Myanmar Encyclopedia

ကယန်းလူမျိုး ။ ။ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ကယန်း လူမျိုးသည် မိမိကိုယ်ကိုယ် ကမ်းယံလူမျိုးကြီးအုပ်စုမှ ဆင်းသက်လာသည်ဟု ခံယူသည်။ မွန်ဂိုကုန်းမြင့်တွင် နေထိုင်ခဲ့စဉ်က 'ခိ'နှင့် 'ယန်း' ညီအစ်ကိုနှစ်ဦး၏ မိသားစု မှ ဆင်းသက်လာသောကြောင့် မိသားစု၏မျိုးနွယ်အမည် ခိယန်း ဟူသောအမည်ကို ခံယူသည်။ ထိုမှတစ်ဆင့် ခိယန်း၊ ခယန်း၊ ကယန်း ဟူသောအမည်သို့ အဆင့်ဆင့် ပြောင်းလဲလာကြောင်း ပညာရှင်အချို့က မှတ်တမ်းပြုကြ သည်။

ကယန်းလူမျိုးတို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်းနှင့် နေပြည်တော် ပျဉ်းမနား အရှေ့ဘက် တောင်ပေါ်ဒေသများတွင် ပျံ့နှံ့နေထိုင်ကြသည်။ အခြား တိုင်းရင်းသားများနှင့် ရောထွေးနေထိုင်မှု အလွန်နည်းပြီး စုစုပေါင်းလူဦးရေ သုံးသိန်းခန့် ရှိသည်။

မွန်ဂိုကုန်းမြင့်မှ မြောက်ဘက်အရပ်သို့ ဦးစွာ
ရောက်ရှိလာသော ကယန်းလူမျိုးတို့သည် မိမိကိုယ်ကိုယ် မြောက်ပိုင်းကယန်းဟု အဓိပ္ပာယ်ရသည့် ကယန်းလထာ ဟူသော အမည်ဖြင့်လည်းကောင်း၊ မွန်ဂိုကုန်းမြင့်မှ တောင်ဘက်အရပ်သို့ ရောက်သွားသူတို့က တောင်ပိုင်း ကယန်းဟု အဓိပ္ပာယ်ရသည့် ကယန်းလဟွီ ဟူသော အမည်ဖြင့်လည်းကောင်း ကွဲပြားသွားသည်။

ကယန်းလထာအမျိုးသားများ၏ မေးရိုးအောက် လည်ပင်းတွင် ဦးချိုနှစ်ဖက် ကွေးဆင့်သည့် ကျွဲခေါင်းပုံနှင့် အနီးစပ်ဆုံးတူညီသည့် ရုပ်ပုံကို ဆေးမင်ကြောင် ထိုးထား လေ့ရှိသည်။ ဖယ်ခုံမြို့နယ်၊ လွယ်လုံဒေသနှင့် အင်လားရွာ တို့တွင် ယနေ့တိုင် တွေ့နိုင်သည်။ ကယန်းလဟွီ အမျိုးသား၏ ကျောကုန်းအထက် ပခုံးနှစ်ဖက်ကြားတွင် အောက်မှအထက်သို့ ဒေါင်လိုက်ဆေးမင်ကြောင် ခြောက် ကြောင်းကို နေထွက်စ ရောင်ခြည်ပုံစံ ထိုးလေ့ရှိသည်ဟု ဆိုသည်။

ကယန်းလထာတို့သည် လွယ်လုံနယ် (ပင်လောင်း) မြို့နယ်၊ ဆောင်းထန့်အရပ် (ဘန်းဖရာ-ဘန်းဘာ) ရွာ တွင် စတင် အခြေချနေထိုင်သည်။ ပြောဆိုစကားနှင့် ဓလေ့ထုံးစံ တူညီကြသည်။ ပထဝီအနေအထားကြောင့် ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ကွဲပြားသည်။ ၁၈၉၃ ခုနှစ် လေ့လာချက်တွင် ဆွန်တိုင်းကရင်၊ ကရင်ခေါင်းတို၊ ဇယိမ်းတို့သည် အခေါ်ကွဲပြားသော်လည်း လူမျိုးတူဖြစ် သည်ဟု ဆိုသည်။ ပအိုဝ်းလူမျိုးက ကယန်းလထာကို တိယန်လူမျိုးဟု ခေါ်သည်။

ကယန်းလဟွီတို့သည် မိုးဗြဲနယ် (ဖယ်ခုံမြို့နယ်)
အလယ်ပိုင်း ကပလားရွာတွင် ဝင်ရောက်အခြေချ နေ ထိုင်သည်။ အချို့ကယန်းလဟွီတို့သည် ကရင်နီနယ်
(ကယားပြည်နယ်) တွင် နေထိုင်ကြသည်။ မိုးဗြဲနယ်မှ ကယန်းလဟွီမျိုးနွယ်၊ ဟန်ဆွဲမိသားစုအချို့သည် ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်း၊ နေပြည် တော်၊ ပျဉ်းမနားအရှေ့ဘက် ကိုးဒစ်အလယ်ချောင်း ဘောကထဒေသတွင်လည်းကောင်း၊ ကပလာနှင့်ဆောင်း မိုးမိသားစုအချို့သည် ပျဉ်းမနားအရှေ့ဘက် ပဒေါင်ကိုး ရွာ (ပြည်ထောင်ကိုးရွာ)၊ မဲပေါက်၊ သစ်တွန်၊ ဘန်ဘား စသည့်ဒေသများတွင်လည်းကောင်း ဝင်ရောက် အခြေချ နေထိုင်ကြသည်။

ရိုးရာအုပ်ချုပ်ရေး

ရှေးကယန်းတိုင်းရင်းသားတို့၏ ကျေးရွာများသည် တစ်ရွာနှင့်တစ်ရွာ အလှမ်းကွာဝေးပြီး အိမ်ခြေ ၂၀၊ ၃၀ ခန့်သာရှိသည့်အတွက် အိမ်ခြေနည်းပြီး လူဦးရေမများ ခြင်းကြောင့် စီးပွားရေး၊ လူမှုရေး ပြဿနာ ရှုပ်ထွေးမှု နည်းသည်။ ထို့ကြောင့် အုပ်ချုပ်ရေးအာဏာအတွက် ကျေးရွာအကြီးအကဲကို သီးခြား ရွေးချယ်တင်မြှောက် သည့် စနစ်မရှိဘဲ ဆွေမျိုးအုပ်စုအလိုက် အကြီးအကဲသာ ရှိသည်။ အချိန်ကာလ ပြောင်းလဲလာသည်နှင့်အမျှ အိမ်ခြေတိုးလာခြင်း၊ လူဦးရေ တိုးပွားလာခြင်းတို့ကြောင့် စီးပွားရေး၊ လူမှုရေး ပြဿနာများလည်း ရှုပ်ထွေးလာ သည်။ ထို့ကြောင့် ရွာအကြီးအကဲ ရွေးချယ်တာဝန်ပေးအပ် ရန် လိုအပ်လာသည်။ ကျေးရွာအကြီးအကဲသည် ကျေးရွာ အတွင်း ဖြစ်ပေါ်လာသည့် ပြဿနာများကို ဆွေမျိုးအုပ်စု ခေါင်းဆောင်များနှင့် ညှိနှိုင်းဖြေရှင်းပေးရသည်။ မိမိရွာ နှင့် အခြားရွာမှ ဖြစ်လာသည့် ပြဿနာများကို အခြားရွာမှ အကြီးအကဲနှင့် ညှိနှိုင်းဖြေရှင်းပေးရသည်။ ထို့ကြောင့်
ကျေးရွာအကြီးအကဲသည် အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးတို့တွင် အဓိက တာဝန်ယူရသူ ဖြစ်သည်။

ဝတ်စားဆင်ယင်ပုံ

ကယန်းလထာ အမျိုးသားများသည် အရွယ်ရောက် လျှင် ဆံပင်ကို လက်တစ်ဆစ်ထက် မရှည်စေဘဲ တို အောင် ညှပ်ပေးရသည်။ ထို့ကြောင့် ၎င်းတို့ကို ရှမ်းလူမျိုး က 'ယန်ဟိုးထား' ဟုခေါ်သည်။ တောင်ပိုင်း ကယန်းမျိုး နွယ် ကယန်းကဒေါင်းဒူ အမျိုးသမီးများ၏ လည်ပင်းနှင့် ဒူး၊ အောက်ခြေသလုံးများတွင် ကြေးခွေပတ် ဝတ်ဆင် သောကြောင့် ရှမ်းလူမျိုးက 'ယန်းပတ်တောင်' ဟု ခေါ် သည်။ တစ်နည်းအားဖြင့် ပဒေါင်လူမျိုးဟု ရေးသား ခေါ် ဆိုကြသည်။ တောင်ပိုင်းကယန်းအနွယ် ကယန်းကငံ အမျိုးသမီးများ၏ ရင်ညွန့်နှင့်လည်ပင်းတွင် ငွေဒင်္ဂါးများ နှင့် ဘော်ပြားများ သီကုံး ဝတ်ဆင်သောကြောင့် ရှမ်း လူမျိုးက 'ယန်းဘော်' လူမျိုးဟု ခေါ်ကြသည်။ သံတောင် ကြီးမြို့နယ်မြောက်ပိုင်းနှင့် ပျဉ်းမနားအရှေ့ဘက် တောင် ပေါ်တွင် နေထိုင်ကြသည့် ကယန်းမျိုးနွယ်တို့ကို တောင် ပေါ်ကရင်ဟု ခေါ်ကြသေးသည်။ သို့ရာတွင် တောင်ပေါ် ကရင်သည် ကရင်လူမျိုးမဟုတ်ကြောင်းကို အင်္ဂလိပ် လူမျိုး ဗိုလ်မှူး Major C.M Enriquez/ Races of Burma (၁၉၂၄) ထုတ် စာအုပ်တွင် တောင်ပေါ်ကရင်များတွင် ကရင် လုံးဝမဟုတ်ဘဲ တောင်ကုန်းပေါ်၌ နေထိုင်ကြ
သောလူမျိုးစုတွင် ပါဝင်မည်ဆိုသည်ကို ယုံမှားစရာ မရှိပါဟု ရေးသားထားသည်။

ယနေ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက် ပိုင်းနှင့် နေပြည်တော်၊ ပျဉ်းမနားမြို့နယ် အရှေ့ဘက် တောင်ပေါ်ဒေသတွင် တည်ရှိသည့် ကိုးဒစ်အလယ် ချောင်း၊ ဘို့မ၊ ဘန်ဘား၊ သစ်တွန်၊ မဲပေါက်၊ ပြည်ထောင် ကိုးရွာ အုပ်စုများတွင် နေထိုင်ကြသည့် တောင်ပေါ်ကရင် များသည် ကယန်းကခေါင်းဒူခေါ် ကယန်းပဒေါင်မျိုးနွယ်စု များ ဖြစ်သည်။

စီးပွားရေးနှင့် အသက်မွေးမှု

ကယန်းတိုင်းရင်းသားတို့၏ အဓိက စီးပွားရေးလုပ် ငန်းသည် စိုက်ပျိုးရေးဖြစ်သည်။ နေထိုင်ရာ အရပ်ဒေသ သည် တောတောင်ထူထပ်သည့်အပြင် ရေသွင်းစိုက်ပျိုး နိုင်ခြင်း နည်းပါးသည်။ စိုက်ပျိုးရေးစနစ်တွင် သစ်တော များ ခုတ်ထွင်မီးရှို့၍ စိုက်ပျိုးခြင်း၊ မြေကြီးကို ပေါက်ပြား ဖြင့် ပေါက်ပြီးထုခြေ၍ ပုရစ်ဖုတ်စိုက်ပျိုးခြင်းနှင့် လှေ ကားထစ် စိုက်ပျိုးခြင်း အနည်းငယ်သာ ရှိသည်။ တောင် ယာ စိုက်ပျိုးရာတွင် စပါး အပြင် ဖရုံ၊ သခွား၊ ပဲ၊ ငရုတ်၊ ပိန်းဥ၊ မြောက်ဥ၊ အာလူး စသည့် သီးနှံများကိုပါ သီးညှပ် အဖြစ် စိုက်ပျိုးကြသည်။ ယခုအခါ လိမ္မော်ပင်၊ တညင်းပင်၊ ငှက် ပျောပင်နှင့် ဖာလာပင်များကိုလည်း စီးပွားဖြစ် စိုက်ပျိုး လာကြသည်။

ထို့ပြင် ကယန်းတိုင်းရင်းသားတို့သည် မွေးမြူရေး လုပ်ငန်းကို မိရိုးဖလာအရ ကြက်၊ ဝက်၊ ကျွဲ၊ နွားနှင့် ပျား များကို မွေးမြူကြသည်။ ကျွဲ၊ နွားများကို အဓိက ထားပြီး ကြက်နှင့် ဝက်များကိုလည်း တစ်နိုင်တစ်ပိုင် မွေးမြူကြ သည်။ အချို့နေရာတွင် အမဲလိုက်လုပ်ငန်း ရှိသည်။ လက်မှုပညာအနေဖြင့် အထည်ရက်လုပ်ခြင်း၊ နှီး၊ ဝါး ရက်လုပ်ခြင်း၊ ပန်းပဲနှင့်ပန်းထိမ်ပြုလုပ်ခြင်း၊ မြေအိုး လုပ်ငန်း၊ သစ်ခွဲ၊ လွှဆွဲခြင်းလုပ်ငန်းများကိုလည်း လုပ် ဆောင်ကြသည်။

ကိုးကွယ်ယုံကြည်မှု

ကယန်းလူမျိုးတို့၏ နတ်အမျိုးမျိုး ကိုးကွယ် ယုံကြည်မှုဓလေ့သည် နှစ်ပေါင်းထောင်ချီ ကြာညောင်းခဲ့ ပြီ ဖြစ်သည်။ ယခုအခါ နတ်ကိုးကွယ်ယုံကြည်မှု အနည်း ငယ်သာကျန်ရှိပြီး ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာဝင် အများစု ဖြစ်လာကြကာ ဗုဒ္ဓဘာသာဝင်များသည် ရိုးရာ ယုံကြည်မှု နတ်ကိုးကွယ်ခြင်းကိုလည်း ပစ်ပယ်ခြင်း မရှိ ကြပေ။

ဘာသာစကားနှင့် စာပေ

ကယန်းလူမျိုးတို့သည် ပါးစပ်ရာဇဝင် ပုံပြင် ဒဏ္ဍာရီ များအရ စာပေရှိခဲ့သည်။ နွားသားရေပေါ်တွင် ရေးမှတ်ပြီး စနစ်တကျ ထိန်းသိမ်းထားခြင်းမရှိဘဲ ခွေးစားသွားခြင်း ကြောင့် ကယန်းတိုင်းရင်းသားစာပေ ပျောက်ကွယ်သွား ကြောင်း ပြောဆိုကြသည်။

ပင်ရင်းစာပေဟူ၍ မရှိချေ။ ဗုဒ္ဓဘာသာဝင် ကယန်း လူမျိုးတို့၏ ဘာသာရေးနှင့်သက်ဆိုင်သည့် အကြောင်း အရာ အဆုံးအမများကို ပါဠိစာပေဖြင့်လည်းကောင်း၊ မြန်မာစာပေဖြင့်လည်းကောင်း သင်ယူ ရေးသားကြသည်။ နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ကယန်းလူမျိုးတို့က ကရင် စာပေကိုအခြေခံ၍ သင်ယူကျက်မှတ် ဟောပြောကြသည်။ ကက်သလစ်ဘာသာဝင် ကယန်းတိုင်းရင်းသားအတွက် ရောမအက္ခရာကို အခြေခံ၍ ၁၈၉၇ ခုနှစ်အတွင်း ဘုန်းတော်ကြီး ပါအိုလိုမန်နာက ကယန်းဂေခိုစာပေကို တီထွင်ခဲ့သည်။ ဘာသာရေးဆိုင်ရာအသုံးအနှုန်းများ၊ ဓမ္မတေးများနှင့် လူမှုရေးကိစ္စအချို့တို့ကို ရေးသားပြောဆို
ပြောဟောကြသည်။ ၂၀ဝ၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်ခဲ့ သော ပထမအကြိမ် ကယန်းအမျိုးသားညီလာခံတွင် လက်တင်အက္ခရာဖြင့် တီထွင်ထားသော စာပေကို ကယန်းစာပေအဖြစ် အတည်ပြုထားသည်။

ရိုးရာဂီတ၊ ရိုးရာအက

ကယန်းတိုင်းရင်းသားတို့သည် ဖားစည်ကို တန်ဖိုး အရှိဆုံးနှင့် အထွတ်အမြတ်တူရိယာအဖြစ် သဘောထား ပြီး နှစ်ခြိုက်စွာ တီးကြသည်။ ထို့ပြင် ပန်ခေါ် မောင်းကြီး၊ ထုံ့ခေါ် ဗုံတိုဗုံရှည်၊ မန့်ခေါ် တွဲပလွေ၊ ကွိုင်ခေါ် ကျွဲချိုခရာ၊ အိုးစည်ဗုံမောင်းနှင့် ဗုံပလွေတို့ကို တီးမှုတ်ကြသည်။ ရိုးရာအကအနေဖြင့် နှစ်ဦးချင်း မျက်နှာချင်းဆိုင် ခြေထောက်ဖြင့်လှုပ်ရှားရသော ဝါးညှပ်အကနှင့် စည်းလုံး ညီညွတ်မှုကို ဖော်ဆောင်သည့် ပဒေသာအကမျိုးသာ ရှိသည်။ ဤတွင် ကမ်းခွမ်ခေါ်တံခွန်တိုင်အက၊ ဖားစည် အက၊ ဗုံရှည် အက၊ ဝါးညှပ်အကဟူ၍ သတ်မှတ် ကခုန် ကြသည်။

ရိုးရာပွဲတော်

တံခွန်တိုင်ပွဲတော်သည် ထင်ရှားသည့် ပွဲတော် ဖြစ် သည်။ ထို့ပြင် လက်ထပ်ပွဲ၊ အိမ်သစ်တက်ပွဲ၊ တောင်ယာ မီးရှို့ပွဲ၊ ပျိုးကြဲပွဲ၊ ရိုးရာနတ်ပူဇော်ပွဲ၊ အမဲလိုက်ပွဲ ဟူ၍ သတ်မှတ်ထားသည်။

ကယန်းအမျိုးသားနေ့မှာ ဧပြီလ ၁၀ ရက်နေ့ ဖြစ် သည်။ ယခုအခါ ကယန်းလူမျိုးတို့၏ ကယန်းစာပေနှင့် ယဉ်ကျေးမှုကော်မတီကို ဖွဲ့စည်း၍ မိမိတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှု၊ လူမျိုးရေး၊ ဘာသာရေး မြင့်မား တိုးတက်ရေးမှ အစပြုကာ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများအထိ ကျရာတာဝန်မှ ပါဝင်ဆောင်ရွက်လျက် ရှိသည်။

ပင်မစာမျက်နှာသို့