Myanmar Encyclopedia

ကရူဂါ၊ ပေါ (၁၈၂၅-၁၉၀၄)။ ။ ပေါ ကရူဂါသည် တောင် အာဖရိကမှ ထင်ရှားသော နိုင်ငံရေးသမား စစ်ဗိုလ်ဖြစ်ပြီး ၁၈၂၅ ခုနှစ်တွင် မွေးဖွားသည်။ ၁၈၉၉-၁၉၀၂ ခုနှစ် အင်္ဂလိပ်နှင့် ဘိုးဝါးများ စစ်ဖြစ်ရာတွင် အင်္ဂလိပ်ကို အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ ပညာ ကောင်းကောင်း မသင်ခဲ့ရသော်လည်း နိုင်ငံရေးကျွမ်းကျင် သည်။ အနေအထိုင် ရိုးပြီး ဘာသာရေး အလွန်ကိုင်းရှိုင်း သည်။ သူ့ကို 'အုမ်ပေါ'(ဘကြီးပေါ)ဟု ခေါ်ကြသည်။

အာဖရိကအငူ ကေ့ကိုလိုနီနယ်ထဲတွင် ပေါကရူဂါကို မွေးဖွားသည်။ ထိုဒေသတွင် ဒတ်ချ်အနွယ် ဘိုးဝါးလူမျိုး များ နေထိုင်လျက်ရှိရာ ဗြိတိသျှအုပ်ချုပ်မှုကို မခံလိုသဖြင့် အာဖရိကအလယ်ပိုင်း ဒေသသို့ အများအပြား ရွှေ့ပြောင်း ခဲ့ကြသည်။

တောင်အာဖရိကတွင် ဒတ်ချ်ပိုင်နက်အဖြစ် ထရန် စဗယ်နယ်မြေကို တည်ထောင်ရာတွင် ကရူဂါမိသားစု ပါဝင်သည်။ ဗြိတိသျှက ဆန့်ကျင်သဖြင့် ပြဿနာများ ဖြစ်ပွားခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် ထရန်စဗယ် လွတ်လပ် ရေး ရရှိပြီး ၁၈၈၃ ခုနှစ်မှ ၁၉၀ဝ ပြည့်နှစ်အထိ သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။ သို့ရာတွင် ရွှေတွင်းများ တွေ့ရှိသဖြင့် ဗြိတိသျှအများဆုံးပါဝင်သော နိုင်ငံခြားသား များ ထရန်စဗယ် သမ္မတနိုင်ငံထဲသို့ ဝင်ရောက်လာရာမှ ပဋိပက္ခများ ကြီးထွားလာပြီး ဗြိတိသျှနှင့် ထရန်စဗယ်တို့ စစ်ဖြစ်သည်။ ဘိုးဝါးစစ်ပွဲဟု အမည်တွင်သည်။ ကရူဂါက ဥရောပမှ အကူအညီရရှိရန် အပြင်းအထန် ကြိုးစားသော် လည်း မအောင်မြင်ဘဲ ထွက်ပြေးခဲ့ရပြီး ၁၉၀၄ ခုနှစ်တွင် ကွယ်လွန်သည်။ (ဘိုးဝါးစစ်ပွဲ- ရှု။)

ပင်မစာမျက်နှာသို့