ကရာတေး ။ ။ ကရာတေးဆိုသည်မှာ ဂျပန်ဘာသာ စကားဖြစ်၍ လက်နက်ကိရိယာမပါဘဲ ခြေထောက်နှင့် လက်တို့ကို အသုံးပြု၍ လျှပ်တစ်ပြက် တန်ပြန်တိုက်ခိုက် နိုင်သော ကိုယ်ခံပညာတစ်ရပ် ဖြစ်သည်။
အဆိုပါပညာရပ်မှာ အရှေ့တိုင်းတွင် ရာစုနှစ်ပေါင်း များစွာကပင် ပေါ်ထွန်းခဲ့သည်။ သို့သော် ၁၇ ရာစုနှစ်တွင် အိုကီနာဝါကျွန်း၌ လက်နက်စွဲကိုင်ခြင်း မပြုရန် အစိုးရက တားဆီးပိတ်ပင်လာသောအခါ ကျွန်းသူကျွန်းသားအချို့ က ကရာတေးကို စနစ်တကျဖြစ်အောင် ပြန်လည် မွမ်းမံ တီထွင်ခဲ့သည်။ ထို့နောက် ၁၉၂၀ ပြည့်နှစ်များအတွင်း ကရာတေးပညာသည် အိုကီနာဝါကျွန်းမှ ဂျပန်နိုင်ငံသို့ ပျံ့နှံ့သွားခဲ့သည်။ ကရာတေးပညာကို ဂျပန်လူမျိုးတို့က ယင်းတို့၏ နည်းနိဿယများကို ထပ်မံဖြည့်စွက်ကာ
တိုက်နည်းတိုက်ဟန် မူတစ်မျိုးဖြင့် ထပ်မံတီထွင်ခဲ့သည်။ သို့သော် အခြားသော အရှေ့တိုင်းသိုင်းပညာများ ကဲ့သို့ပင် ကရာတေးပညာသင်ယူသော သင်တန်းသားများသည် စိတ်အနေအထား၊ ရိုးရာဓလေ့ထုံးစံ၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုနှင့် ပညာအခြေခံအဆင့်အတန်း သတ်မှတ်သည့် အထိမ်းအမှတ်စသော စည်းမျဉ်းများကို လိုက်နာရသည်။
ကရာတေးပညာသည် တိုက်ခိုက်ခြင်းပြုရာ၌ ခြေထောက် ဖြင့် ကန်ကျောက်ခြင်း၊ လက်ဖြင့်ရိုက်ခြင်း ပြုရသကဲ့သို့ တစ်ဖက်ရန်သူက တိုက်ခိုက်မှုပြုလျှင်လည်း လက်နှင့် ခြေထောက်ကို အသုံးပြု၍ ကာကွယ်ရသည်။ ထို့ကြောင့် ကရာတေးပညာမှာ ကိုယ်ခန္ဓာစွမ်းအားကို အစွမ်းကုန် အသုံးပြု ကာကွယ် တိုက်ခိုက်ရသော ပညာတစ်မျိုးပင် ဖြစ်သည်။
တိုက်ခိုက်ရန် စည်းကမ်းအရ သတ်မှတ်ထားသော နေရာများမှာ လက်အပါအဝင် လက်ဆစ်၊ ခြေဆစ်၊ လက် ရှေ့ပိုင်း၊ တံတောင်ဆစ်၊ ခြေဖဝါး၊ ဖနောင့်နှင့် ဒူးခေါင်းတို့ ဖြစ်သည်။ ထို့ကြောင့် အဆိုပါအစိတ်အပိုင်းများ မာကျော နေရန် လက်မ အတော်အတန်ထူသော ထင်းရှူးပြား ကွဲသွားနိုင်သည့် စွမ်းအားရှိသည့်တိုင် အလေ့အကျင့် ပြုပေးရသည်။ အလားတူ တိုက်ခိုက်မှုပရိယာယ်၊ အချိန်၊ စိတ်ဓာတ်တို့ကိုလည်း ကိုယ်ကာယ သန်စွမ်းလာသည့် အလျောက် သန်စွမ်းရန် လေ့ကျင့်ပေးရသည်။
သင်တန်းတွင် လေ့ကျင့်ပေးသောအခါတွင် တစ်ဦး နှင့်တစ်ဦး တိုက်ခိုက်ရာ၌ တိုက်ရိုက်မထိစေဘဲ ၁ လက်မ အကွာအထိသာ ရောက်ရှိစေရန် လေ့ကျင့်ရသည်။
ယှဉ်ပြိုင်မှုများပြုလုပ်ရာတွင် အရှုံးအနိုင်မပေါ်ဘဲ ဖြစ်ခဲ့လျှင် ယေဘုယျအားဖြင့် ဒိုင်လူကြီးက အချိန် သုံးမိနစ်ခန့် အနားပေး၍ ဆက်လက် ယှဉ်ပြိုင်ခွင့် ပြုလေ့ ရှိသည်။ အချို့ယှဉ်ပြိုင်မှုများတွင် ယှဉ်ပြိုင်သူများက တိုက်နည်းတိုက်ဟန်များနှင့် ခုခံကာကွယ်မှုမျိုးကို ကြို တင် သတ်မှတ်ခြင်းပြု၍လည်း ယှဉ်ပြိုင်လေ့ရှိကြသည်။ ကရာတေးပညာ အခြေခံအရ သတ်မှတ်ထားသော အထိမ်းအမှတ်မှာ အရောင်ကွဲခါးစည်းကြိုးများ ဆင်မြန်း ခြင်းဖြင့် သတ်မှတ်သည်။