ကလိဗလင်း၊ စတီဗင် ဂရိုဗာ (၁၈၃၇–၁၉၀၈)။စတီဗင် ဂရိုဗာကလိဗလင်းကို ၁၈၃၇ ခုနှစ်၊ မတ်လ ၁၈ ရက်၌ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်၊ ကက်ဒဝဲမြို့တွင် မွေးဖွားသည်။ ဂရိုဗာ ကလိဗလင်းသည် သမ္မတတာဝန် သက်တမ်းနှစ်ခုကို တစ်ဆက်တည်းမဟုတ်ဘဲ သီးခြား ထမ်းဆောင်ခဲ့သည့် တစ်ဦးတည်းသော အမေရိကန် သမ္မတဖြစ်သည်။ ၁၈၈၄ ခုနှစ်တွင် သမ္မတအဖြစ် ရွေး ကောက်တင်မြှောက်ခံရပြီး နောက် လေးနှစ်အကြာတွင် ဘင်ဂျမင် ဟယ်ရစ်ဆန်ကို ရှုံးနိမ့်ခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် ဟယ်ရစ်ဆန်နှင့် ဒုတိယအကြိမ် ယှဉ်ပြိုင်ရာ အနိုင်ရရှိပြီး ဒုတိယသက်တမ်း သမ္မတတာဝန်ကို ယူခဲ့သည်။
ကလိဗလင်းသည် အမေရိကန် ပြည်တွင်းစစ်ကြီး (၁၈၆၁-၁၈၆၅) နောက်ပိုင်း ပထမဦးဆုံး ရွေးချယ် တင် မြှောက်ခံရသည့် ဒီမိုကရက်တစ်ပါတီ သမ္မတဖြစ်သည်။
သူသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို တိုးချဲ့ ချင်သည့် ပြုပြင်ပြောင်းလဲရေးသမားများနှင့် အလုပ် အကိုင်ကို မွတ်သိပ်နေသော ပါတီနိုင်ငံရေးသမားများကြား အစွန်းနှစ်ဖက်ကို ရှောင်ပြီး အလယ်အလတ်လမ်းစဉ်ဖြင့် သွားနိုင်အောင် ကြိုးစားခဲ့သည်။
၁၈၈၈ ခုနှစ် ရွေးကောက်ပွဲတွင် သွင်းကုန်ခွန် လျှော့ချခြင်းကိစ္စဖြင့် ရီပတ်ဘလီကင်မှ ဘင်ဂျမင် ဟယ်ရစ်ဆန်ကို ရှုံးနိမ့်ခဲ့ရသည်။ သို့သော် ၁၈၉၂ ခုနှစ် ရွေးကောက်ပွဲတွင် ဟယ်ရစ်ဆန်ကို အနိုင်ရပြီး သမ္မတ တစ်ကျော့ပြန် ဖြစ်လာသည်။ သမ္မတ ဒုတိယသက်တမ်း အစတွင် ကလိဗလင်းကို လူကြိုက်ပိုများလာသည်။ သို့ သော် တာဝန်ယူပြီး နှစ်လအကြာမှာပင် နိုင်ငံတစ်ဝန်း ငွေရေးကြေးရေးပြဿနာ အကြီးအကျယ် တက်ခဲ့သည်။ သမ္မတ ဒုတိယသက်တမ်း ကုန်ခါနီးတွင်မူ သူ့အပေါ် လူကြိုက်များမှုမှာ အနိမ့်ဆုံးသို့ ရောက်ရှိနေခဲ့သည်။
မဂ္ဂဇင်းအတော်များများတွင် ဆောင်းပါးများ ရေးသားခဲ့ပြီး ၁၉၀၄ ခုနှစ်တွင် 'သမ္မတတာဝန် ထမ်း ဆောင်စဉ်က ပြဿနာများ' စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့ သည်။ ကလိဗလင်းသည် ၁၉၀၈ ခုနှစ်၊ ဇွန်လ ၂၄ ရက်၌ ကွယ်လွန်သည်။