ကရိသျှန မူရ်တီး၊ ဂျေဒု (၁၈၉၅-၁၉၈၆) ။ ။ အိန္ဒိယ ဒဿနပညာရှင် တရားဟောဆရာနှင့် စာရေးဆရာကြီး ဂျေဒုကရိသျှနမူရ်တီးသည် ၁၈၉၅ ခုနှစ်၊ မေလ ၁၁ ရက် တွင် အိန္ဒိယတောင်ပိုင်း မဒရပ်မြို့မြောက်ဘက် ၂၃၄ ကီလိုမီတာ (မိုင် ၁၅၀) အကွာရှိ မဒနာလေအရပ်၌ ဗြာဟ္မဏမိဘမျိုးရိုးမှ မွေးဖွားသည်။ ရှစ်ယောက်မြောက် သားဖြစ်သည်။ ဖခင်သည် သီအိုဆိုဖီ (ပရမတ္ထဉာဏဓမ္မ) အသင်းသား ဖြစ်သည်။ အသက် ၁၄ နှစ်အရွယ်တွင် ဖခင် သည် အစိုးရအလုပ်မှ အငြိမ်းစားယူပြီး မဒရပ်မြို့ အန္ဒရာအရပ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ရာ သီအိုဆိုဖီအသင်း ဌာန ချုပ်၌ လက်ထောက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက် သည်။
ဟိန္ဒူအယူဝါဒ၊ ဒိဗ္ဗဉာဏ်ဝါဒတို့အပါအဝင် ဘာသာ ရေးအယူဝါဒ အမျိုးမျိုးကို ပေါင်းရုံးလေ့လာသည့် သီအို ဆိုဖီ အသင်းလူကြီးများသည် ကရိသျှနမူရ်တီး၏ ရုပ်ဆင်း အင်္ဂါနှင့် အမူအရာကို ကြည့်ကာ ယောက်ျားမြတ် လက္ခဏာပါသည်ဟု နိမိတ်ဖတ်ကြသည်။ ၁၉၁၀ ပြည့်နှစ် တွင် သီအိုဆိုဖီအသင်းဥက္ကဋ္ဌ အိုင်းရစ်အမျိုးသမီး ဒေါက် တာ အန္နိဗီဆင့်က ကရိသျှနမူရ်တီးနှင့် ညီဖြစ်သူ နိတျာ နန္ဒတို့နှစ်ဦးကို မွေးစားသည်။ ကရိသျှနမူရ်တီးသည် အင်္ဂလန်၊ ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၌ ပညာဆည်းပူး ခွင့် ရရှိခဲ့သည်။ ဒေါက်တာဗီဆင့်သည် အသင်းလူကြီး အချို့နှင့်အတူ အရှေ့ဘက်ကကြယ်အဖွဲ့ကို ထူထောင် သည်။ ကရိသျှနမူရ်တီးသည် အဖွဲ့ကြီး၏ ခေါင်းဆောင် အဖြစ် တင်မြှောက်ခံခဲ့ရပြီး ၁၉၂၉ ခုနှစ်တွင် တစ်ကမ္ဘာ လုံး၌ အဖွဲ့ဝင်တစ်သိန်းထက်မနည်း ရှိလာသည်။
ကရိသျှနမူရ်တီးသည် ညီငယ်နိတျာနန္ဒမှာ အဆုတ် ရောဂါဖြင့် ကွယ်လွန်သွားသဖြင့် ပူဆွေးသောက ရောက် ပြီးမှ သတိပြန်လည်ကာ တရားပွဲများ ဆက်တိုက် ဟောကြားခဲ့သည်။ အမေရိကန်၊ ဟော်လန်၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ သြစတြေးလျ၊ အိန္ဒိယစသည့် နိုင်ငံအသီးသီး၌ သဒ္ဓါကြည်ညိုသူများက တရားရိပ်သာစခန်းများ လှူဒါန်း ပေးကြသည်။ သို့ရာတွင် ၁၉၂၉ ခုနှစ်၊ သြဂုတ်လ ၃ ရက်တွင် ဟော်လန်နိုင်ငံ အိုမန်တရားစခန်း၌ ကျင်းပ သော အရှေ့ဘက်ကကြယ်အဖွဲ့ အစည်းအဝေးကြီးသို့ တက်ရောက်လာကြသော ပရိသတ် ၃၀ဝ၀ ၏ ရှေ့မှောက် ၌ ကရိသျှနမူရ်တီးသည် ''အမှန်တရားကို အစည်းအရုံး အကူအညီအားဖြင့် မတွေ့နိုင်။ မိမိကိုယ်ကို မိမိအားကိုး၍ သာ အမှန်တရားကို ရှာတွေ့နိုင်သည်။ ကျွန်ုပ်၏နောက်သို့ တပည့်ခံ၍ လိုက်မနေကြပါနှင့်၊ ကျွန်ုပ်ကိုမှီ၍ မိမိအတွက် လှောင်ချိုင့် မဖန်တီးပါလေနှင့်'' ဟူ၍ ဟောပြောခဲ့ပြီး မိမိ ကိုယ်မိမိ လောကကိုလမ်းညွှန်သည့် ဆရာရှင်ဟူသော ဂုဏ်ဒြပ်နှင့်မထိုက်ကြောင်း ကြေညာကာ ယင်းအဖွဲ့ကြီး ကို ဖျက်သိမ်းခဲ့ပြီး သီအိုဆိုဖီအသင်းမှ နုတ်ထွက်လိုက် သည်။ သို့ရာတွင် တရားနာလိုသူတိုး၍သာ များလာလေ ရာ ကမ္ဘာတစ်ဝန်းသို့ခရီးလှည့်၍ အတွေးအမြင်များကို ဆက်လက် ဟောပြောနေခဲ့သည်။
ကရိသျှနမူရ်တီး၏ ရေးသား၊ ဟောပြောဆွေးနွေးခဲ့ သည်များကို စာအုပ်အဖြစ် ထုတ်ဝေထားသည်မှာ အများ အပြား ရှိသည်။ ယင်းတို့အနက် ပညာနှင့်ဘဝ၏ ထူးခြား သော အဓိပ္ပာယ်(၁၉၅၃)၊ တစ်သက်တာဋီကာ(သုံးတွဲ) (၁၉၅၆–၆၀)၊ ပြောင်းလဲခြင်း၏အရေးကြီးပုံ (၁၉၇၀) စာအုပ်တို့သည် အထူးထင်ရှားသည်။ ကရိသျှနမူရ်တီး သည် တပည့်နောက်လိုက် အခြွေအရံ များပြားသော်လည်း မိမိကိုယ်ကို အစဉ်နှိမ့်ချ နေထိုင်ကျင့်ကြံလေ့ ရှိသည်။
မျက်မှောက်ခေတ်ရေးရာကိုလည်း မျက်ခြည်မပြတ် လေ့လာသည်။ တရားဖြန့်ဖြူးနိုင်အောင် အနေအထိုင်၊ အစားအသောက်မှစ၍ ခန္ဓာကိုယ်ကို စနစ်တကျ စောင့် ရှောက်လေ့ရှိသည်။ ဗြိတိသျှ စာရေးဆရာကြီး ဂျော့ ဘားနဒ်ရှော (၁၈၅၆-၁၉၅၀)ကပင်လျှင် မြင်တွေ့ဖူးသမျှ လူသားအားလုံးထဲတွင် ကရိသျှနမူရ်တီးသည် ဥပဓိရုပ် အကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။
ကရိသျှနမူရ်တီးသည် ၁၉၈၆ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၇ ရက်တွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည် နယ်၊ အိုဟိုင်းမြို့ ကျေးလက်နေအိမ်၌ ကွယ်လွန်သည်။