ကလမန်းစိုး၊ ဂျော့ ယူဂျင်း(၁၈၄၁-၁၉၂၉)။ ကလမန်းစိုး သည် ပြင်သစ် နိုင်ငံရေးခေါင်းဆောင်ဖြစ်ပြီး ပြင်သစ်နိုင်ငံ အတွက် အခက်ခဲဆုံး ကာလဖြစ်သည့် ပထမကမ္ဘာစစ် (၁၉၁၄-၁၉၁၈)တွင် နိုင်ငံကို အောင်ပွဲခံနိုင်အောင် ဦးဆောင်မှုပေးခဲ့သည်။ ကလမန်းစိုးကို ပြင်သစ်နိုင်ငံ၊ မူရွန်အန်ပရက်မြို့တွင် ၁၈၄၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၌ မွေးဖွားသည်။
ပါရီမြို့တော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော မွန် မာထရာ၏ မြို့တော်ဝန်အဖြစ် ဆောင်ရွက်သည်။ ၁၈၇၀ ပြည့်နှစ်တွင် ပါရီကို ဂျာမန်တို့ရန်မှ ကာကွယ်ရာ၌ ကူညီ ပေးခဲ့သည်။ ၁၉၀၆ မှ ၁၉၀၉ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၁၇ ခုနှစ်၊ အသက် ၇၆ နှစ်တွင် ကလမန်းစိုးသည် ဒုတိယအကြိမ် ပြင်သစ်နိုင်ငံဝန်ကြီးချုပ် ဖြစ်လာ သည်။ သူက ''ငါစစ်တိုက်မယ်''ဟူသောဆောင်ပုဒ် ဖြင့် ခိုင်မာသောဦးဆောင်မှုကို ပေးခဲ့သည်။ သူသည် 'ပြင် သစ်ပြည်က ကျား' ဟူ၍ နာမည်ကြီးလာပြီး ပါရီငြိမ်းချမ်း ရေး ညီလာခံကို ကမကထပြု ကျင်းပပေးခဲ့သည်။ ထို ညီလာခံတွင် ကလမန်းစိုးက ဂျာမနီအပေါ် ချုပ်ချယ်သော စည်းမျဉ်းများကို အတင်းအကျပ် ချမှတ်ခဲ့သည်။ ထို့ပြင် ပြင်သစ်ကို ကာကွယ်ရန်အတွက် ရိုင်းမြစ်အနောက်ဘက်ရှိ ဂျာမနီပိုင် နယ်ပယ်ကို လွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် ထူထောင်ပေးသည်။ ၁၉၂၀ ပြည့်နှစ်တွင် ပြင်သစ်သမ္မတ အဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ထို့နောက် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့ပြီး ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်တွင် ကွယ်လွန်သည်။