ကရကတ်ငှက် ။ ။ ကရကတ်ငှက်သည် ဝမ်းဘဲတစ်မျိုး ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အရှေ့ပိုင်းဒေသ များတွင် နေထိုင်၍ ရေအိုင်၊ ရေကန်များတွင် ကျက်စား လေ့ရှိသည်။
ဤငှက်သည် အလျား ၁၃ လက်မခန့်ရှိ၍ ဝမ်းဘဲ မျိုးတွင် အငယ်ဆုံးဖြစ်သည်။ အမွေးအတောင်စုံပြီးသော ငှက်ဖိုသည် ဦးခေါင်း ညိုမည်း၍ တစ်ကိုယ်လုံး ဖြူဖွေး နေသည်။ လည်ပင်းအောက်ပိုင်းတွင် မည်းနက်သော အရစ်ကြီးတစ်ခု ပါရှိသည်။ ကိုယ်အထက်ပိုင်းမှာ အစိမ်း နှင့် ခရမ်းရောင်နု ဖြစ်သည်။ ခြေထောက်နှင့် နှုတ်သီးမည်း ၍ မျက်စိနီသည်။ အဖိုနှင့်အမမှာ အနည်းငယ်သာ ကွာ ခြား၍ ငှက်ငယ်ကလေးများမှာ ငှက်မနှင့်ပို၍ တူကြသည်။
ကရကတ်ငှက်သည် မြစ်ပြင်နှင့်တကွ သစ်ပင်၊ ချုံပုတ်ပေါများသော အင်းအိုင်၊ ချောင်းမြောင်းများတွင် အုပ်သင်းဖွဲ့၍ နေတတ်သည်။ ပိုးမွှားများနှင့် ရေပေါ်ပင် များကို စားသောက်ကြသည်။ ရေငုပ်ကျင်လည်သည်။ ပျံသန်းရာ၌ လျင်မြန်၍ တောင်ပံရိုက်တတ်သည်။ ရေပြင် တွင်ကပ်၍ ပျံသန်းပြီးလျှင် သစ်ငုတ်၊ ချုံပုတ် စသည်တို့ကို ကျင်လည်စွာ တိမ်းရှောင်သွားနိုင်သည်။ ပျံသန်းစဉ် ဆူညံ စွာ အော်တတ်သည်။
အသိုက်များကို သစ်ကိုင်း၊ မြက်၊ ငှက်မွေးငှက်တောင် များဖြင့် ရေစပ်ရှိမြေပြင်မှ ၁၀ ပေ၊ ၁၅ ပေခန့် မြင့်သော သစ်ခေါင်းများတွင် ပြုလုပ်လေ့ရှိသည်။ တစ်မြုံလျှင် ဥရှစ်လုံးမှ ၁၄ လုံးအထိ ရှိတတ်၍ တစ်ခါတစ်ရံ ၂၂ လုံး အထိပင် ရှိတတ်သည်။ ဥများမှာ ဖြူ၍ ပြောင်လက် ချော မွတ်နေသည်။ ဥ၏အရွယ်မှာ ပျမ်းမျှအလျား ၁ ဒသမ ၇ လက်မနှင့် ဗြက် ၁ ဒသမ ၂၉ လက်မခန့် ရှိတတ်သည်။