Myanmar Encyclopedia

ကရင်လူမျိုး။ ။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအနက် ကရင်မျိုးနွယ်ဝင် ဘာသာစကားပြောဆိုသော လူမျိုးတို့ မှာ လူဦးရေဒုတိယအများဆုံး ဖြစ်သည်။

ကရင်လူမျိုး၌ ကရင်မျိုးနွယ်စု ၁၁ ခုရှိသည်ဟု သမိုင်းမှတ်တမ်းများက ဖော်ပြကြသည်။ ယင်းတို့မှာ ကရင်၊ ကရင်ဖြူ၊ ပလေချီးပလေကီးကရင်၊ မွန်ကရင်၊ စကောကရင်၊ တလေပွာကရင်၊ ပကူးကရင်၊ ဘွဲကရင်၊ မောနေပွာကရင်၊ မိုပွာကရင်၊ ပိုးကရင်ဟူ၍ ဖြစ်သည်။

၁။ ကရင်

မြန်မာနိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသည်။ ရန် ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတို့နှင့် မွန်ပြည်နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။ အထူး သဖြင့် သထုံမြို့နယ်တစ်ဝိုက်တွင် အများဆုံး တွေ့ရ သည်။ ကရင်မျိုးနွယ်စု၌ စကော၊ တလေပွာ၊ မောနေပွာ စသည်တို့ ပါဝင်သည်။

၂။ ကရင်ဖြူ

တောင်ပေါ်ကရင် မျိုးနွယ်စုဖြစ်သည်။ တောင်ငူခရိုင် တွင် အများဆုံး တွေ့ရသည်။ ထို့ပြင် ရမည်းသင်းခရိုင် တွင်လည်းကောင်း၊ ကယားပြည်နယ်အထိလည်းကောင်း ပျံ့နှံ့နေထိုင်ကြသည်။ ကရင်ဖြူသည် တစ်ခါတစ်ရံတွင် ယင်းတို့မျိုးနွယ်စု၌ ဘွဲကို ထည့်သွင်း ဖော်ပြတတ်ကြ သည်။ ယင်းတို့ကို မဲဖုဟုလည်း ခေါ်ကြသည်။ ပေါင်း လောင်းမြစ်ဝှမ်း၊ လွယ်လုံတွင် တွေ့ရသည်။ မဲဖုခေါ် ကရင်ဖြူကို ပျဉ်းမနားမြို့ အရှေ့မြောက်ဘက် တောင်တန်းများပေါ်တွင်လည်း တွေ့ရသည်။ ယင်းတို့ အသွင်အပြင်မှာ တောင်သူကရင်တို့နှင့် ဆင်တူသည်။

၃။ ပလေချီး ပလေကီးကရင်

ယင်းတို့တွင် ဘွဲ၊ ကရင်ဖြူ၊ မိုပွာ၊ ဂေဘား စသည့် ကရင်မျိုးနွယ်စုတို့ ပါဝင်သည်။ တောင်ငူခရိုင်၊ ခဲဖြူတိုက် ပလေ (ပသီ)ချောင်းဖျားခံရာအရပ်ရှိ ကျွဲဖြူတောင် ပလေ ချီး၊ တောဗျာကလေး၊ ငွေတောင်ကြီး၊ ငွေတောင်ကလေး တို့တွင် နေထိုင်ကြသည်။

၄။ မွန်ကရင်

မွန်ကရင်ကို မွန်ပြည်နယ်တွင် အများဆုံး တွေ့ရ သည်။

၅။ စကောကရင်

ကရင်မျိုးနွယ်စုတွင် လူဦးရေအများဆုံး ဖြစ်သည်။ ရမည်းသင်းခရိုင်မှ မြိတ်ခရိုင်အထိ ပျံ့နှံ့နေထိုင်ကြသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင်လည်း တွေ့ရသည်။ စကောကရင်တို့သည် ခရစ်ယာန်ဘာသာနှင့် ရိုးရာနတ်ကို အများဆုံး ကိုးကွယ်ကြသည်။ စကောကရင် ဘာသာ စကား ခိုင်ခိုင်မာမာ ရှိသည်။

၆။ တလေပွာကရင်

သံတောင်ကြီးဘက်တွင် အများဆုံး နေထိုင်ကြ သည်။ စကောကရင်မျိုးနွယ် ဖြစ်သည်။ ဘောဂလိ–မော်ချီးကားလမ်းနှင့် ၄၀ ကီလိုမီတာ (၂၅ မိုင်) အကွာ တောင်ပေါ် အထက်ဝါဆို၊ ရိုးဆို၊ သေဂီလာ၊ ဘောခါ၊ ထီးဝါးလေး ရွာများတွင် နေထိုင်ကြသည်။

၇။ ပကူးကရင်

ပကူးတို့မှာ ဘာသာစကား၌ စကောကရင်တို့နှင့် နီးစပ် နှီးနွှယ်သည်။ တောင်ငူဒေသပတ်ဝန်းကျင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့၌ အများဆုံးတွေ့ရသည်။ အထူးသဖြင့် မော်ချီးမိုင်းဒေသ၊ ဘောဂလိ၊ စစ်စီး တောင်နှင့် ပြောင်သိုရွာများတွင် နေထိုင်ကြသည်။ ယင်း တို့မှာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။

၈။ ဘွဲကရင်

တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် အများဆုံး နေထိုင်ကြသည်။ မိမိကိုယ်ကို ဘရိုင်ဟု ခေါ်၍ ရှမ်းပြည် နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် တွေ့ရ သည်။ ယင်းတို့မှာ ကရင်ဖြူများနှင့် အနွှယ်တူသူများ ဖြစ် သည်။

၉။ မောနေပွာကရင်

ဘာသာစကား၌ စကောကရင်တို့နှင့် နီးစပ်သည်။ တောင်ငူခရိုင် သံတောင်ကြီးမြို့ပေါ်တွင် အများဆုံး တွေ့ ရသည်။ မြစ်ငန်ချောင်းအနောက်ဘက် ရွာများနှင့် နာမည် ကျော် နော်ဘူဘောတောင်ရှိရာဒေသ၌ အများဆုံး နေထိုင်ကြသည်။ ယင်းတို့သည် ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။

၁၀။ မိုပွာကရင်

ကရင်မျိုးနွယ်စု၌ လူဦးရေ တတိယအများဆုံး ဖြစ် သည်။ တောင်ပေါ်ကရင်အနွယ်ဖြစ်ပြီး တောင်သူဟု လည်း ခေါ်သည်။ ဘွဲကရင်အမျိုးအနွယ်လည်း ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အနောက်တောင်ပိုင်း တောင် ကုန်းဒေသများတွင် နေထိုင်ကြသည်။ တောင်ငူခရိုင်၊ မော်ချီးကားလမ်း ၃၂ ကီလိုမီတာ (မိုင် ၂၀)ခန့်အကွာ သံတောင်မြို့နယ်၊ ခဲဖြူတိုက် ဥသျှစ်ကုန်းနှင့် စည်ပင်ကြီး ကျေးရွာများတွင် နေထိုင်ကြသည်။ ထို့ပြင် သထုံခရိုင်၊ ကျိုက္ခမီခရိုင်အထိ ပျံ့နှံ့နေထိုင်ကြသည်။ ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်သူ များသည်။

၁၁။ ပိုးကရင်

ကရင်မျိုးနွယ်စု၌ ဒုတိယ လူဦးရေအများဆုံး ဖြစ် သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် နေထိုင်သော ပိုးကရင်သည် ထိုဒေသနေ စကောကရင်ထက် နှစ်ဆ ပိုများသည်။ ယင်းတို့၌ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည် ကိုးကွယ်သူက များသည်။ ယင်းတွင် အရှေ့ပိုးကရင်နှင့် အနောက်ပိုးကရင်ဟုလည်း ကွဲပြားသည်။ နာမည်ကျော် ဒုံးယိမ်းအကနှင့် ဖားစည်အကများ အများဆုံးကပြရာ ကရင်မျိုးနွယ်ဖြစ်သည်။

အခြေခံအားဖြင့် ကရင်ကို တောင်ပေါ်ကရင်၊မြေပြန့် ကရင်ဟု နှစ်မျိုးခွဲထားသည်။ ပညာရှင်တို့က 'တောင်ပေါ် ကရင်သည် ရှေးကျသော မွန်ခမာဘာသာစကားကို ပြောဆိုသည်။ အလွန်ရှေးကျသော ကာလကတည်းက မြန်မာနိုင်ငံသို့ရောက်ခဲ့၍ အချို့က တောင်ကုန်း၊ အချို့က မြေပြန့်များတွင် နေထိုင်ကြသည်။ ဤနေရာ၌ မြန်မာနှင့် ရောနှောနေထိုင်သူကို မြန်မာကရင် (စကော)၊ မွန်တို့နှင့် ရောနှောနေထိုင်သူကို မွန်ကရင် (ပိုး) စသည်ဖြင့် ကွဲပြား ခြားနားသည်' ဟု ဆိုသည်။

မူရင်းအားဖြင့် ကရင်လူမျိုးတို့သည် တိဘက်–မြန်မာ အနောက်ဘာသာစကားကို ပြောဆိုကြသော မွန်ဂိုလူမျိုးစုဝင်များ ဖြစ်သည်။

ကရင်ကို ကမ်းယံဟူသော ဝေါဟာရမှလည်းကောင်း၊ ဗော်ညိုကျွန်းရှိ ဒယက်လူမျိုးတစ်မျိုး၏ အမည်ဖြစ်သော ကယန်ဟူသော ဝေါဟာရမှလည်းကောင်း၊ တိဘက်–မြန်မာအစုဝင်တို့ တရုတ်ပြည်တွင်ရှိစဉ် 'ချန်' ဟူသော ဝေါဟာရမှလည်းကောင်း ဆင်းသက်လာလိမ့်မည်ဟု ပညာရှင်တို့ ယူဆကြသည်။

ကရင်နှင့်ပတ်သက်၍ အချို့မှတ်တမ်းများက ကရင် ဟူသော ဝေါဟာရသည် စဝှော(စကော)၊ ရှို (ပိုး)၊ ဘွဲ အမျိုးသားအပေါင်းတို့ကို ခြုံ၍ခေါ်သော အမည်ဖြစ်သည် ဟု ဆိုသည်။ ကရင်လူမျိုးတို့သည် တိဘက်–မြန်မာစကား အုပ်စုဝင်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့ အေဒီ ၇ ရာစု သို့မဟုတ် ၈ ရာစုအတွင်းက တောင်ငူအရှေ့ဘက်မှ တစိမ့်စိမ့် ဝင်ရောက်လာသူများ ဖြစ်သည်။

ကရင်လူမျိုးများကို စဝှော(စကော)၊ ရှို(ပိုး)၊ ဘွဲ၊ ပဒေါင်၊ ကရင်နီ၊ ဇယိမ်းဟူ၍ မျိုးကွဲအုပ်စုခြောက်ခု ခွဲခြား ဖော်ပြ နိုင်သည်။ ထို့ပြင် နေထိုင်ရာဒေသလိုက်၍ တောင်ပိုင်း ကရင်နှင့် မြောက်ပိုင်းကရင်ဟူ၍လည်း သတ်မှတ်ဖော်ပြ နိုင်သည်။ ဘွဲသည် မြောက်ပိုင်းကရင်ဖြစ်ပြီး ရှို(ပိုး)နှင့် စဝှော်(စကော)တို့သည် တောင်ပိုင်းကရင်များ ဖြစ်ကြ သည်။

ပင်မစာမျက်နှာသို့