Myanmar Encyclopedia

ကလိဗလင်းမြို့ ။ ။ ကလိဗလင်းမြို့သည် အိုဟိုင်းယိုး ပြည်နယ်ရှိ အကြီးဆုံးမြို့ကြီးဖြစ်ပြီး အမေရိကန်ပြည် ထောင်စု၏ စက်မှုထွန်းကားသော မြို့ကြီးလည်း ဖြစ် သည်။ ကလိဗလင်းမြို့သည် ကူယာဟိုဂါမြစ်ဝရှိ အီရီ ရေကန်ကြီး၏ တောင်ဘက်ကမ်းနဖူးပေါ်မှာ တည်ရှိပြီး သံမဏိ အဓိက ထုတ်လုပ်သည့် မြို့ကြီးဖြစ်သည်။ ထို့ပြင် အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းဒေသ၏ သယ်ယူ ပို့ဆောင်ရေး၊ ဆေးပညာနှင့် ယဉ်ကျေးမှု အချက်အချာ နေရာဖြစ်ပြီး ရေကန်ကြီးများ၏ အဓိက ဆိပ်ကမ်းမြို့ လည်းဖြစ်သည်။

ကူယာဟိုဂါမြစ်ဝှမ်းက ကလိဗလင်းမြို့ကို အရှေ့ ခြမ်းနှင့် အနောက်ခြမ်း နှစ်ပိုင်းခွဲထားသည်။ ကလိဗလင်း မြို့လယ်နေရာကို ၁၉၀ဝ ပြည့်လွန် အစောပိုင်းနှစ်များက ဗိသုကာပညာရှင်နှင့် မြို့ပြစီမံကိန်းရေးဆွဲသူ ဒင်နီယယ် ဘန်းဟမ်း ဦးဆောင်သော ကော်မရှင်က ပုံစံရေးဆွဲ တည်ဆောက်ခဲ့သည်။ ပြည်သူ့ရင်ပြင်ဘေးပတ်လည်တွင် မြို့၏အထိမ်းအမှတ် ၇၀၈ ပေမြင့်သော တာမင်နယ် မျှော်စင် အဆောက်အအုံကြီး ရှိသည်။

ကလိဗလင်းမြို့တွင် လူမျိုးစုံနေထိုင်ကြပြီး လူမျိုး ၁၂ မျိုးခန့်ရှိသည်။ လူဦးရေတစ်ဝက်နီးပါးမှာ အာဖရိကန်-အမေရိကန်နွယ်ဖွားများ ဖြစ်သည်။ ကျန်အများစုမှာ ဥရောပအနွယ်ဝင်များဖြစ်သည်။ ကလိဗလင်းမြို့တွင် အဆင့်မြင့် လေ့လာသင်ယူမှုများအတွက် တက္ကသိုလ်များ လည်းရှိပြီး ယင်းတို့တွင် ကလိဗလင်း အနုပညာ တက္ကသိုလ်၊ ကလိဗလင်း ဂီတပညာတက္ကသိုလ်၊ ကလိ ဗလင်း ပြည်နယ်တက္ကသိုလ်၊ နော်တာဒိမ်း ကောလိပ်တို့ လည်း ပါဝင်သည်။

၁၉၈၂ ခုနှစ်တွင် ကလိဗလင်း မြို့မိမြို့ဖများက မဟာကလိဗလင်း စားပွဲဝိုင်းဆွေးနွေးရေးအဖွဲ့ ခေါ် ယဉ်ကျေးမှုစုံ၊ လူမျိုးစုံအဖွဲ့ကို ထူထောင်ကာ မြို့တော် ရင်ဆိုင်နေရသည့် လူမှုဆက်ဆံရေး ပြဿနာများကို ကူညီဖြေရှင်းပေးရန် ကြိုးစားခဲ့သည်။ ၂၀ဝ၄ ခုနှစ်တွင် စားပွဲဝိုင်းအဖွဲ့သည် အခြား စီးပွားရေးဖွံ့ဖြိုးမှု အဖွဲ့ အစည်း များနှင့်ပါ ပေါင်းစည်းလိုက်ပြီး မဟာကလိဗလင်း မိတ်ဖက်အဖွဲ့ကို တည်ထောင်လိုက်သည်။

သံမဏိနှင့် မော်တော်ယာဉ် ပစ္စည်းများသည် မြို့တော်၏ အရေးအကြီးဆုံး ထုတ်ကုန်များဖြစ်သည်။

ကလိဗလင်းဆေးခန်းများသည် အမေရိကန်ပြည် ထောင်စုတွင် ထိပ်တန်းမှာရှိနေပြီး အထူးသဖြင့် ယင်းတို့ ၏ နှလုံးနှင့် ကျောက်ကပ်ရောဂါများအတွက် ခေတ်မီ ကုထုံးများကြောင့် နာမည်ကြီးသည်။

၁၉၅၉ ခုနှစ်တွင် စိန့်လောရင့် ပင်လယ်ရေကြောင်း လုပ်ငန်း ဖွင့်လှစ်လိုက်သောအခါ ကလိဗလင်းမြို့သည် နိုင်ငံတကာဆိပ်ကမ်းမြို့ကြီး ဖြစ်လာသည်။

ကလိဗလင်းမြို့တွင် အစိုးရအဖွဲ့အဖြစ် မြို့တော်ဝန် ကောင်စီရှိသည်။ လေးနှစ်သက်တမ်းအတွက် မြို့တော် ဝန်နှင့် မြို့တော်ကောင်စီ အဖွဲ့ဝင်များကို မဲဆန္ဒရှင်များက ရွေးကောက် တင်မြှောက်သည်။

၁၈၅၀ ပြည့်လွန်နှစ်များ ရောက်လာသောအခါ ကလိဗလင်းမြို့သည် ကူးသန်းရောင်းဝယ်ရေး အချက် အချာနေရာမှ စက်မှုအချက်အချာနေရာအဖြစ်သို့ ပြောင်း လဲလာသည်။ ၁၈၇၀ ပြည့်နှစ်တွင် ဂျွန် ဒီ ရော့ဖဲလားက ကလိဗလင်းမြို့တွင် စတင်းဒတ် ရေနံကုမ္ပဏီကြီးကို တည်ထောင်ခဲ့သည်။

တွမ်ဂျွန်ဆင်၏ မြို့တော်ဝန်သက်တမ်း (၁၉၀၁-၁၉၀၉) တွင် ကလိဗလင်းမြို့သည် အမေရိကန်ပြည် ထောင်စုရှိ အကောင်းဆုံးမြို့အုပ်ချုပ်ရေး အစိုးရအဖွဲ့ရှိရာ မြို့များထဲတွင် အပါအဝင်ဖြစ်ခဲ့သည်။

၁၉၁၇ ခုနှစ်တွင် ပထမကမ္ဘာစစ်ထဲသို့ အမေရိကန် ပြည်ထောင်စု ပါဝင်သောအခါ မြို့တော်သည် မဟာမိတ် များအတွက် လေယာဉ်ပျံများ၊ သင်္ဘောများနှင့် သံချပ်ကာ ယာဉ်များ ထုတ်လုပ်ပေးခဲ့သည်။

၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် စက်မှု လုပ်ငန်းများ ကျဆင်းလာကာ လူများ ထောင်သောင်းချီ၍ အလုပ်လက်မဲ့ ဖြစ်ကုန်သည်။ ၂၀ဝ၀ ပြည့်လွန်နှစ်များ ရောက်သောအခါ ကလိဗလင်းမြို့တွင် မိုးမျှော်တိုက်သစ် ကြီးများ အထိုက်အလျောက် ပေါ်လာကာ 'အမေရိကန် မြို့ပြသစ်' ဟူ၍ တံဆိပ်အသစ် ရခဲ့သည်။

ပင်မစာမျက်နှာသို့