Myanmar Encyclopedia

ကရပ်မိသားစု ။ ။ ကရပ်မိသားစုသည် ဂျာမနီနိုင်ငံ၏ ထိပ်တန်းစက်မှုလုပ်ငန်း လုပ်ကိုင်သော မိသားစုဖြစ် သည်။ ကရပ်ကုမ္ပဏီသည် သံမဏိပစ္စည်း၊ စက်ပစ္စည်းနှင့် စစ်လက်နက်ပစ္စည်းများ အဓိက ထုတ်လုပ်သော ကုမ္ပဏီ ဖြစ်သည်။

ဖရက်ဒရစ်ကရပ်သည် ကရပ်အင်ဂျင်နီယာလုပ်ငန်း ကုမ္ပဏီကို ၁၈၁၁ ခုနှစ်တွင် အက်ဆန်မြို့၌ စတင် တည် ထောင်သည်။ ကုမ္ပဏီသည် အစောပိုင်းတွင် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရပြီး ဗြိတိန်ကုန်ပစ္စည်းများ၏ အကြီး အကျယ် ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖရက်ဒရစ်၏ သားဖြစ်သူ အယ်ဖရက်ကရပ် လက်ထက်တွင် အရည် အသွေးမြင့် သံမဏိအလိပ်များ၊ ရထားသံမဏိဘီးများ၊ ဝင်ရိုးများအတွက် ဈေးကွက်ရရှိခဲ့သည်။

၁၈၆၀ ပြည့်လွန်နှစ်များတွင် ကရပ်ကုမ္ပဏီသည် လက်နက်အဓိကထုတ်လုပ်သော ကုမ္ပဏီဖြစ်လာသည်။ ပြည်ပရှိစက်ရုံများကိုပါ ဝယ်ယူ၍ လုပ်ငန်းတိုးချဲ့လာကာ ၁၉၀ဝ ပြည့်လွန်နှစ်များ၌ သင်္ဘောများပါ တည်ဆောက် လာခဲ့သည်။ ကရပ်၏ လက်နက်ကြီးများမှာ ပထမကမ္ဘာ စစ် (၁၉၁၄-၁၉၁၈)အတွင်း ဂျာမနီအား များစွာ အကူ အညီ ဖြစ်စေခဲ့သည်။

ပထမကမ္ဘာစစ် အပြီးတွင် ကရပ် ကုမ္ပဏီအား ဖျက်သိမ်းခဲ့သည်။ သို့ရာတွင် ၁၉၂၀ ပြည့်လွန်နှစ်များ၌ ဂတ်စတဗ်ကရပ်သည် ကုမ္ပဏီအား ပြန်လည်တည်ထောင် ကာ စစ်အင်အား တည်ဆောက်ခွင့် ပိတ်ပင်ခံထားရသည့် ဂျာမနီအတွက် လက်နက်များ လျှို့ဝှက်စွာ ထုတ်လုပ်ပေး ခဲ့သည်။ အာဏာရှင် ဟစ်တလာကို အားပေးကူညီခဲ့ပြီး ဒုတိယကမ္ဘာစစ် (၁၉၃၉-၁၉၄၅) ကာလအတွင်း ဂျာမနီ အတွက် အလွန်အရေးကြီးသော လက်နက်ခဲယမ်းများကို ကရပ်ကုမ္ပဏီက ထုတ်လုပ်ပေးခဲ့သည်။ ဒုတိယကမ္ဘာစစ် အပြီးတွင် မဟာမိတ်တပ်များက ကရပ်ကုမ္ပဏီကို သိမ်း ပိုက်ခဲ့ကာ ကုမ္ပဏီပိုင်ရှင် ဂတ်စတဗ်ကရပ်မှာ စစ် ရာဇဝတ်မှုဖြင့် အပြစ်ပေးခြင်းခံရသည်။ ငွေကြေး ပြဿနာများ ဖြစ်ပွားပြီးနောက် ကရပ်မိသားစုသည် ကရပ်ကုမ္ပဏီပိုင်ဆိုင်ခွင့်ကို ၁၉၆၈ ခုနှစ်၌ လက်လွှတ် လိုက်ရသည်။ ၁၉၉၀ ပြည့်လွန်နှစ်များ၌ ကရပ်ကုမ္ပဏီ သည် သိုင်ဆန်ကုမ္ပဏီနှင့် ပူးပေါင်းလျက် သံမဏိပစ္စည်း၊ မော်တော်ကားနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ အကြီး အကျယ်ထုတ်လုပ်သော သိုင်ဆန်ကရပ်ကုမ္ပဏီအဖြစ် ရပ်တည်လာခဲ့သည်။

ပင်မစာမျက်နှာသို့