ကရင်သြသံ ။ ။ ကရင်သြသံမှာ ကရင်လူမျိုးတို့၏ ဘာ သာဘာဝ ပြောဆိုဟစ်ကြွေးသော အသံများကို မှီး၍ သာ ယာဖွယ်ဖြစ်အောင် ရေးဖွဲ့ထားသော မြန်မာသီချင်းကြီး အဖွဲ့တစ်မျိုးဖြစ်သည်။ ထိုသီချင်းမျိုးကို ဇာတ်သဘင်များ တွင် ကရင်လူမျိုးများအကြောင်းကို ကပြရာ၌ ထည့်သွင်း တီးမှုတ်လေ့ရှိသည်။ အဖွဲ့အနွဲ့ စာသားမှာလည်း ကရင် လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် စပ်ဆိုင်သည့် အကြောင်း အရာများသာ အများဆုံး ပါဝင်သည်။
မြန်မာသီချင်းကြီးများတွင် အသံကို ရှည်ကြာစွာ ဆွဲငင်၍သီဆိုရသော သိင်္ဂါသံ၊ အလောင်းပိုက်၊ တပ်ပို့ စသောသီချင်းများနှင့် သီဆိုပုံချင်း အနည်းငယ် ဆင်တူ သော်လည်း ကရင်သြသံတွင် တီးကွက်အသစ်အဆန်း များ ဖွဲ့သွင်းပါရှိသဖြင့် အသံရှည်သီချင်းသစ် တစ်မျိုး သဖွယ် ဖြစ်နေသည်။ ကရင်သြသံကို မြင်စိုင်း သို့မဟုတ် ငါးပေါက် သံထီးသံစဉ်ဖြင့် သီဆို တီးမှုတ်လေ့ရှိသည်။
ကရင်သြသံများသည် ကုန်းဘောင်မင်း (ရွှေဘိုမင်း) လက်ထက်တွင်မှ စတင်ပေါ်ပေါက်ခဲ့သည်ဟု ယူဆရ သည်။ မဟာဂီတကျမ်းများတွင် ရှေးဟောင်းခေတ်များက ကရင်သြသံများကို မတွေ့ရှိရချေ။ ကုန်းဘောင်မင်း လက် ထက် သာယာဝတီ ဦးဝိုင်းရေးသည့် ကရင်သြသံအချို့ ကိုသာ တွေ့ရှိရသည်။ ထိုကရင်သြသံများကို တောလား၊ ကရင်သြ လွမ်းသံဟူ၍လည်း ခေါ်ဆိုသည်။ သြသံမှာ အသံသြ၍ သီဆိုရခြင်းကြောင့်ပင် ခေါ်တွင်ခြင်းဖြစ်၏။ တောလားဟု ဆိုရလောက်အောင်ပင် တောသဘာဝများ ကို သရုပ်ဖော်ထားကြောင်း တွေ့ရသည်။
တွေ့ရှိရသမျှ ကရင်သြသံများမှာ 'တကျောမှုံပြာ' အစချီသြသံနှင့် 'မြိုင်တန်းမှောင်ဝေလေး'အစချီသြသံများပင် ဖြစ်သည်။ ထိုသြသံများကို မသီဆိုမီ ခြေဆင်း နိဒါန်းသဖွယ် ရှေးဦးစွာသီဆိုလေ့ရှိသော 'တောင်ယာ တောလယ်' အစချီ ခွန်းထောက်သဖြန် တစ်ပုဒ်လည်းရှိ၍ ကရင်သဘာဝဘွဲ့ပင် ဖြစ်သည်။
ဇာတ်သဘင်များတွင် သီဆိုတီးမှုတ်ဖန်များ၍ အများ နှုတ်ငုံရမတတ်ရှိနေသော မြိုင်တန်းမှောင်ဝေလေး အစချီ သြသံမှာ အောက်ပါအတိုင်းဖြစ်သည်-
မြိုင်တန်းမှောင်ဝေလေး
မြိုင်တန်းမှောင်ဝေလေး။ တောင်သေလာကျော၊ လွမ်းဘွယ်တော၊ သာခွားပေါ။ တို့တောင်ယာတောမှာ၊ လွမ်းဘွယ်တွေ ပေါလှပါသလေး။ အဝေး။ ။
ဟော်နန်းဗွေငူ၊ တို့တောင်သူလေ။ ဝေ စုလို့ရုံး။
(ဘာသာထုံး၊ ခေါင်ရေသုံး)၂ ။ တို့တောင်ယာကုန်းမှာ လေ။ (တုံးကျည်ပွေ့ကို အခါခါ၊ ခုန်ကြတို့ဘာသာသာ)၂။ (ပျော်စရာလေ ခင်းခင်း၊ လာဟေ့ သူငယ်ချင်းချင်း)၂ ။ (သိုင်းနင်းလေဟန်ချီ၊ ပျော်တဲ့နန်းဖော့ရီ) ၂ ။ (ကြွေတွေစီ၊ ဝတ်အင်္ကျီ၊ ဆင်ဆင်သည်၊ ယဉ်ယဉ်သည်)၂ ။ တွဲဖက်လို့ တို့နှလုံးမှာဝေ။ ခုန်အုန်းမည်လေး၊ သူငယ်ချင်းတို့ရေ အဝေး။ ။
ရှို့မီးထိန်လွင်လေး။ ကွင်းပြငယ်ကွင်း၊ ပျိုးစရာရှင်း။ ရိုးတာကန်သင်း။ တို့တောသူလေလေ တောင်သူ၊ တို့ တောင်သူချင်းရယ်လေ အဝေး။ ။
ရောင်သင်းမြေကြူလေး။ ရိုးကမူတန်း၊ တဲယာစခန်း၊ လှဲတာလမ်း၊ လုပ်ကိုင်ရာ၊ တလင်း ပြန့်ညီစွာ၊ လှေ့စင်မှာ၊ သုံးချောင်းဆိုင်ကာ၊ မျိုးရိက္ခာ လှမ်းတယ်လေ အဝေး။ ။
တောတန်းတောင်ခြေလေး။ ဝါကြိမ်တွေနှော၊ သခွား ဖရုံပေါ၊ စားမကုန်ပေါ၊ အိုလွန်သာမောဘွယ်လေး အဝေး။
ဖော်နှောစုံလင်လေး။ နှစ်စဉ်ပျော်မြဲ၊ ရိုးကောက်ပွဲ၊ ဖြိုးမောက်ကဲ၊ ခြိမ့်ခြိမ့်သဲလို့ ဆူဆူငြာငြာ။ ခေါင်ရေအိုးနှင့် တောင်ရိုးသာသာ၊ အစာရေစာပေါပေါ၊ တို့ဆီလွန် ဝပြော ပြော၊ အိုယာတောလယ်လေ အဝေး။
ထိုသြသံမှ အသံသြဆိုရသော 'အေ' ကာရန် စကား လုံးများနှင့် ကရင်လူမျိုးတို့၏သဘာဝကို သတိပြုမှတ် သားသင့်သည်။ သြသံအားလုံး၏ မူသေတေးသွား မရှိပေ။ တစ်ပုဒ်လျှင် တစ်မျိုးစီ အသံမှတ်၍ ပတ်ပျိုး၊ ယိုးဒယား တို့ကဲ့သို့ တီးမှုတ်ရသည်။