ကရဝိက်ဖောင် ။ ။ ရှေးမြန်မာမင်းတို့ ရေကြောင်းထွက် စံပယ်တော်မူရာ၌ လှေတော်၊ ဖောင်တော်အမျိုးမျိုးကို စီးနင်းသုံးဆောင်လေ့ရှိကြသည်။ တိုးဖောင်တော်၊ စာမရီ ဖောင်တော်၊ ကရဝိက်ဖောင်တော်စသည့် ဖောင်တော် အမျိုးမျိုးရှိရာ၌ ကရဝိက်ဖောင်သည် ထင်ရှား၍ လူသိများ သည်။ ကရဝိက်ဖောင်ဟု အမည်တွင်ခြင်းမှာ ကရဝိက် ငှက်၏ ပုံသဏ္ဌာန်အတိုင်း ထုလုပ်မွမ်းမံထားသောကြောင့် ဖြစ်သည်။ ကရဝိက်ဖောင်ဟုခေါ်သော ရေယာဉ်ကို ကရဝိက်ငှက်၏သဏ္ဌာန် တည်ဆောက်လေ့ရှိကြသော် လည်း နှုတ်သီး၊ ရင်အုပ် အတောင်နှစ်ဖက်နှင့် ငှက် တစ် ကောင်အဖြစ်သာလျှင် သာမန်အားဖြင့်သိကြရ၍ အမှတ် အသားအတိအကျ မရှိချေ။ ဖောင်ဦးတွင် ကရဝိက်ငှက် ၏ဦးခေါင်းနှင့်တူစွာ ဖန်တီး၍ ပဲ့ချောင်တွင် အမြီးသဖွယ် ကော့၍ တက်စေသည်။ ဖောင်တော်ပေါ်တွင် ဘုံအဆင့် ဆင့်ရှိသော ပြာသာဒ်တစ်ဆောင်မှ သုံးဆောင်အထိ အထွတ်တင်ထားသည်။ ထိုဖောင်တော်ကို ဘုရင်ဧကရာဇ် နှင့် မိဖုရားခေါင်ကြီးများသာ အသုံးပြုကြသည်။ စစ်ချီ တက်ရာ၌ ကရဝိက်ဖောင်ကို အသုံးမပြုချေ။ မင်းပွဲသဘင် ဆင်ယင်ကျင်းပရာ၌သာ ကရဝိက်ဖောင်ကို စီးနင်းလေ့ ရှိသည်။ ကရဝိက်ဖောင်တော်ကို လှော်ကားလှေများက ကြိုးဖြင့် ချိတ်ဆွဲတွဲယူကြသည်။