Myanmar Encyclopedia

ကရဝေးပင် ။ ။ ကရဝေးပင်သည် မြန်မာနိုင်ငံ အနှံ့ အပြား၌ ပေါက်သော်လည်း တနင်္သာရီတောင်ပိုင်းတွင် အမြောက်အမြား တွေ့ရသည်။ ဤအပင်သည် သစ်ကြံပိုး မျိုးဝင် အပင်တစ်မျိုးဖြစ်၍ သစ်ကြံပိုးပင်နှင့် ခပ်ဆင်ဆင် တူသည်။ အမြင့်မှာ ပေ ၃၀ မှ ၄၀ အထိ ရှိသည်။ ကရဝေးရွက်၏ပုံသဏ္ဌာန်မှာ လှံသွားပုံရှိ၍ ကြွပ်ဆတ် သည်။

ဟင်းခတ် အမွှေးအကြိုင်နှင့် ထောပတ်ထမင်း၊ ဒံပေါက်ထမင်းစသည်တို့တွင် ကရဝေးရွက်မပါလျှင် မပြီး ချေ။ ပရဆေးဖော်ရာ၌လည်း ကရဝေးရွက် ပါဝင်သည်။

ကရဝေးသား၏ အရောင်မှာ လိမ္မော်ညိုရောင် ဖြစ်၍ စမုန်စပါးနံ့ သင်းလျက်ရှိသည်။ လှပ၍ အသင့်အတင့် မာသဖြင့် အိမ်ဆောက်ရန်သာမက ပျဉ်၊ အုတ်ကြွပ်နှင့် ဗီရို စသော အိမ်အသုံးအဆောင်များ ပြုလုပ်နိုင်သည်။ ကရဝေးသားကို အသားသေအောင် ပြုလုပ်ပြီးမှ အသုံးချ သင့်သည်။ သာမန်အခြောက်ခံနည်းဖြင့် အသားသေ အောင် ပြုလုပ်ပါက ကောက်ကွေးကွဲအက်တတ်သော ကြောင့် ပေါင်းတင်အခြောက်ခံနည်းကိုသာ အသုံးပြုသင့် သည်။

ပင်မစာမျက်နှာသို့