ကရမက်ပင် ။ ။ ကရမက်ပင်သည် အနံ့မွှေးသောအသား ရှိသည့် အပင်ဖြစ်၍ ထိုအသားသည် နံ့သာနီ၊ နံ့သာဖြူ၊ အကျော်၊ စမ္ပာ၊ ကရမက်ဟု ဆိုအပ်သော နံ့သာမျိုး ငါးပါး တွင် ပါဝင်သဖြင့် ထင်ရှားသည်။ 'ကလမက်' ဟူသော ဝေါဟာရမှာ ပသျှူးစကား ဖြစ်သည်ဟု ဆိုသည်။ ကလမက်ကို ကရမက်ဟုလည်း ခေါ်ကြသည်။ 'မိန်းမတို့ အသက် ကရမက်' ဟူ၍ ဆိုရိုးစကားရှိသည့်အတိုင်း မြန်မာအမျိုးသမီး ကြီးငယ်အပေါင်းတို့သည် ကရမက်ကို သွေး၍ လိမ်းကျံကြရုံမက သောက်လည်း သောက်ကြ သည်။ ကရမက်တွင် မြိတ်ကရမက်၊ တောင်ကရမက်ဟူ၍ နှစ်မျိုးရှိရာ၌ နှစ်မျိုးစလုံး အသားနံ့မွှေးကြသော်လည်း ရုက္ခဗေဒအလိုအရ အမျိုးချင်း မတူကြချေ။
အထက်ပါ ကရမက်နှစ်မျိုးစလုံးပင် ပင်လတ်မျိုး ဖြစ်ကြ၍ မြန်မာနိုင်ငံ၌ အထူးသဖြင့် တနင်္သာရီဒေသ တွင် အလေ့ကျပေါက်ကြသည်။ သို့သော် ကရမက်သားကို ပြည်တွင်းထွက်နှင့်မလုံလောက်၍ မလေး(ပသျှူး)ကျွန်း ဆွယ်နှင့် ထိုင်းနိုင်ငံများမှ တင်သွင်းခဲ့ရသည်။
မြိတ်ကရမက်ပင်တို့သည် တနင်္သာရီတောင်ပိုင်း တောနက်ရာဒေသများတွင်ပေါက်၍ မြိတ်နယ်မှ ထွက် လေ့ရှိသဖြင့် မြိတ်ကရမက်ဟု တွင်သည်။ အသားရောင် ညိုညစ်ညစ်ရှိ၍ 'လိပ်သည်းကရမက်' ဟုလည်းတွင်သည်။ ကိုယ်တွင် သွေး၍ လိမ်းထားလျှင် ရေချိုးသည့်တိုင်အောင် အနံ့သင်းသင်း စွဲကျန်ရစ်တတ်သဖြင့် 'ရေချိုးခံကရမက်' ဟူ၍လည်း အမွှမ်းတင်ကာ ခေါ်ကြသည်။ ကရမက်နှစ်မျိုး အနက် အသားညိုသော မြိတ်ကရမက်က တောင်ကရမက် ထက်ပို၍ ဆေးဖက်ဝင်သည်ဟု အဆိုရှိသည်။
ဤကရမက်သားကို ထုတ်ယူပုံမှာ အပင်ကို တော ထဲ၌ သင်းသတ်၍ဖြစ်စေ၊ ခုတ်လှဲ၍ဖြစ်စေ ပစ်ထားပြီး နောက် နှစ်နှစ်ခန့်လွန်မြောက်၍ အသားဆွေးလောက် သည့် အချိန်ကျမှ အနေတော်ဖြတ်စိတ်ကာ ယူကြရသည်။ ထူးဆန်းသည်မှာ ကရမက်သား လတ်လတ်ဆတ်ဆတ်၌ အနံ့မရှိ။ အသားဆွေးမှ အနံ့ထွက်လာပြီးလျှင် အသား ဆွေးလေ အနံ့မွှေးလေဖြစ်ကြောင်း သိရသည်။
တောင်ကရမက်ပင်တွင် စန္ဒဝါပင်၊ မိတ်ပင်၊ မှတ် ကျောက်ပင်စသည်ဖြင့် အမည်ကွဲများရှိသည်။ မြန်မာ နိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီးရှိ တောင်ပေါ်သစ် တောများ၌ အများအားဖြင့် တွေ့ရပြီး အသားနံ့မွှေးသော ကြောင့် တောင်ကရမက်ဟု ခေါ်ဆိုကြဟန်တူသည်။ အသားအရောင်မှာ ညိုညစ်ညစ်ပင် ဖြစ်သည်။ သို့သော် မြိတ်ကရမက်သားထက် အရောင်ဖျော့ကာ နံ့သာဖြူ ရောင်ဘက်သို့ ပါသောကြောင့် 'နံ့သာကရမက်'ဟုလည်း တွင်သည်။ တောင်ကရမက်သားသည် လှပသည်။ ကောင်းစွာ အသားသေသည်။ ပြုပြင်ရလွယ်သည်။ ပြောင် လက်လာအောင် ပွတ်တိုက်ပေးနိုင်သည်။ ထို့ကြောင့် ဤ အသားဖြင့် အလှအပအသုံးအဆောင်များကို ပြုလုပ်ရန် သင့်တော်သဖြင့် ၁၈၇၈ ခုနှစ်က မြန်မာ တောင်ကရမက် သားအချို့ကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ တင်ပို့ရောင်းချ ခဲ့ဖူးသည်။