ကလသာအိုး ။ ။ ပုဂံဒေသရှိ ရှေးဟောင်းဘုရားများ၏ ပစ္စယံထောင့်များ၌ဖြစ်စေ၊ ဟိန္ဒူဘုရားရှိခိုးကျောင်းတို့၏ မုခ်ဝထိပ်၌ဖြစ်စေ၊ ခေါင်တန်းပေါ်၌ဖြစ်စေ ညောင်ရေအိုး ကဲ့သို့သော ကလသာအိုးကို တွေ့မြင်နိုင်ပေသည်။ ကလသာအိုးကို အမြိုက်ရည်ထည့်အိုးအဖြစ် ဟိန္ဒူ ကျမ်းဂန်များတွင် ဖော်ပြထားသည်။ ထိုအိုး၏ ပုံသဏ္ဌာန် မှာ ယခုခေတ် ဟိန္ဒူအမျိုးသမီးများ အသုံးပြုလျက်ရှိသော ရေခပ်ကြေးအိုးကဲ့သို့ ဖြစ်သည်။ မြန်မာစာပေ၌ ကလသာ အိုးအကြောင်း မတွေ့ရသော်လည်း ပုဂံခေတ်ကျောက်စာ များ၌ ကလသာအိုးဟူသော ဝေါဟာရကို အနည်းအပါး တွေ့ရသည်။ သက္ကရာဇ် ၅၈၅ ခုနှစ်တွင် ရေးထိုးသော ပုဂံမြို့၊ လေးထောင့်ကန်အရပ် လေးမျက်နှာဘုရား ကျောက်စာတွင် 'တန်တိုင်းတွင်းနှိုက်ကား ကလသာအိုး အယောင်နှင့်တူသော တင့်တယ်စွာသော စင်္ကြံထက် ကူလည်းတည်၏' ဟုပါရှိသည်။ ထိုတွင် စင်္ကြံဆိုသည်မှာ အမိုးအကာရှိသော လူသွားလမ်းခုံမြင့်ဖြစ်၍ စင်္ကြံပေါ်တွင် ကလသာအိုးပုံသဏ္ဌာန်နှင့်တူသော ဂူတည်ထားကြောင်း သိရသည်။