Myanmar Encyclopedia

ကရဝိက၊ ရှင် (၁၇၀၈-၁၇၆၈ ခန့်)။ ။ပခန်းကြီးမြို့နယ်၊ ပိုက်သင်ရွာဇာတိဖြစ်သော ပထမ ကျော်အောင်စံထား ဆရာတော်ထံတွင် စာပေကျမ်းဂန် သင်ယူသည်။ မဟာ ဓမ္မရာဇာဓိပတိ (ဟံသာဝတီပါမင်း) လက်ထက် ခရစ်နှစ် ၁၇၄၈ ခုနှစ်တွင် ဝီသတိ နိပါတ်လာ ဘလ္လာတိယ ဇာတ် တော်ကိုမှီး၍ 'ညွန့်ဖူးဝေဝေ၊ ကျွန်းသပြေ၏' အစချီသော မင်းလှယဉ်နုပျို့ကို ဖွဲ့ဆိုသည်။ ထိုပျို့တွင် –

'သော်ကထွတ်ထွတ်၊ ဖက်ဆွတ်လတ်လတ်၊ ရင်ခတ်ရွှေရွှေ၊ မိုးစွေနီနီ၊ သရဖီထပ်ထပ်၊ ဇလပ် မွှေးမွှေး၊ မုလေးဆင့်ဆင့်၊ ကြာပွင့်ဝါဝါ၊ ယင်းမာ လန်းလန်း၊ အနန်းရှားရှား၊ စကားဝင်းဝင်း၊ အင်ကြင်း ရွှင်ရွှင်၊ သဇင်လူလူ၊ မဉ္ဇူလှိုင်လှိုင်၊ ပန်းခိုင်ခိုင်နှင့်'

စသည်ဖြင့် စကားလုံးများကို ဝေဆာနိုင်နင်းစွာ ဖွဲ့နွဲ့ထား သည်။ စကားလုံးကြွယ်ဝ၍ စကားတန်ဆာ ဆင်နိုင်စွမ်း ရှိသည်။

ပင်မစာမျက်နှာသို့