ကလီယိုပါးထရား ဘုရင်မ (ဘီစီ ၆၉–၃၀)။ ။ ကလီယို ပါးထရားသည် ရှေးခေတ်ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့ သော အီဂျစ်ဘုရင်မဖြစ်သည်။ ထူးခြားစွာ လှပသော အဆင်းအင်္ဂါနှင့်ပြည့်စုံသည့် ဘုရင်မဖြစ်သဖြင့် ထိုခေတ် က အထူးချွန်ဆုံး ပုဂ္ဂိုလ်နှစ်ဦးအား သူ၏ ရူပါရုံကျော့ ကွင်းသို့ သက်ဆင်းစေ၍ သူခိုင်းစေသမျှကို တစ်သဝေ မတိမ်း ပြုလုပ်ပေးကြရသော အခြေသို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ကလီယိုပါးထရားကို 'နိုင်းမြစ် ဒေသ မြွေဟောက်မ' ဟူ၍ ခေါ်ကြသည်။
ကလီယိုပါးထရားမှာ အီဂျစ်သွေးမပါ မက်ဆီဒိုးနီး ယန်းနှင့် ဂရိသွေးနှောအနွယ်ဝင် ဘုရင်မဖြစ်သည်။ အလက်ဇန္ဒားသဂရိတ်၏ နိုင်ငံတော်ကို ခွဲဝေအုပ်ချုပ်ကြ သော စစ်ဗိုလ်ချုပ်ကြီးများအနက် အီဂျစ်နိုင်ငံကို ဝေစု ယူ၍ စိုးစံခဲ့သော တော်လမီဘုရင်များတွင် ကလီယိုပါး ထရား၏ ခမည်းတော်မှာ ၁၁ ဆက်မြောက် တော်လမီ ဘုရင် ဖြစ်သည်။ ကလီယိုပါးထရားကို ဘီစီ ၆၉ ခန့်တွင် မွေးဖွားသည်။ ဘီစီ ၅၁ တွင် ခမည်းတော်ဘုရင်ကြီး ကံကုန်သောအခါ ၁၇ နှစ်အရွယ်ရှိ သမီးတော် ကလီယို ပါးထရားနှင့် ၁၀ နှစ်အရွယ်ရှိ သားတော် ၁၂ ဆက်မြောက် တော်လမီမင်းသားတို့သည် အီဂျစ်နိုင်ငံကို တွဲဖက်အုပ်စိုး ခဲ့ကြသည်။
သို့ရာတွင် ဘုရင်ကြီးနတ်ရွာစံ၍ သုံးနှစ်ကြာသော အခါ မောင်တော်ဘုရင်ငယ်နှင့် အပေါင်းပါတို့သည် ကလီယိုပါးထရားအား နန်းချ၍ တိုက်ထုတ်လိုက်ကြ သည်။ ထိုအချိန်တွင် ရောမဗိုလ်ချုပ်ကြီး ဂျူးလီယက် ဆီဇာသည် ပွန်ပီအား လိုက်လံ တိုက်ခိုက်ရင်း အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားမြို့သို့ ရောက်ရှိလာခိုက် ဖြစ်သည်။ ထိုအခွင့်ကောင်းကို ကလီယိုပါးထရားသည် လက်မလွတ် စေဘဲ မိမိ၏ကိုယ်ကို ကော်ဇောတွင် ထည့်၍ လိပ်စေ ပြီးနောက် ဆီဇာ၏ရှေ့မှောက်သို့ ရောက်အောင် ဝင်လေ သည်။ ထိုစဉ်က အသက် ၂၀ ခန့်သာရှိသေး၍ အလှသွေး ကြွယ်နေသော ကလီယိုပါးထရားသည် ထီးနန်းပြန်ရရေး တွင် ကူညီဖေးမပေးရန် ဆီဇာအား ဖြားယောင်း တောင်း ပန်လေသည်။ ၅၂ နှစ်အရွယ် စစ်ဗိုလ်ဆီဇာကြီးသည် အလှဘုရင်မ၏ညွှတ်ကွင်းသို့ သက်ဆင်းကာ ကလီယို ပါးထရား လိုသမျှကို ဆောင်ရွက်ပေးသည်။
ဆီဇာသည် ကလီယိုပါးထရားအား အီဂျစ်နိုင်ငံ၏ တစ်ဦးတည်းသော ဘုရင်မအဖြစ် ပြန်လည်ရရှိအောင် ရန်သူများကို တိုက်ခိုက်သုတ်သင်ပေးခဲ့သည်။ ကလီယိုပါး ထရားသည် ဆီဇာနှင့် ပေါင်းသင်းရာတွင် ဆီဇာရွန်း (ဆီဇာကလေး) အမည်ရှိသော သားတစ်ယောက်ရ၏။ ဘီစီ ၄၆ ခုနှစ်တွင် ရောမနိုင်ငံသို့ ဆီဇာပြန်သွားသောအခါ ကလီယိုပါးထရားလည်း လိုက်ပါသွားသည်။ ဘီစီ ၄၄ တွင် ဆီဇာ လုပ်ကြံခြင်းခံရသောအခါ ကလီယိုပါးထရား သည် အီဂျစ်နိုင်ငံသို့ ပြန်လာခဲ့သည်။
ကလီယိုပါးထရား၏ ရူပါရုံကျော့ကွင်းသို့ ဒုတိယ သက်ဆင်းသော ရောမအာဇာနည်ကြီးကား မတ်အန်တိုနီ ဖြစ်သည်။ ဆီဇာ ကွယ်လွန်ပြီးနောက် မတ်အန်တိုနီနှင့် နောင်တွင် အော်ဂပ်စတပ်ဘုရင်ဖြစ်လာမည့် ဆီဇာ၏ တူတော် အော့တေးဗီးယန်းတို့သည် ရောမနိုင်ငံတော်ကြီး ကို တွဲဖက်အုပ်စိုးခဲ့ကြသည်။ မတ်အန်တိုနီသည် ရန်သူ များကို နှိမ်နင်းတိုက်ခိုက်ရင်း အရှေ့ဘက်နိုင်ငံများသို့ ရောက်လာသည်။ တားဆပ်မြို့သို့ ရောက်သောအခါ ကလီယိုပါးထရားအား ရန်သူအားပေးသူအဖြစ် စွပ်စွဲ၍ ထိုအကြောင်းကို ရှင်းလင်းချေပရန် ကလီယိုပါးထရား အား ဆင့်ခေါ် လေသည်။
ရောမနိုင်ငံတော်ကြီးကို ဆီဇာ၏ မိဖုရားအဖြစ်ဖြင့် မစိုးစံခဲ့ရသော်လည်း အာဇာနည် မတ်အန်တိုနီ၏ အကူ အညီဖြင့် မြေထဲပင်လယ် အရှေ့ဘက်တစ်လွှားတွင် ဂရိ နိုင်ငံသစ်ကို တည်ဆောက်၍ အုပ်စိုးရန် စိတ်ကူးကြံစည် ထားသော ကလီယိုပါးထရားသည် ဗီးနပ်နတ်သမီးကဲ့သို့ လှပစွာ ဝတ်ဆင်ပြီးလျှင် မတ်အန်တိုနီထံသို့ ဝင်ရောက် လေသည်။ ကလီယိုပါးထရား၏ အလှဒဏ်ကို မခံနိုင် ရှာသော မတ်အန်တိုနီသည် စစ်ကြောရန်ကိုပင် မေ့ ပျောက်လျက် ကလီယိုပါးထရား၏နောက်သို့ အလက် ဇန္ဒြီးယားမြို့အရောက် လိုက်ပါသွားခဲ့သည်။
အလက်ဇန္ဒြီးယားမြို့တွင် အန်တိုနီသည် ကလီယို ပါးထရားနှင့်အတူ တစ်နှစ်ခန့် ပျော်ရွှင်စွာ နေထိုင်ပြီး နောက် ရောမမြို့သို့ ပြန်သွားလေသည်။ ရောမသို့ ရောက် သောအခါ အန်တိုနီသည် တွဲဖက်အုပ်ချုပ်သူ အော့တေးဗီး ယန်းနှင့် ပိုမိုစည်းလုံးမိစေရန် အော့တေးဗီးယန်း၏နှမနှင့် လက်ဆက်လိုက်သည်။ ထိုအတွင်း ကလီယိုပါးထရား သည် မတ်အန်တိုနီ၏ အမြွှာသားသမီးကို မွေးဖွားခဲ့သည်။ အန်တိုနီသည် ရောမနိုင်ငံတော်၏အရေးကို အမေ့ကြီးမေ့ လျက် အီဂျစ်နိုင်ငံသို့ ပြန်လာကာ ကလီယိုပါးထရား၏ အလိုသို့လိုက်၍ ဂရိနိုင်ငံတော် တည်ဆောက်ရေး အစီ အစဉ်များတွင် နားဝင်သယောင် ဖြစ်နေသည်။
အော့တေးဗီးယန်းသည် နှမတော်အား အန်တိုနီ က စွန့်ပစ်သွားသည်ကို လက်စားချေလိုသည်က တစ် ကြောင်း၊ ဆီဇာရွန်းခေါ် ဆီဇာကလေး၏ရန်ကို ကြိုတင် ကာကွယ်လိုသည်က တစ်ကြောင်းတို့ကြောင့် ဆီးနိတ် လွှတ်တော်အား မတ်အန်တိုနီအပေါ်တွင် စစ်ကြေညာရန် တိုက်တွန်းသည်။ ဘီစီ ၃၁ ခုနှစ်တွင် အက်ရှမ်ရေကြောင်း တိုက်ပွဲ၌ အန်တိုနီနှင့် ကလီယိုပါးထရားတို့၏ တပ်များ သည် အော့တေးဗီးယန်း၏တပ်များကို မယှဉ်နိုင်ဘဲ အရေးနိမ့်ကြသည်။
ကလီယိုပါးထရားသည် သူသင်္ဘောတပ်ကို ရုပ်သိမ်း ၍ အလက်ဇန္ဒြီးယားမြို့သို့ ပြန်ပြေးသည်။ နောက်ပါ အခြွေအရံ ကင်းပြီဖြစ်သော အန်တိုနီလည်း ကလီယို ပါးထရားနောက်သို့ လိုက်ခဲ့သည်။ အလက်ဇန္ဒြီးယားမြို့သို့ ရောက်သောအခါ ကလီယိုပါးထရား သေဆုံးပြီဟူသော သတင်းကို ကြားသိရသဖြင့် အန်တိုနီသည် မိမိကိုယ်ကို ဓားနှင့်ထိုးသတ်သည်။ သို့သော် လှည့်စားထားသော သတင်းဖြစ်ကြောင်း မသေခင်သိရသဖြင့် ကလီယို ပါးထရားထံသို့ ပို့ဆောင်စေရာ ကလီယိုပါးထရား၏ လက်ပေါ်တွင် အသက်ပျောက်သွားသည်။
ကလီယိုပါးထရားသည် အော့တေးဗီးယန်းအား မိမိ ၏ ရူပါရုံဖြင့် ချော့မြှူရန် ကြိုးစားသေးသည်။ မအောင်မြင် သောကြောင့် ကလီယိုပါးထရားသည် အသင့်ဆောင်ထား သော မြွေပွေးငယ်အား မိမိ၏ ရင်ကို ကိုက်စေပြီးလျှင် မိမိ၏အသက်ကို အဆုံးစီရင်လိုက်၏။ ဘီစီ ၃၀ သြဂုတ်လ ၁၂ ရက်တွင် ကလီယိုပါးထရား ကွယ်လွန်ခဲ့သည်။ ကလီယိုပါးထရား သေဆုံးပြီး၍ မကြာမီ အော့တေး ဗီးယန်းသည် ဆီဇာရွန်းခေါ် ဆီဇာကလေးကို ကွပ်မျက် လိုက်သည်။