ကလတက် ။ ။ ကလတက် ဝေါဟာရကို အဘိဓာန်တွင် အခေါင်းထွင်းထားသော သစ်တုံးစည်တစ်မျိုး၊ တုံးမောင်း၊ အုန်းမောင်းဟု ဖွင့်ဆိုထားသည်။ အဘိဓာန်ဋီကာက ကလတက်သည် မွန်စကားဖြစ်ကြောင်း၊ ကလားဟု အသံ ထွက်သည့် မွန် ဝေါဟာရ 'ကလး' ၏အနက်ကို 'ခြောက်၊ လှန့်၊ မောင်းနှင်၊ ရှင်းလင်း' ဖြစ်ကြောင်း ပြဆိုပြီး 'တက်' ၏အနက်ကို 'တီး၊ ခေါက်၊ ရိုက်၊ နှက်' ဟု ဖွင့်ဆိုထား သည်။ ထို့ကြောင့် 'ကလတက်'၏ အဓိပ္ပာယ်မှာ 'ခြောက်၊ လှန့်၊ မောင်းနှင်ရှင်းလင်းရန် တီးခေါက်ရိုက်နှက် စရာ' ပစ္စည်းဖြစ်ကြောင်း သိရသည်။ 'ကျေးငှက် တိရစ္ဆာန် များကို လယ်ယာဥယျာဉ်အတွင်းရှိ အသီးအပင်များ ဖျက်ဆီးခြင်းမှ ခြောက်လှန့် မောင်းနှင် ရှင်းလင်းရန် တီးခေါက်ရိုက်နှက်စရာ အခေါင်းပါသော တုံးတို ဝါးတို' ဟူသော ထပ်ဆင့် ဖွင့်ဆိုထားသည်ကိုလည်း တွေ့ရပါ သည်။ ကလတက်ကို 'က္လတက်' ဟုလည်း ရေးသားတတ် ကြပါသည်။ ထိုရေးထုံးကို အခြေခံ၍ 'ကကြီး လပေါ်တက် ကလတက်' ဟူသော အပျော်အပျက် ဆိုရိုးစကား ပေါ်ထွက်လာခြင်းဖြစ်သည်။
အထက်ပါ ဖွင့်ဆိုထားချက်များအရ ကလတက်ကို တုံးမောင်း၊ အုန်းမောင်းဟူ၍လည်း ခေါ်ဆိုခဲ့သည်မှာ ထင် ရှားသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် ကလတက်ဟု ခေါ်ဆိုပြီး မြန်မာနိုင်ငံအထက်ပိုင်းတွင် တုံးမောင်း၊ အုန်း မောင်းဟု ခေါ်ဆိုသည်။ ဝါးပိုး နှစ်ဖက်ပိတ်တွင် အလျား လိုက်၊ အတန်းလိုက်၊ အပေါက် ဖောက်ထားသည်ကို တုတ်တို ဖြင့် တွဲဖက်လိုက်ခြင်းဖြင့် ကလတက် ခေါ် အုန်းမောင်း ပစ္စည်းကို ရရှိနိုင်ပြီဖြစ်သည်။ သစ်သားတုံးတွင်မူ အပေါက် နှုတ်ခမ်းသားကို တည့်တည့် ထွင်းဖောက်ပြီးနောက် အတွင်း ပိုင်းတွင် ပစောက် အက္ခရာ သဏ္ဌာန်အဖြစ် ထွင်းပေးထားပါ သည်။ တုတ်တိုဖြင့် အပေါက် နှုတ်ခမ်း၏ ဘေးဖက်ကို ရိုက် ခတ်မှု ပြုရပါသည်။ ဤကို အကြောင်းပြု၍ 'တုံး၊ တုံး မောင်း၊ အုန်းမောင်း' ဟူသော အမည်များဖြင့် ခေါ်ဆိုခဲ့ခြင်းဖြစ် ပါသည်။
မောင်း၏အဓိပ္ပာယ်ကို အဘိဓာန်ဋီကာတွင် 'အော် သည်၊ မြည်သည်၊ အော်သံ-မြည်သံ၊ အော်မြည်၍ နှင် သည်၊ ခြောက်လှန့်သည်' ဟုထွက်ဆိုကြောင်း ပြသထား သည်။ တီးသည့် မောင်းကိုလည်း မြည်သည်ကို အကြောင်းပြု၍ ခေါ်ဆိုသည်ဟု ယူဆရန် ညွှန်ပြထား သည်။ အုန်းဝေါဟာရ၏အနက်ကို 'မြည်သံ၊ ဟိန်းသံ၊ အော်မြည်၍နှင်သည်၊ ခြောက်လှန့်သည်'ဟု ဖွင့်ဆိုထား သည်။ အုန်းနှင့် မောင်းကို တွဲဖက်လိုက်ခြင်းဖြင့် မြည် ဟိန်းသည့်အရာ၊ မြည်ဟိန်းသည့် တီးစရာဟူသော အနက်အဓိပ္ပာယ် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ ကြေး၊ ကျောက်တို့ဖြင့် ပြုလုပ်သည့်ပစ္စည်းကို ကြေးစည်၊ ကျောက်စည်ခေါ်သကဲ့သို့ သစ်တုံးဖြင့် ပြုလုပ်သည့် ပစ္စည်းကို သစ်စည်ဟု ခေါ်ဆိုခဲ့သည်။
နိုင်ငံခြားသားကုလားတို့က မြန်မာနိုင်ငံအထက်ပိုင်း ကို တက်ရောက်၍ သိမ်းပိုက်လိုက်သည်ကို အကြောင်းခံ ၍ 'ကုလားတက်' ဟူသော ဗန်းစကား ပေါ်ပေါက်လာ သည်။ ထိုစကားလုံးသည် 'ကလတက် သို့မဟုတ် ကုလား တက်'ဝေါဟာရနှင့် နီးစပ် တူညီနေသည့်အလျောက် အသုံးတွင်ကျယ်လာပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် သုံးစွဲနေသည့် အုန်းမောင်းပစ္စည်းကို မြန်မာနိုင်ငံအောက်ပိုင်းမှ ရောက်လာသည့် ကုလားတက် ဝေါဟာရက လွှမ်းမိုးအုပ်ဖုံးသွားသည်ဟု ဆိုသည်။ ထို့ကြောင့် 'ကံမကောင်း အုန်းမောင်း ကုလားတက်ဖြစ်' ဟူသော ဆိုရိုးစကား ထွက်ပေါ်လာခြင်းဖြစ်သည်။
တုံးမောင်း၊ အုန်းမောင်းကို ဆီးသား၊ ကုက္ကိုသား၊ ကျွန်းခေါင်းနွယ်သား၊ ဗုံးဘောဇာသားတို့ဖြင့် ပြုလုပ်ခဲ့ ကြောင်း သိရသည်။ ပိတောက်သားဖြင့် ပြုလုပ်ထား သည်ကိုလည်း တွေ့ရသည်။ ထိုပစ္စည်းပြုလုပ်ပုံကို–
'ထိပ်ဝတစ်ပြန်၊ အနားခံ၊
သုံးပြန်အလယ်ထား၊
လေးချိုးတစ်ချိုး၊ ပယ်သုံးချိုး၊
တစ်ချိုးအပေါက်ထား၊
လေးသစ်ကအောက်၊ လိုက်၍ဖောက်၊
ဝေးရောက်သောင်းတိုင်ကြား။'
ဟူသော သံပေါက်ကဗျာဖြင့် ပြဆိုထားသည်။ အုန်းမောင်း ပစ္စည်းကို ကြက်ခြေခတ်ထောက် နှစ်ခုပေါ်တွင် ကန့်လန့်တင်ခြင်းဖြင့်လည်းကောင်း၊ သစ်ပင် သို့မဟုတ် ချိတ်တန်း အမြင့်တစ်ခုတွင် မတ်ရပ်အနေအထားဖြင့် တန်းလန်းဆွဲထားခြင်းဖြင့်လည်းကောင်း ထားရှိပြီးနောက် ခေါက်တံ ထိုးတံ တစ်တောင်ခန့်အရှည်ဖြင့် ရိုက်ခတ်၊ ထိုးခတ်ခြင်း ဖြင့် အဝေးသို့ ထိုးဖောက်ရောက်နိုင်သည့်အသံ ထွက်ပေါ် စေခြင်း ဖြစ်သည်။
အုန်းမောင်းအရွယ်ကြီးမှု၊ ရှည်မှု၊ ထူမှုကိုလိုက်၍ ထိုးတံ ခေါက်တံတို့ကိုလည်း လိုက်ဖက်ရန် ပြုလုပ်၍ လူ အင်အားတွဲဖက်ကာ ထိုးခတ်ခြင်းအားဖြင့် လိုအပ်သော အသံကို ရယူခဲ့ကြသည်။ မူလက သီးနှံပင်များကို ဖျက်ဆီးနေသည့် ငှက်များကို ခြောက်လှန့်မောင်းနှင် သည့် အနေအထားရှိခဲ့ရာမှ အသုံးချမှုများ တိုးတက် လာသည်။ ဘုန်းတော်ကြီးကျောင်းမှ အရုဏ်တက်ချိန်၊ ဆွမ်းချက်ချိန်၊ အလုပ်လုပ်ချိန်စသည်တို့အတွက် ကလ တက်သံ၊ အုန်းမောင်းသံတို့ဖြင့် နှိုးဆော်အသိပေးပြီး ကင်းစောင့်ရာ၌ လူဆိုးများ ချဉ်းကပ်လာသည့် အန္တရာယ် ကို ရွာသူရွာသားများ သိစေသည့် အချက်ပေးသံအဖြစ် လည်း သုံးစွဲလာကြသည်။ အသံအမျိုးမျိုး သတ်မှတ်၍ တီးခတ်ခြင်းအားဖြင့် တီးခတ်သည့် အကြောင်းရင်းကို အသံမှတစ်ဆင့် ချက်ချင်းသိရှိနိုင်မည့်စနစ်ကိုပါ တီထွင် သတ်မှတ်မှုပြုကြသည်။ အသံအရေအတွက် အနှေး၊ အမြန်၊ အသွက်အလက် တီးခတ်သံတို့က တည်ငြိမ်မှု၊ အရေးပေါ်မှု စသည်များကို ခန့်မှန်းသိရှိနိုင်ခြင်းပင် ဖြစ် သည်။ လျင်မြန် ဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာခြင်း က အရေးကြီးပြီး အန္တရာယ်ပေါ်ပြီဟု အသိပေးသကဲ့သို့ စုဝေးဆွေးနွေးရန်အတွက် နှိုးဆော်မှုကို အတွဲလိုက် အသံသုံးချက်စီကို သုံးကြိမ် တီးခတ်ခြင်းစသည်ဖြင့် သတ်မှတ်မှုပြုခြင်း၊ အချိန်နာရီကို အသိပေးသည့် အသံစနစ်ကို သတ်မှတ်ထားခြင်းတို့ပင် ဖြစ်သည်။ ပုံစံအားဖြင့် နံနက်စောစောပိုင်းတွင် တစ်ချက်တည်းသာ ကလတက်၊ အုန်းမောင်းသံထွက်ပေါ်လာပြီး ရပ်တန့်သွား လျှင် တနင်္ဂနွေနေ့၊ နှစ်ချက်ဖြင့် ရပ်တန့်ပါက တနင်္လာ၊ သုံးချက် အင်္ဂါ၊ လေးချက် ဗုဒ္ဓဟူးစသည်ဖြင့် ခုနစ်ချက် စနေအထိ ရိုက်ခတ်သံအရ သိရှိနိုင်မည်ဖြစ်ပြီး ဥပုသ် သီတင်းနေ့အတွက် ရိုက်ခတ်သံစနစ် သီးခြားထားရှိခြင်း များလည်း ရှိခဲ့နိုင်သည်။ လဆန်းရက်၊ လဆုတ်ရက်နှင့် ၁ ရက် ၂ ရက်မှသည် လပြည့်လကွယ်နေ့များအတွက် ကလတက်သံ၊ အုန်းမောင်းသံတို့ဖြင့် သိရှိစေနိုင်မည်ပင် ဖြစ်သည်။
ကလတက်၊ အုန်းမောင်းတို့သည် ရှေးခေတ်က ဆိုလျှင် အသုံးဝင်တွင်ကျယ်ကာ မရှိမဖြစ် အနေအထား ရှိခဲ့သော်လည်း ခေတ်၏ တိုးတက်မှုကြောင့် တဖြည်း ဖြည်း တိမ်ကောပျောက်ကွယ်လာပြီဖြစ်သည်။ သို့သော် ဘုန်းကြီးကျောင်းအချို့က ဤမြန်မာမှုကို ထိန်းသိမ်းထား သဖြင့် ကလတက်သံကို အချို့နေရာများတွင် ကြားနိုင်ပါ သည်။ ဦးထွန်းရီ(ရှေးဟောင်းသုတေသီ)