Myanmar Encyclopedia

ကရင်မလင်နန်းတော် ။ ။ ရုရှားမြို့ကြီးအတွင်း ခံတပ် ပုံစံ အခိုင်အမာဆောက်လုပ်ထားသည့် နန်းတော်ကဲ့သို့ အဆောက်အအုံဖြစ်သည်။ ရုရှားမြို့ကြီးအများအပြား တွင် ကရင်မလင်အဆောက်အအုံများစွာ ရှိသော်လည်း မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်မှာ အထင်ရှားဆုံး ဖြစ်သည်။

မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်သည် အစိုးရ ရုံးစိုက်သည့် သမိုင်းအစဉ်အလာကြီးမားသော နေရာဌာန ဖြစ်သည်။ ခရစ်နှစ် ၁၁၀ဝ ပြည့်လွန်နှစ်များမှစ၍ ရုရှား၏ အချက်အချာ ဗဟိုဌာနရုံးတစ်ခုဖြစ်လာပြီး ၁၅၅၀ ပြည့် လွန်နှစ်များမှသည် ၁၇၁၂ ခုနှစ်၌ ပီတာဘုရင်က မြို့တော် အား စိန့်ပီတာစဘတ်သို့ ရွှေ့ပြောင်းသည့်အချိန်အထိ ရုရှား ဇာဘုရင်များ၏ နန်းတော်ဖြစ်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရုရှား၌ ကွန်မြူနစ်တို့ အာဏာရလာပြီး မကြာမီ ကရင်မလင်နန်းတော်ကို အစိုးရရုံးစိုက်ရာ အဆောက် အအုံအဖြစ် ပြန်လည်သတ်မှတ်ခဲ့သည်။ ၁၉၂၂ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ဖွဲ့စည်းသည့်အချိန်မှစ၍ ၁၉၉၁ ခုနှစ် ပြိုကွဲသည့်အချိန်အထိ ကရင်မလင်သည် အစိုးရ ရုံးစိုက်ရာ နန်းတော်အဖြစ် ရှိခဲ့ပြီး ယခုအခါ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့ ရုံးစိုက်ရာအဖြစ် ဆက်လက် တည်ရှိသည်။

ကရင်မလင်သည် ၂ ကီလိုမီတာခန့် ရှည်သော တြိဂံပုံခြံဝင်းဖြစ်သည်။ ရှုခင်းများမှာ အလွန်အံ့သြဖွယ် ကောင်းလှပြီး အဓိကအားဖြင့် ရွှေချထားသော လိပ်ခုံး များ၊ ဂိတ်တံခါးမျှော်စင်များ၊ ခမ်းနားသည့် အုတ်တံတိုင်း များနှင့် လှပခံ့ညားသော အတွင်းပိုင်းပြင်ဆင်မှုများ ဖြစ် သည်။ အခြားရုရှားမြို့များရှိ ကရင်မလင်နန်းတော် အချို့ကို ပြတိုက်အဖြစ် ပြောင်းလဲကာ ပန်းချီလက်ရာများ၊ ကျောက်မျက်ရတနာနှင့် သရဖူများအား ပြသထားသည်။

မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်ကို ၁၁၅၆ ခုနှစ်က တည်ဆောက်ခဲ့ပြီး လက်ရှိတံတိုင်းများမှာ ၁၄၀ဝ ပြည့်လွန် နှစ်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ ရုရှား တို့ တန်ခိုးအကြီးဆုံးအချိန်ဖြစ်သဖြင့် နန်းတော်ရှိ လက်ရာများမှာ အီတလီနှင့် ရုရှား ဗိသုကာပညာရှင်တို့၏ လက်ရာများ ဖြစ်ကြသည်။

၁၆၀ဝ ပြည့်လွန်နှစ်တွင် မူလနန်းတော်နှင့် တံတိုင်း တို့အား တိုးချဲ့တည်ဆောက်ခဲ့သည်။ ၁၉၀ဝ ပြည့်လွန် နှစ်များအတွင်း တိုးချဲ့တည်ဆောက်ခဲ့သည့် အဆောက် အအုံများမှာ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရုံးနှင့် ကွန်ဂရက်နန်းတော်တို့ ဖြစ်သည်။

ပင်မစာမျက်နှာသို့