ကရင်ပြည်နယ် ။ ။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက် တွင် ရမည်းသင်းခရိုင်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ အနောက်ဘက်တွင် တောင်ငူခရိုင်၊ သထုံခရိုင်နှင့် မော် လမြိုင်ခရိုင်၊ တောင်ဘက်တွင် ရေးမြို့နယ်နှင့် အရှေ့ ဘက်တွင် ထိုင်းနိုင်ငံတို့ တည်ရှိသည်။
ပြည်နယ်၏အကျယ်အဝန်းမှာ ၃၀၇၃၄ စတုရန်း ကီလိုမီတာ (၁၁၇၃၀.၈၉၄ စတုရန်းမိုင်) ဖြစ်သည်။ မြို့တော်မှာ ဘားအံမြို့ဖြစ်သည်။
အရှေ့ရိုးမတောင်တန်းမှ သွယ်ဆင်းလာသော တောင်တန်းများသည် ပြည်နယ်၏ အရှေ့ဘက်ပိုင်းတွင် မြောက်မှတောင်သို့ သွယ်တန်းလျက်ရှိသည်။ ပြည်နယ်၏ အရှေ့ပိုင်းသည် ကုန်းမြင့်တောင်တန်းပိုင်းဖြစ်၍ ပျမ်းမျှ အားဖြင့် အမြင့်ပေ ၅၀ဝ၀ ခန့်ရှိပြီး အနောက်ဘက် ပိုင်းသည် မြေနိမ့်လွင်ပြင်ပိုင်းဖြစ်ကာ ပေ ၁၀ဝ၀ ဝန်းကျင် မျှသာ ဖြစ်သည်။
အရှေ့ဘက်တောင်တန်းဒေသတွင် အမြင့်ဆုံးတောင် မှာ ဟိုကကြိုးတောင်တန်းဖြစ်၍ ၈၆၀၇ ပေ မြင့်သည်။ ပြည်နယ်အနောက်ဘက်တွင် တောင်ညိုတောင်တန်း တည်ရှိပြီး ၄၂၅၉ ပေ မြင့်သည်။
ကရင်ပြည်နယ်သည် အပူပိုင်းဇုန်အတွင်း ကျရောက် ကာ ပင်လယ်နှင့် မဝေးကွာလှသည့်အပြင် နောက်ခံ တောင်တန်းကြီးများလည်း တည်ရှိသောကြောင့် ပူအိုက် စွတ်စိုသော ရာသီဥတုရှိသည်။ အနောက်ဘက်နှင့် တောင် ဘက် မြေနိမ့်ပိုင်းများသည် အပူပိုင်းမုတ်သုံရာသီဥတု ရှိသည့် ဒေသများဖြစ်သည်။ နှစ်စဉ်မိုးရေချိန်လက်မမှာ အနည်းဆုံး ၁၂၀ လက်မဖြစ်၍ အများဆုံး ၁၉၀ လက်မခန့် ဖြစ်သည်။ တောင်တန်းများ တည်ရှိနေပုံကိုလိုက်၍ မြစ် ချောင်းများသည်လည်း တောင်မြောက်စီးဆင်းလျက်ရှိကြ သည်။ အဓိကမြစ်များမှာ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ အတ္ထရံမြစ်တို့ဖြစ်ကြသည်။
လူမျိုးစုများနှင့် သမိုင်းအကျဉ်း
ကရင်ပြည်နယ်တွင် ကရင်မျိုးနွယ်စု ၁၁ ခု ရှိသည်ဟု သမိုင်းမှတ်တမ်းများက ဖော်ပြကြပြီး ကရင်၊ ကရင်ဖြူ၊ ပလေချီးပလေကီးကရင်၊ မွန်ကရင်၊ စကောကရင်၊ တလေပွာကရင်၊ ပကူးကရင်၊ ဘွဲကရင်၊ မောနေပွာကရင်၊ မိုပွာကရင်၊ ပိုးကရင်ဟူ၍ ဖြစ်သည်။ ကရင်ပြည်နယ်တွင် ကရင်လူမျိုးများအပြင် ဗမာ၊ ပအိုဝ်း၊ ရှမ်း၊ ရခိုင်အစရှိသည့် တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသည်။ လူဦးရေ ၂ဝ၂ဝ ပြည့်နှစ် ဧပြီလ ခန့်မှန်းခြေစာရင်းအရ ၁၆ သိန်းကျော် နေထိုင်သည်။
ကရင်ပြည်နယ် ဖြစ်ပေါ်မှုမှာ နှောင့်နှေးခဲ့ရပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ ကရင်ပြည်နယ် ဖြစ်ပေါ်ရေးကို ကြိုးပမ်းလုပ်ဆောင်နေဆဲတွင် မြန်မာ နိုင်ငံသားအချင်းချင်း တိုက်ခိုက်သော ပြည်တွင်းစစ်ကြီး သည် နှစ်ပေါင်း ၇၀ ကျော်အောင် ရေရှည် ဖြစ်ပေါ်ခဲ့သည်။ အခြေခံဥပဒေရေးဆွဲနေဆဲ အချိန်ကပင် ဗိုလ်ချုပ်အောင် ဆန်းနှင့်တကွ နိုင်ငံခေါင်းဆောင်များက ကရင်လူမျိုးများ ၏ ပြည်နယ်ရရှိလိုသောဆန္ဒကို သဘောပေါက် နားလည် ခဲ့သည်။ မြန်မာနိုင်ငံရှိ လူမျိုးစုများတွင် ကရင်များသည် သမိုင်းနှင့်ယဉ်ကျေးမှု သီးခြားရှိသော လူမျိုးစုကြီးဖြစ် ကြောင်းကို မြန်မာခေါင်းဆောင်များက အသိအမှတ်ပြုခဲ့ သည်။ သို့ရာတွင် ကရင်ပြည်နယ်ဟူ၍ အလျင်အမြန် သတ်မှတ်ပေးရန် ခက်ခဲစေသည့် အကြောင်းရှိနေသည်။ ကရင်အမျိုးသားများသည် ရှမ်း၊ ကချင်၊ ချင်းစသော အခြားတိုင်းရင်းသားများကဲ့သို့ နယ်နိမိတ်သတ်မှတ်ပေး ရန် အခက်အခဲမရှိသောဒေသတွင် နေထိုင်ခြင်းမဟုတ်ဘဲ နိုင်ငံ၏ ဒေသအများအပြားတွင် ပျံ့နှံ့နေထိုင်သောကြောင့် အချိန်လု၍လုပ်ဆောင်ရသော ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ရေးဆွဲအတည်ပြုချိန်တွင် ကရင်ပြည်နယ်ကို အပြီးအပြတ် သတ်မှတ်မပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကရင် လူမျိုးများသည် မြန်မာပြည် အရှေ့ပိုင်း (ယခု ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်) ဧရာဝတီတိုင်းဒေသကြီးနှင့် တောင်ငူခရိုင်စသည်တို့တွင် ပျံ့နှံ့နေထိုင်လျက် ရှိသည်။
ထို့ကြောင့် ကြားကာလအတွက် ယာယီအစီအစဉ် အနေဖြင့် 'ကရင်ရေးရာကောင်စီ'နှင့် 'ကရင်ရေးရာ ဝန်ကြီး' ရာထူးတို့ကို ဖန်တီးခဲ့ပြီး 'ကော်သူလေး' ခေါ် ကရင်ဒေသကိုလည်း တီထွင်ရန် စီစဉ်ခဲ့သည်။ 'ကော်သူ လေးဒေသ'ကို အခြေခံပြုပြီး ကရင်လူများစု၏ဆန္ဒကို ယူ၍ ကရင်ပြည်နယ် ထူထောင်ရန်လည်း ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် လမ်းဖွင့်ထားသည်။ ထို့ကြောင့် ကရင် အမျိုးသားများ၏ အခွင့်အရေးကို အလေးထားပြီး ကရင် ပြည်နယ်ဟူ၍ မရှိသော်လည်း လူမျိုးစုလွှတ်တော်တွင် ကရင်များအတွက် အမတ်နေရာ ၂၄ နေရာ သီးသန့် သတ်မှတ်ပေးထားခဲ့သည်။
သို့ရာတွင် လွတ်လပ်စ မြန်မာနိုင်ငံ၌ ကွန်မြူနစ် ပုန်ကန်မှုစသော အခြားအကြောင်းများ ပါဝင်ရှုပ်ထွေးပြီး ကရင်တို့၏ ပြည်နယ်တောင်းဆိုမှုကို အေးချမ်းစွာ အကောင်အထည် မဖော်နိုင်မီ လက်နက်ကိုင် တောင်းဆို မှုကြီး ဖြစ်ပေါ်လာခဲ့ရာ ထိုလက်နက်ကိုင်တိုက်ပွဲသည် မထင်မှတ်သည့်ကာလအထိ ကြာမြင့်ခဲ့သည်။
ကရင်အရေးကိစ္စသည် မတည်မငြိမ်ဖြစ်နေဆဲ ရှိ သော်လည်း မြန်မာနိုင်ငံအစိုးရသည် ၁၉၅၁ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက် (၁၉၅၁ ခုနှစ် အက်ဥပဒေ အမှတ် ၆၁) ကို ပါလီမန်တွင် တင်သွင်း ပြဋ္ဌာန်းပြီး ထိုအချိန်တွင် သံလွင်ခရိုင်ဟု ခေါ်တွင်သော ဒေသကို ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခုအဖြစ် ဖွဲ့စည်းလျက် ကရင်ပြည်နယ်ဟု တွင်စေခဲ့သည်။
ထို့ပြင် ကရင်ပြည်နယ်ကို ပထမအဆင့်အနေဖြင့် တိုးချဲ့ရန် တောင်ငူခရိုင်မှ သံတောင်မြို့နယ်၊ သထုံခရိုင်မှ လှိုင်းဘွဲ့နှင့် ဘားအံမြို့နယ်များ၊ ကျိုက္ခမီခရိုင်မှ ကော့ ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များကို ကရင်ပြည် နယ်တွင် ပူးပေါင်းပေးရန် ၁၉၅၂ ခုနှစ်တွင် ကရင်ပြည်နယ် တိုးချဲ့ သတ်မှတ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထိုပြဋ္ဌာန်း ချက်ကို နိုင်ငံတော်သမ္မတ အမိန့်ကြော်ငြာစာဖြင့် အကောင်အထည်ဖော်ရန်ကိစ္စမှာလည်း ငြိမ်းချမ်းရေး ကင်းမဲ့နေချိန်ဖြစ်သဖြင့် နှောင့်နှေးနေခဲ့ပြီး တဖြည်းဖြည်း မှ အကောင်အထည်ဖော်လာခဲ့သည်။
ပြင်ဆင်လိုက်သော အခြေခံဥပဒေအရ ကရင်ပြည် နယ်၏ဖွဲ့စည်းပုံမှာ အခြားပြည်နယ်များနှင့် ပုံစံတူလာ သည်။ ယခင်ကရှိခဲ့သော 'ကရင်ရေးရာကောင်စီ' အစား 'ကရင်ပြည်နယ်ကောင်စီ' ပေါ်ပေါက်လာသည်။ ကရင် ပြည်နယ် ကောင်စီဥက္ကဋ္ဌကို နိုင်ငံတော်ဝန်ကြီးချုပ်က ရွေးချယ် ခန့်အပ်သည်။ ပြည်နယ် ဥက္ကဋ္ဌသည် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးအဖြစ်လည်း တာဝန်နေရာရသည်။
၁၉၆၂ ခုနှစ်မှစပြီး တော်လှန်ရေးကောင်စီခေတ်တွင် ကရင်ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တော် လှန်ရေး ကောင်စီဥက္ကဋ္ဌက ခန့်အပ်သည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ ကရင်ပြည်နယ်သည် ပြည်နယ်တစ်ခု အဖြစ် ဆက်လက်ရပ်တည်ခွင့်ရရှိပြီး ထိုခေတ် ဆိုရှယ် လစ် ဒီမိုကရေစီစနစ်အရ ရွေးချယ်တင်မြှောက်သော ပြည်နယ်ကောင်စီနှင့် ပြည်နယ်ကောင်စီ ဥက္ကဋ္ဌတို့ ပေါ်ပေါက်လာသည်။ ပြည်နယ်ကောင်စီနှင့် ဥက္ကဋ္ဌသည် အုပ်ချုပ်ရေးအာဏာပိုင် ဖြစ်လာသည်။
၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကရင်ပြည် နယ်သည် ဆက်လက်တည်ရှိပြီး ပြည်နယ်ကောင်စီကို ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း သည်။ ပြည်နယ်အကြီးအကဲသည် ပြည်နယ်ဝန်ကြီးချုပ် ဖြစ်သည်။ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်အပ်ပြီး ပြည်နယ်လွှတ်တော်က အတည်ပြုရသည်။ ပြည်နယ် လွှတ်တော်သည် ပြည်နယ်နှင့်ဆိုင်သော ဥပဒေပြုအာဏာ ကို ရရှိသည်။ တရားစီရင်ရေးတွင် ပြည်နယ် တရားသူကြီး ချုပ်ကို နိုင်ငံတော်သမ္မတကပင် ရွေးချယ်ခန့်ထားသည်။
ကရင်ပြည်နယ်အစိုးရ၏ လက်ရှိ ဖွဲ့စည်းပုံအရ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီး ဌာနကိုးခုဖြင့် အုပ်ချုပ်ဆောင်ရွက်လျက် ရှိသည်။ ဝန်ကြီးဌာနများမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာန၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော၊ သတ္တုနှင့် လမ်း ပန်း ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီး ဌာန၊ ဗမာတိုင်းရင်းသားရေးရာ လူမျိုးရေးဝန်ကြီးဌာန၊ မွန် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ပအိုဝ်းတိုင်းရင်းသား ရေးရာ လူမျိုးရေးဝန်ကြီးဌာနတို့ ဖြစ်ကြသည်။
ဥပဒေပြုရေးနှင့် ပတ်သက်၍ ကရင်ပြည်နယ် လွှတ်တော်က လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးတို့က ဆောင်ရွက်လျက် ရှိသည်။
ကရင်ပြည်နယ်၌ ခရိုင်လေးခု၊ မြို့နယ် ခုနစ်မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စု ၄၁၀ ပါဝင်သည်။ ၎င်းပြည်နယ်၏ ခရိုင်များမှာ ကော့ကရိတ်၊ ဖာပွန်၊ ဘားအံနှင့် မြဝတီခရိုင် တို့ ဖြစ်ကြသည်။
သစ်တော၊ သယံဇာတနှင့် စီးပွားရေး
သဘာဝပေါက်ပင်များမှာ အများအားဖြင့် အပူပိုင်း စိုစွတ်သောနေရာမျိုးတွင် ပေါက်လေ့ရှိသည့် အမြဲစိမ်း သစ်တောများဖြစ်ကာ ပြည်နယ်ဧရိယာ၏ ထက်ဝက် ကျော်ကို ဖုံးအုပ်လျက်ရှိသည်။ ရွက်ကြွေတော အနည်း ငယ်နှင့် ထူထပ်သော ချုံနွယ်များကိုလည်း တွေ့ရသည်။ ကြိုးဝိုင်းသစ်တော ဧကတစ်သန်းကျော်၊ ကြိုးပြင် ကာ ကွယ်တောဧရိယာ ဧကသုံးသောင်းကျော်၊ ကြိုးပြင် ဧရိယာ ဧကလေးသိန်းကျော် ရှိသည်။ ၎င်းသစ်တောများမှ ကျွန်း၊ ပျဉ်းကတိုး၊ သင်္ကန်း၊ အင်၊ ကညင်၊ သစ်ရာ၊ ပိတောက်သစ်များနှင့် အခြားသစ်တောထွက်ပစ္စည်းများ ထုတ်လုပ်သည်။
ကရင်ပြည်နယ်တွင် စုစုပေါင်းစိုက်ပျိုးမြေဧက ခုနစ် သိန်း နီးပါးရှိသည်။ မိုးစပါးဧကသုံးသိန်းကျော်၊ ကိုင်း ကျွန်းမြေ ဧကတစ်သောင်းကျော်၊ ဥယျာဉ်ခြံမြေဧက ၅၀ဝ၀ ကျော်နှင့် တောင်ယာမြေဧက ၉၀ဝ၀ ခန့်ရှိသည်။ မိုးကောင်းစွာရရှိသောဒေသဖြစ်၍ မိုးဥတု သီးနှံစိုက်ပျိုး ရေးအတွက် ဆည်မြောင်းများ မလိုအပ်ပေ။ သို့သော် ဆောင်းသီးနှံများကို ရေသွင်း စိုက်ပျိုးကြသည်။
စပါးသည် ကရင်ပြည်နယ်၏ အဓိကစိုက်ပျိုး သီးနှံဖြစ်သည်။ ဆောင်းမြေပဲကို ကိုင်း-ကျွန်းပေါ်၌ စိုက် ပျိုး၍ မိုးမြေပဲကို တောင်ယာများ၊ ယာမြေများ၌ အနည်း ငယ်စိုက်သည်။ အခြားစိုက်ပျိုးသော သီးနှံများမှာ နှမ်း (နှမ်းကြီး)၊ နေကြာ၊ ပဲအမျိုးမျိုး၊ ကြံ၊ ရော်ဘာ၊ ကွမ်းသီး၊ ကော်ဖီ၊ အုန်းနှင့် သစ်သီးပင်များ ဖြစ်သည်။
တွင်းထွက်သယံဇာတပစ္စည်းများအဖြစ် သံ၊ ခဲ၊ ကြေးနီ၊ သံဖြူ၊ ကျောက်မီးသွေးနှင့် ခနောက်စိမ်းများ ထွက်ရှိသည်။ တွင်းထွက်ပစ္စည်းတွင် ခနောက်စိမ်းကို အနည်းငယ် ထုတ်လုပ်လျက် ရှိသည်။
မြဝတီမြို့မှာ နယ်စပ်ဒေသမြို့ဖြစ်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် ဆက်သွယ်ထားသော အာရှ လမ်းမကြီး၏ အစိတ်အပိုင်း တစ်ခုအဖြစ် ကုန်စည် ကူး သန်းသွားလာမှုရှိသည်။ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့် ထား၍ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ တွင်တွင် ကျယ် ကျယ်ရှိသည်။
လမ်းပန်းဆက်သွယ်ရေး
ကရင်ပြည်နယ်တွင် ကားလမ်း၊ ရေလမ်းနှင့် လေ ယာဉ်လမ်းများ ရှိသည်။ ကားလမ်းများမှာ ဘားအံ-သထုံ –ပဲခူး-ရန်ကုန်လမ်း၊ ဘားအံ–လှိုင်းဘွဲ့လမ်း၊ ဘားအံ– ကော့ကရိတ်-မြဝတီလမ်း၊ ကျုံဒိုး-ကြာအင်းဆိပ်ကြီး လမ်း၊ ဘားအံ-လှိုင်းဘွဲ့–ရွှေဂွန်းလမ်း၊ ဘားအံ–ဘီးလင်း–ဖာပွန်လမ်း၊ တောင်ငူ(ပဲခူး) – လိပ်သို – ယာဒိုလမ်း၊ တောင်ငူ–သံတောင်လမ်း၊ ဘားအံ – ဝါးဘိုးတော - ကမ မောင်း–ဖာပွန်လမ်းတို့ ဖြစ်သည်။ ရေလမ်းအတွက် အသုံး ပြုသော မြစ်များမှာ သံလွင်၊ ဂျိုင်းနှင့် ဇမိမြစ်တို့ ဖြစ် သည်။ သံလွင်မြစ်တွင် မြစ်ဝရှိ မော်လမြိုင်မှ ရွှေဂွန်းအထိ သင်္ဘောများ သွားလာနိုင်သည်။ မော်လမြိုင်မြို့မှ အတ္ထရံ မြစ်နှင့် ယင်း၏လက်တက် ဇမိမြစ်ကြောင်းအတိုင်း သွား လာသော သင်္ဘောလမ်းသည် ကြာအင်းဆိပ်ကြီးအထိ ရောက်သည်။ ဂျိုင်းမြစ်ကြောင်းတွင် မော်လမြိုင်မှ ကျုံဒိုး အထိ သင်္ဘောများသွားလာနိုင်သည်။ ဘားအံနှင့် ဖာပွန် တို့တွင် လေယာဉ်ကွင်းရှိသည်။
ကိုးကွယ်ယုံကြည်မှု
ကရင်လူမျိုးတို့တွင် ဗုဒ္ဓဘာသာကိုးကွယ်သူများ ရှိသကဲ့သို့ ခရစ်ယာန်ဘာသာကို ကိုးကွယ်သူများလည်း ရှိသည်။ ရိုးရာအနေဖြင့် နတ်စားကြပြီး ကြက်ရိုးထိုး သည့်အလေ့ကို ယုံကြည်သည်။
စာပေ ဘာသာစကား
၁၈၃၀ ပြည့်နှစ်ကာလက အမေရိကန် နှစ်ခြင်း သာသနာပြုဆရာ ဒေါက်တာဝိတ်ဆိုသူသည် ဂျိုင်းမြစ် ဝှမ်းရှိ ကရင်အမျိုးသားတို့အား ခရစ်ယာန် အယူဝါဒကို ဟောပြောစဉ် စကောကရင်စကားကို စာဖြင့် စတင် ရေးသားခဲ့သည်။ ရေးသားရာ၌ မြန်မာအက္ခရာများကို အသုံးပြုခဲ့သည်။ ၁၈၄၁ ခုနှစ်တွင် အမေရိကန် သာသနာပြုဆရာ ဒေါက်တာမေဆင်သည် ထားဝယ်မြို့၌ မိုးသောက်ကြယ် အမည်ဖြင့် စကောကရင်ဘာသာ သတင်းစာတစ်စောင် ထုတ်ဝေခဲ့သည်။ ပိုးကရင်စာကို မစ္စတာဗရေတန်က ၁၈၄၀ ပြည့်နှစ်ကာလတွင် စတင် တီထွင်ခဲ့သည်။
ရိုးရာယဉ်ကျေးမှု လူမှုဓလေ့ဆိုင်ရာပွဲတော်များ
ကရင်လူမျိုးတို့၏ ယဉ်ကျေးမှုသင်္ကေတမှာ ဖားစည် ဖြစ်သည်။ ကရင်ဒုံးအကသည် မြူးကြွသော အကတစ်မျိုး ဖြစ်သည်။ ဘာသာရေးဆိုင်ရာ ရိုးရာဓလေ့ပွဲတော်များမှာ နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ သဲပုံစေတီပွဲ၊ ရေအိုးစင်ပွဲ၊ နှစ်သစ်ကူးနှင့် ဘုရားပွဲ၊ ကရင်မီးပုံပွဲ၊ လိပ်ပြာခေါ်ပွဲ၊ သင်္ဘောလွှတ်ပွဲနှင့် အရိုးကောက်ပွဲတို့ ဖြစ်ကြသည်။ ထို့ပြင် တောင်ယာလယ်တောနှင့် ပတ်သက်သော ပွဲတော် များမှာ တောင်ယာနတ်စားပွဲ၊ တောင်ယာခုတ်ပွဲ၊ တောင် ယာစူးထိုးပွဲ၊ တောင်ယာစပါးရိတ်သိမ်းပွဲ၊ ကောက်သစ် စားပွဲ၊ ချည်ဖြူဖွဲ့မင်္ဂလာပွဲ၊ ရေမြောင်းတာတမံနတ် ပူဇော် ပွဲ၊ စပါးပုံလိပ်ပြာခေါ်ပွဲ၊ လယ်နတ်တင်ပွဲ၊ ကိုင်းနတ်တင်ပွဲ နှင့် တောင်ယာနတ်တင်ပွဲတို့ ဖြစ်ကြသည်။ နိုဝင်ဘာလ ၇ ရက်သည် ကရင်ပြည်နယ်နေ့ ဖြစ်သည်။ ကရင် အမျိုးသားပြက္ခဒိန်အရ ပြာသိုလဆန်း ၁ ရက်မှာ ကရင် နှစ်သစ်ကူးနေ့ ဖြစ်သည်။ နိုင်ငံတော်၏ တရားဝင် ရုံး ပိတ်ရက်အဖြစ် သတ်မှတ်လျက် ကရင်နှစ်သစ်ကူးပွဲတော် ကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။
သမိုင်းဝင် ထူးခြားသောဒေသများ
ကရင်ပြည်နယ်၏ အလှကျက်သရေဆောင် ဇွဲကပင် တောင်နှင့် ဆံတော်ရှင်စေတီ၊ ကော့ဂွန်းဂူတို့မှာလည်း စိတ်ဝင်စားစရာ ကောင်းသည်။ သံတောင်ကြီး တောင် စခန်းမြို့နှင့် တောင်ပေါ်၌ ကရင်တိုင်းရင်းသားတို့ အထွတ်အမြတ်ထားရာ နော်ဘူဘောတောင်ထွတ်၊ ပသီ ချောင်း စသည့် နေရာများမှာလည်း ဧည့်သည်များအား ဆွဲဆောင်မှုရှိသည်။ ဘားအံမြို့ရှိ ကျောက်ကလပ်စေတီ၊ ရသေ့ပျံဂူ၊ ဆဒ္ဒန်ဂူစေတီ၊ ရွှေရင်မျှော်စေတီတို့မှာ ထင်ရှား သည်။ ကျုံထော် ရေတံခွန်မှာလည်း အထူးစည်ကားသည်။