကိုလည်း မထစ် မငေါ့ ဖြောင့်တန်းစွာပြောနိုင်ပြီ ဖြစ်သည်။
စိတ်နေသဘောထား ရင့်သန်လာပုံ
လူမှုဆက်ဆံရေးအပိုင်းတွင် အသက် ၄၅ ရက်၌ ကလေးကို မြှူလျှင် အပြုံးနှင့် စတင်တုံ့ပြန်ပေသည်။ အသက်ကိုးလတွင် တာ့တာလုပ်နိုင်သည်။ 'တူတူရေဝါး' ကစားတတ်လာသည်။ အသက် ၁၀ လတွင် ခေါ်တိုင်း မလိုက်တော့ပါ။ လူစိမ်းကို ခွဲခြားလာနိုင်သည်။ အသက် တစ်နှစ်ကျော်လာလျှင် လွတ်လပ်ခွင့်၊ ကိုယ်ဘာသာကိုယ် လုပ်မည်ဟူသည့် စိတ်မျိုး ရှိလာသည်။ လူကြီးများ၏ ပြောဆိုမှုကို ငြင်းပယ်သည့်အကျင့် ရှိလာနိုင်သည်။ အသက်နှစ်နှစ်ကို ဆိုးဆိုးရွားရွား နှစ်နှစ်သားဟု ခေါ်လေ့ ရှိသည်။ အရာရာကို စူးစမ်းချင်စိတ်ကြောင့် မတော်တဆ မှုများ၊ ဆေးမှားသောက်ခြင်းများ တွေ့ရနိုင်သည်။ မကျေ နပ်၍ တုံ့ပြန်ပုံမှာလည်း စိတ်ကြီးပြီး မြေပြင်ပေါ် တုံးလုံး လှဲ လှိမ့်ငိုခြင်း၊ အသက်ရှူအောင့်ပြီး ပြာနှမ်းသွားခြင်း ကြောင့် မိဘကို စိတ်ပူစေနိုင်သည်။ ကလေးနှင့် အချိန်ပေး နေခြင်း၊ ပိုဂရုစိုက်ခြင်းဖြင့် ကျော်လွှားနိုင်ပါသည်။ အသက်နှစ်နှစ်တွင် ကျား-မ ခွဲခြားတတ်လာပြီး မိမိလိင် အလိုက် စတင်ပြုကျင့်လာသည်။ ထို့အတူ ဝမ်းထိန်းနိုင်ပြီး အသက် သုံးနှစ်ရောက်မှ နေ့ပိုင်း ဆီးထိန်းနိုင်သည်။ မိန်း ကလေးသည် ယောက်ျားလေးများထက် ညပိုင်း ဆီး စောထိန်းနိုင်ပြီး ယောက်ျားလေးများတွင် အသက် ခုနစ်နှစ် နောက်ပိုင်းရောက်မှ အများစု ထိန်းလာနိုင်သည်။
ကလေးအငယ်မွေးလာလျှင် ပြိုင်ဘက်ဟု သဘော ထားပြီး မနာလိုဖြစ်တတ်သည်။ အသက် သုံးနှစ်အရွယ် အထိ တစ်ကိုယ်ကောင်းစိတ်သာ အဓိကရှိသည်။ မူကြို ထားသောအခါတွင် မိမိနှင့် အရွယ်တူများနှင့် နေထိုင်ရ သောကြောင့် သူများကို စာနာရမည်ဆိုသောစိတ်ကို စတင်သတိထားလာသည်။ အုပ်စုအလိုက်ကစားရာတွင် သူ့အလှည့် ကိုယ့်အလှည့် စည်းကမ်းများကို သိရှိလာ သည်။ မူကြိုအရွယ်တွင် ကိုယ်နှင့်ဆိုင်သည်ဖြစ်စေ၊ မဆိုင် သည်ဖြစ်စေ အလွန် သိချင်စိတ်ရှိနေတတ်သည်။ လူကြီး များကိုလည်း မဖြေမချင်း နားပူနားဆာ မေးမြန်းတတ် သည်။ လူကြီးများက စိတ်ရှည် လက်ရှည် ကလေးများ နားလည်နိုင်မည့် စကားလုံးများ ရွေးချယ်၍ ရှင်းပြရမည်။ ပြီးစလွယ် မဟုတ်မမှန် မပြောမိစေရန် သတိထားရမည်။
ဝယ်ပေးသော ကစားစရာများကိုလည်း သိချင်စိတ် ကြောင့် ဖျက်ဆီးပြီး အတွင်းပိုင်းကို လေ့လာတတ်သည်။ သဏ္ဌာန်လုပ် သရုပ်ဆောင်၍လည်း စိတ်ကူးယဉ် ကစား ကြသည်။ ပုံပြင်ကြိုက်နှစ်သက်သော အရွယ်ဖြစ်သဖြင့် ကလေးအသိဉာဏ်နှင့် စာရိတ္တအတွက် အထောက်အကူ ပြုသောပုံများ ပြောပြပေးရမည်။ လူကြီးများကို အတုခိုး လွယ်သော အရွယ်ဖြစ်သည်။
ကျောင်းနေအရွယ် အသက် ခုနစ်နှစ်ခန့်တွင် သူ တစ်ပါးအမြင်ကို ပိုမိုအလေးထား စာနာလာတတ်သည်။ ကျောင်းနေအရွယ်တွင် ဦးနှောက်၏ သင်ယူတတ်မှု ဖွံ့ဖြိုးလာပြီး ပြိုင်ဆိုင်လိုစိတ်၊ အတုခိုးလိုစိတ်များ ဖြစ် ပေါ်လာသည်။ မိမိ၏ အောင်မြင်မှုများကို ပြသဂုဏ်ယူ လေ့ရှိပြီး ချီးမွမ်းပေးလျှင် ကျေနပ်ပြီး ဆတက်ထမ်းပိုး တိုး၍ ကောင်းအောင် ကြိုးစားတတ်သည်။ ခြောက်လှန့် လျှင်လည်း ကြောက်ရွံ့တတ်သည်။ စည်းကမ်းဘောင် အတွင်းမှ ချီးမွမ်းတစ်ခါ၊ ခြောက်တစ်လှည့်နှင့် ပြုပြင် ပဲ့ကိုင်ပေးရမည်။ ဤအရွယ်တွင် အကျင့်ကောင်းများ လည်း စွဲသွားအောင် သွန်သင်ပေးရန် လိုသည်။
ကြီးကောင်ဝင်လာချိန်တွင် အပေါင်းအသင်းကို ပိုမို ခင်မင်လာသည်။ လူကြီးသူမများကို ဆန့်ကျင်စိတ်များ ပေါ်လာတတ်သည်။ အချစ်ဆုံးသူငယ်ချင်း ရွေးတတ်လာ သည်။ ဆန့်ကျင်ဘက်လိင်ကိုလည်း စတင်စိတ်ဝင်စားလာ သည်။ စီးကရက်၊ မူးယစ်ဆေး၊ အရက်တို့ကိုလည်း စမ်းသပ် သုံးစွဲကြည့်တတ်သည်။ မစဉ်းစား မဆင်ခြင်ဘဲ အစုအဖွဲ့နှင့် လမ်းသရဲဆန်ဆန်ပြုမူတတ်သည်။ လမ်းမှား မရောက်စေရန် ကင်းထောက်လူငယ်အဖွဲ့၊ ကြက်ခြေနီ အသင်း၊ ပရဟိတလုပ်ငန်းများတွင် အသင်းဝင်အဖြစ် ပါဝင်လှုပ်ရှားစေသင့်သည်။ အားကစားသည် ဇွဲ၊ လုံ့လ၊ စည်းလုံးညီညွတ်မှု စသည့် အားကစားစိတ်ဓာတ်များ ထက်သန်စေရန် စွမ်းဆောင်ပေးနိုင်သည်။ ဆယ်ကျော် သက် အရွယ်များကို စိတ်ရှည်သည်းခံ လမ်းညွှန်ပြရသည်။
ပထမပိုင်းတွင် မိဘ၏မေတ္တာနှင့် လုံခြုံစေမှု၊ အားပေးမှု၊ လှုံ့ဆော်မှု၊ ဂုဏ်ယူတတ်အောင် စေ့ဆော်မှုများသည် ကလေးသူငယ် ဖွံ့ဖြိုးမှုအတွက် အရေးကြီးပေသည်။ နောက်ပိုင်းတွင် ကျောင်းဆရာ၊ ဆရာမများ၏ ပဲ့ပြင် သွန်သင်မှုသည် လူတော်လူကောင်း တစ်ယောက်ဖြစ်ရန် အထောက်အကူပြုသည်။ ကလေးကြီးထွားဖွံ့ဖြိုးမှု အဆင့်ဆင့်ကို ခြုံငုံသိပါက မည်သည့်အချိန်တွင် အာဟာရ ပိုလိုသည်ကိုလည်းကောင်း၊ ကလေး၏ အခံ ပါရမီ ထွန်းပြောင်လာအောင် မည်သို့လှုံ့ဆော်ပေးရမည်ကို လည်းကောင်း နားလည်မည် ဖြစ်သည်။ [ဒေါက်တာအောင်ကြည်ဝင်း]