Myanmar Encyclopedia

ကလူကွက်ငှက် ။ ။ ကလူကွက်ကို ရေကြက်မဟုလည်း ခေါ်သည်။ ဤငှက်ကို အရှေ့တိုင်းဒေသများတွင် တွေ့ရ၍ မြန်မာနိုင်ငံ၌ ရာသီဥတုသင့်လျော်သော ဒေသများတွင် တွေ့မြင်နိုင်သည်။ အလျား ၁၂ လက်မခန့်ရှိ၍ ဦးခေါင်းမှာ မွဲပြာရောင်ဖြစ်သည်။

ကလူကွက်သည် ရေတွင် ကျက်စားသော ငှက်ဖြစ်၍ နံနက်ခင်းနှင့် ညနေခင်းတွင် ကုန်းသို့တက်ကာ ပိုးမွှားနှင့် သစ်စေ့များကို ရှာဖွေစားသောက်နေတတ်သည်။ အနီး အနားသို့ သွားရောက်နှောင့်ယှက်လျှင် ပျံမပြေးဘဲ ချုံပုတ် တောအုပ်များ ရှိရာသို့ ပြေးလွှားပုန်းအောင်းတတ်သည်။ မိုးရာသီ သားပေါက်ချိန်တွင် အလွန်ဆူညံ၍ တစ်ခါတစ်ရံ ညလုံးပေါက် အော်နေတတ်သည်။

အသိုက်ကို ရေစပ်ရှိ ချုံပုတ်များတွင် မြက်ခြောက်၊ ဝါးရွက်ခြောက်များဖြင့် ပြုလုပ်ကြသည်။ တစ်မြုံလျှင် ဥလေးလုံးမှ ရှစ်လုံးအထိ ရှိတတ်၏။ ဥမှာ အလျား ၁ ဒသမ ၅၇ လက်မ၊ ဗြက် ၁ ဒသမ ၁၈ လက်မရှိ၍ ရှည်မျော ပြီးလျှင် ချောမွတ်သည်။

ပင်မစာမျက်နှာသို့