ကယားပြည်နယ်။ ။ကယားပြည်နယ်သည် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိ၍ မြောက်ဘက်တွင် ရှမ်းပြည်နယ်၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ တောင်ဘက်နှင့် အနောက် ဘက်တွင် ကရင်ပြည်နယ်တို့ ရှိသည်။ ပြည်နယ်၏ အကျယ်အဝန်းမှာ ၁၁၈၆၈ စတုရန်း ကီလိုမီတာ (၄၅၃၀ စတုရန်းမိုင်) ရှိသည်။ မြို့တော်မှာ လွိုင်ကော်မြို့ဖြစ်သည်။
မြန်မာနိုင်ငံ၏ အရှေ့ဘက်ကုန်းမြင့်ဒေသတွင် ပါဝင်ပြီး ရှမ်းကုန်းမြင့်နှင့်ဆက်စပ်နေသော ကုန်းမြင့်ဒေသ ဖြစ် သည်။ ကယားကုန်းမြင့်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၉၅၀ မှ ပေ ၆၀ဝ၀ အကြားရှိပြီး မြောက် ဘက်တွင် ပေ ၃၀ဝ၀ ခန့်မြင့်၍ တောင်ဘက်သို့ နိမ့်ဆင်း လာသည်။ မြစ်များသည် မြောက်မှတောင်သို့ စီးဆင်းကြ ပြီး တောင်ကုန်းထူထပ်သော ဒေသများကိုဖြတ်၍ စီး ဆင်းရသဖြင့် ရေစီးသန်ပြီး မြစ်ကြောင်းတစ်လျှောက်တွင် ရေတံခွန်များ၊ ရေမှော်များ ရှိသည်။ အထင်ရှားဆုံး မြစ် လက်တက်မှာ သံလွင်မြစ်နှင့် အပြိုင်စီးဆင်းသော နမ့်ပွန် မြစ်ဖြစ်သည်။ ရှမ်းပြည်နယ် အင်းလေးအိုင်မှ စီးထွက်လာ သော ဘီလူးချောင်းသည် နမ့်ပွန်မြစ်အတွင်း စီးဝင်သည်။
အရှေ့ဘက်ကုန်းမြင့်ကြီး၏ အစိတ်အပိုင်း ဖြစ်၍ အောက်ခံကျောက်များမှာ သက်ရင့်နှင့် သက်လတ် ကျောက်များ၊ အသွင်ပြောင်းကျောက်များ ဖြစ်သည်။ ၎င်းကျောက်များနှင့်ဆက်စပ်၍ စကျင်ကျောက်၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရှီးလိုက်သတ္တုများကို တွေ့ရသည်။ တောင် မြင့်မြေနီများကို အများဆုံး တွေ့ရသည်။ ဘီလူးချောင်း စီးဆင်းရာ လွိုင်ကော်လွင်ပြင်၌ မြေသြဇာကောင်းမွန် သော လယ်မြေများရှိသည်။
ကုန်းမြင့်ပိုင်းများသည် သမပိုင်းစိုစွတ်ရာသီဥတု ရရှိ ပြီး ပိုနိမ့်သော အပိုင်းဒေသများမှာ အပူပိုင်း မုတ်သုံရာသီ ဥတု ဖြစ်ပေါ်သည်။ ကုန်းမြင့်ပိုင်းများတွင် ဆောင်းတွင်း အပူချိန် ၄ ဒီဂရီဆဲလ်ရှပ်ခန့်အထိ ကျဆင်းတတ်သည်။ မြေနိမ့်ပိုင်းများတွင် အပူချိန် သမမျှတသည်။ နှစ်စဉ် မိုးရေချိန် ပျမ်းမျှ ၃၈ ဒသမ ၄၃ လက်မခန့် ရရှိ၍ ကုန်းမြင့် ဒေသများ၌ ပိုများသည်။
လူမျိုးစုများနှင့် သမိုင်းအကျဉ်း
ရှေးက ကယားလူမျိုးတို့၏ ရိုးရာအဝတ်အစားတွင် လွှမ်းမိုးသော အနီရောင်ကိုကြည့်ပြီး ကရင်ပြည်နယ်နှင့် လည်း ထိစပ်နေသောကြောင့် မြန်မာဘုရင်များနှင့် နယ်ချဲ့ ဗြိတိသျှတို့က ကရင်နီလူမျိုး ကရင်နီနယ်ဟု ခေါ်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသား တို့၏ ဆန္ဒအရ ၁၉၅၁ ခုနှစ်၌ ကရင်နီနယ်မှ ကယား ပြည်နယ်အဖြစ် လွှတ်တော်က ဥပဒေပြုပြီး အမည်ပြောင်း သည်။ ကယား၊ ကယန်း၊ ကယော၊ ဂေခို၊ ဂေဘား၊ ယင်းဘော်၊ ယင်းတလဲ၊ မနုမနော၊ လထာဟူသော လူမျိုး စု ကိုးစု ရှိသည်။ ရှမ်း၊ ဗမာ၊ ပအိုဝ်း၊ ကရင်နှင့် အင်းသား များလည်း ကယားပြည်နယ်တွင် နေထိုင်လျက်ရှိသည်။ ၂၀၂ဝ ပြည့် နှစ်၊ ဧပြီလ ၁ ရက် ခန့်မှန်းခြေစာရင်းများအရ လူဦးရေမှာ ဝ ဒသမ ၃၃ သန်း နေထိုင်သည်။
ရှေးအခါက ကယားပြည်နယ် (ကရင်နီနယ်) ကို မြို့ငါးမြို့ခွဲ၍ နယ်ရှင်စော်ဘွားငါးဦး အုပ်ချုပ်ခဲ့ကြသည်။ ကန္တာရဝတီနယ်၊ ဘောလခဲနယ်၊ ကြယ်ဖိုးကြီးနယ်၊ နန်း မယ်ခုံနယ်၊ နောင်ပုလဲနယ်ဟူ၍ နယ်ငါးနယ်ရှိခဲ့သည်။ နောင်တွင် ဘောလခဲနယ်၊ ကြယ်ဖိုးကြီးနယ်၊ ကန္တာရ ဝတီနယ်၊ နောင်ပုလဲနယ်၊ နန်းမယ်ခုံနယ်၊ မိုးဗြဲနယ်၊ ငွေတောင်နယ်၊ ဂေခိုနယ်နှင့် လွယ်လုံနယ်ဟု နယ်ကိုး နယ် ရှိလာခဲ့သည်။
ကယားဒေသအကြီးအကဲတို့သည် မြန်မာဘုရင်၏ အသိအမှတ်ပြုမှုကိုခံယူပြီး မိမိတို့ဒေသကို ထုံးတမ်းစဉ် လာနှင့်အညီ အုပ်ချုပ်ခဲ့သည်။ ကယားဒေသ၏ ထူးခြား ချက်မှာ မင်းတုန်းမင်းလက်ထက် ဒုတိယ အင်္ဂလိပ်–မြန်မာစစ်ပြီးဆုံးချိန်တွင် အင်္ဂလိပ်က အောက်မြန်မာနိုင်ငံ ကို သိမ်းပိုက်အုပ်ချုပ်ပြီး မြန်မာဘုရင်က ရှမ်း၊ ချင်းနှင့် ကချင်ဒေသများ အပါအဝင် အထက်မြန်မာနိုင်ငံကို ဆက် လက် အုပ်ချုပ်သော်လည်း ကယားပြည်နယ်အနောက်ပိုင်း ဒေသ၏ လွတ်လပ်ရေးကို အင်္ဂလိပ်နှင့် မြန်မာ နှစ်ဖက် စလုံးက လေးစားရန် သဘောတူစာချုပ်ကို ၁၈၇၅ ခုနှစ်၊
ဇွန်လ ၂၁ ရက်တွင် ချုပ်ဆိုပြီး ယခု ကယားပြည်နယ်ကို သီးခြားလွတ်လပ်ခွင့်ပေးခြင်းပင် ဖြစ်၏။ ကယားဒေသ တွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် စာချုပ်ကို မြန်မာ ဘက်မှ ကင်းဝန်မင်းကြီးက လက်မှတ်ထိုးပြီး အင်္ဂလိပ် ဘက်မှ ဆာဒေါက်ကလပ်ဖောဆိုက်က လက်မှတ်ရေးထိုး သည်။ ထိုစာချုပ်အရ ကယားဒေသသည် လွတ်လပ်သော နယ်တစ်နယ် ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက် ပြီးသောအခါတွင်လည်း ဖော်ပြပါစာချုပ်အရ ကယား ပြည်နယ်ကို လွတ်လပ်သော ပြည်နယ်အဖြစ် အဆောင်
အယောင်များကို အင်္ဂလိပ်အစိုးရက ဆက်လက်၍ ပေးအပ်ခဲ့သည်။ ပြည်နယ်စော်ဘွား (စောဖျာ) များကို အင်္ဂလိပ်တို့က ခန့်ထားပြီး ၎င်းစော်ဘွားများက အင်္ဂလိပ် အရာရှိများ၏ အကြံပေးခြင်းကို လက်ခံကြရသည်။ အင်္ဂလိပ်အစိုးရအား အခွန်တော်ဆက်သခဲ့ကြရ၏။ နယ် မြေ၏ သယံဇာတကိုလည်း မော်ချီးသတ္တုတွင်းကုမ္ပဏီ၊ မက္ကရီကာ၊ ဘုံဘေဘားမား အစရှိသော အင်္ဂလိပ်အရင်းရှင် ကုမ္ပဏီများက ချုပ်ကိုင်ထုတ်လုပ်ခဲ့သဖြင့် တိုင်းရင်းသား များ ခံစားခွင့် မရခဲ့ချေ။
ဗြိတိသျှတို့ တစ်နိုင်ငံလုံး သိမ်းပိုက်ပြီးသောအခါ နန်နယ်ခုံ (နန်းမယ်ခုံ)နှင့် နောင်ပုလဲတို့ကို ဖျက်လိုက်
ပြီး နယ်သုံးနယ်ကို ခွဲ၍အုပ်ချုပ်သည်။ ကန္တာရဝတီနယ် သည် အရှေ့ပိုင်းကရင်နီနယ်ဖြစ်ပြီး ယခု လွိုင်ကော် ပတ်ဝန်းကျင်ဒေသ ဖြစ်သည်။ ကြယ်ဖိုးကြီး၊ ဘောလခဲ၊ နောင်ပုလဲ၊ နန်းမယ်ခုံသည် အနောက်ပိုင်း ကရင်နီနယ် ဖြစ်သည်။ နောင်ပုလဲနှင့် နန်းမယ်ခုံနယ်အား ကန္တာရ ဝတီနယ်နှင့် ပူးပေါင်းလိုက်သည်။ ရှေးအခါက ကယား ပြည်နယ်၏မြို့တော်မှာ 'စောလုံ'မြို့ဖြစ်သည်။ လွိုင်ကော် မြို့သည် ရှေးနှစ်ပေါင်း ၁၅၀ ခန့်က စတင်တည်ထောင်ခဲ့ သောမြို့ ဖြစ်သည်။ မူလအစနာမည်မှာ သီရီဟော (သီရီဒေါ)ဟု ခေါ်ကြပြီး ရှမ်းကုန်သည်များက လွယ်ခေါ် ဟု ခေါ်ကြရာမှ လွိုင်ကော်အမည် တွင်လာသည်။ ၁၈၃၈ ခုနှစ်တွင် ကယားလူမျိုး ဦးသီရိ (လုံမ်းဆီရိ)က ကြီးမှူး၍ သီရီဒေါမြို့ကို တည်ထောင်သည်။ ကယားဘာသာဖြင့် 'သီရိ'မှာ လူအမည်ဖြစ်ပြီး 'ဒေါ'မှာ မြို့ရွာကို ဆိုသည်။ ထို့ကြောင့် သီရီဒေါ ဆိုသည်မှာ ဦးသီရိမြို့ဖြစ်သည်။
လွိုင်ကော် (လွိုင်ခေါ်) မှာ ရှမ်းဘာသာ ဖြစ်၍
ဘီလူးချောင်း အနောက်ဘက် ချောင်းကမ်းအနီးတွင် သီးခြားတည်ရှိနေသော တောင်ကုန်းကို အကြောင်းပြု၍ 'လွယ်ခေါ်' (သီးသန့်တည်နေသောတောင်) ဟု ခေါ်သည်။ ထိုတောင်အနီးတွင် တည်ရှိသောမြို့အား လွယ်ခေါ်ဟု ရှမ်းတိုင်းရင်းသားတို့ခေါ်ရာမှ ကာလရှည်ကြာသောအခါ လွိုင်ကော် ဖြစ်လာသည်။ ယခုအခါ ထိုတောင်ကို ရွှေတောင်ဟု ခေါ်ကြသည်။ လွိုင်ကော် မြို့တည်နှစ်မှာ ခရစ်နှစ် ၁၈၃၈ ခုနှစ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် မတ်လ ၂၅ ရက်တွင် အင်္ဂလိပ်နှင့် အမေရိကန် လေယာဉ်များ၏ဒဏ်ကြောင့် လွိုင်ကော်တစ်မြို့လုံး မီး လောင်ပြာကျခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးခေတ်တွင် ကယားအမျိုးသား တို့ကို ခေါင်းဆောင်လာကြသော စဝ်ဝဏ္ဏ၊ ဦးစိန်၊ ဦးအေမြလေး၊ သိုင်းဗဟန်၊ ဦးကျော်ဝင်း၊ စောလဝီ၊ စော ငယ်ဒူးစသော ခေါင်းဆောင်တို့၏ လုံးပန်းမှုကြောင့် ကယားပြည်နယ်သားတို့မှာ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုကို လိုက်နာပြီး ဗြိတိသျှတို့က တောင်တန်း ဒေသကို မြန်မာနိုင်ငံမှခွဲထုတ်ရန် လုံးပန်းခဲ့ခြင်းကို လက်မခံရန်လည်းကောင်း၊ မြေပြန့်ကရင်အမျိုးသားအချို့ တို့၏ သွေးဆောင်မှုကို တော်လှန်ပယ်ဖျက်ရန် လည်း ကောင်း အောင်မြင်စွာ ကြိုးစားဆောင်ရွက်ကြ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည်။
သို့ရာတွင် ကယားပြည်နယ်ကို သီးခြားပြည်နယ် အဖြစ် ထားရှိရန်ထက် 'ကယားပြည်နယ်၊ သံလွင်ခရိုင်နှင့် နိုင်ငံတော်သမ္မတက ခန့်ထားသည့် အထူးကော်မရှင်အဖွဲ့ က ဆုံးဖြတ်သတ်မှတ်သော ကရင်အမျိုးသားများ နေထိုင် ရာ ဆက်စပ်နေသော ဒေသတို့တွင် နေထိုင်သူများနှင့် အခြားဒေသများ၌ နေထိုင်ကြသော ကရင်အမျိုးသားများ အနက် များရာက အလိုရှိခဲ့သော် ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်းတွင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခု အဖြစ် ဖွဲ့စည်းရမည်။ ထိုပြည်ထောင်စုအဖွဲ့ဝင်ကို ကရင် ပြည်နယ်ဟု ခေါ်ရမည်'ဟု နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သတ်မှတ်ထားခဲ့သည်။ ကယားပြည် နယ်သားတို့သည် ကရင်ပြည်နယ်အတွင်း သွတ်သွင်းခြင်း
မခံလိုကြသဖြင့် ပါလီမန်စနစ်အရ ကြိုးစားဆောင်ရွက်
ခဲ့ရာ ၁၉၅၀ ပြည့်နှစ်တွင် ကရင်လူမျိုး အထူးစုံစမ်းရေး ကော်မရှင်တစ်ခုကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းခန့်ထား လိုက်ပြီးလျှင် ထိုကော်မရှင်၏ အစီရင်ခံစာကို အခြေပြု၍ ပါလီမန်က ၁၉၅၁ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေကို ပြုလုပ်ကာ ကယားပြည်နယ် ကို သီးသန့် တည်ခဲ့စေသည်။ ထိုဥပဒေ မထုတ်ပြန်မီ အချိန်က ကယားပြည်နယ်မှာ ကရင်ပြည်နယ်တွင် ပါဝင် သကဲ့သို့ ရှိခဲ့သည်။ ကယားအမျိုးသားတို့မှာလည်း ကရင် အမျိုးသားတို့တွင် ကရင်နီလူမျိုးများအဖြစ် ပါဝင်ခဲ့ကြ သည်။ သို့ရာတွင် ဖော်ပြပါ ကော်မရှင် ထောက်ခံချက် များအရ ကယန်း(ပဒေါင်)၊ လထာ(ဇယိမ်း)၊ ယင်းဘော်၊ ဂေခို၊ ယင်းတလဲနှင့် ကော်ယော်မိုနု(မနုမနော) လူမျိုးများ ကို ကရင်လူမျိုးစုတွင် ထည့်သွင်းခြင်းမပြုရန် ဆုံးဖြတ် လေသည်။ အထက်ဖော်ပြပါ ၁၉၅၁ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက် အမှတ် (၆၂) အရ ကရင်နီဟူသောဝေါဟာရအစား ကယားဟူသောဝေါဟာရ ကို သုံးစွဲခဲ့သည်။ ဤသို့ဖြင့် ကရင်နီပြည်နယ်ကို ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်မှစ၍ ကယားပြည်နယ်ဟု တရားဝင် ပြောင်းလဲခေါ်ဆိုခဲ့ကြသည်။
၁၉၅၀ ပြည့်နှစ် နောက်ပိုင်းတွင် တရုတ်ဖြူ ကျူးကျော်သူတို့ ကယားပြည်နယ်အတွင်း ဝင်ရောက် ကျူးကျော်ခဲ့သည်။ကယားတိုင်းရင်းသားတို့သည်တရုတ် ဖြူတို့ကို ပြန်လည်တိုက်ထုတ်ခဲ့သည်။ ထိုတိုက်ပွဲတွင် ကယားပြည်နယ်အတွက် အသက် စွန့်သွားကြသော အာဇာနည်သူရဲကောင်းများ၏ အမည်မော်ကွန်း ကျောက် တိုင်အား မြို့နာမ်စေတီကြီးရှေ့ ကားလမ်းတစ်ဖက်တွင် ပန်းခြံပြုလုပ်၍ ကမ္ပည်းမော်ကွန်းကျောက်တိုင် စိုက်ထူ ထားခဲ့သည်။
ကယားပြည်နယ် အုပ်ချုပ်ရေး
၁၉၄၇ ခုနှစ် အခြေခံဥပဒေရေးဆွဲစဉ်က ကန္တာရဝတီ၊ ဘောလခဲနှင့် ကြယ်ဖိုးကြီးနယ်များကို 'ကရင်နီ'ဟု ခေါ်ခဲ့ သည်။ သို့ရာတွင် ထိုအခေါ်အဝေါ်ကြောင့် ကရင်လူမျိုးတို့ နှင့် လွဲမှားတတ်သဖြင့် ရာဇဝင်တွင် ခေါ်ဝေါ်သည့် အမည် မှန်ဖြစ်သော 'ကယား'သို့ ၁၉၅၁ ခုနှစ်တွင် အခြေခံ ဥပဒေကို ပြင်ဆင်ပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ''အခြေခံ ဥပဒေ ရေးဆွဲရာ၌ ကယားပြည်နယ်မှ ကိုယ်စားလှယ်များ သည် နောက်ဆုံးမှ ရောက်ရှိလာကြ၍ ၎င်းတို့လည်း ပြည်ထောင်စုတွင် ပါဝင်လိုကြောင်း ကြေညာလေသည်။ အချိန်နောက်ကျမှ ရောက်ရှိလာကြသဖြင့် အခြေခံဥပဒေ တွင် 'ကရင်နီ'စသော စကားအသုံးအနှုန်း အခေါ်အဝေါ်
မှားယွင်းခြင်းများနှင့် အခြားသော ကယားပြည်နယ်နှင့် ပတ်သက်သည့် အမှားများပါဝင်သွားခဲ့ရ၏''ဟု ဥပဒေ ပညာရှင် ဒေါက်တာမောင်မောင်က ရေးသားထားသည်။
၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ကယားပြည်နယ် ဖွဲ့စည်းပုံမှာ အခြားပြည်နယ်များကဲ့သို့ပင် ဖြစ်သည်။
ကယားပြည်နယ်ကောင်စီနှင့် ပြည်နယ်ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းထားသည်။ ကယားပြည်နယ်ကောင်စီ ဥက္ကဋ္ဌကို ဝန်ကြီးချုပ်က ရွေးချယ်ခန့်ထားသည်။ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌသည် နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သော ပြည် ထောင်စုအစိုးရ အဖွဲ့တွင်လည်း ကယားပြည်နယ် ဝန်ကြီး အဖြစ် ပါဝင်၏။ ကယားပြည်နယ်တွင်လည်း ရှမ်းပြည် နယ်နည်းတူ ပဒေသရာဇ်စနစ် ထွန်းကားခဲ့သဖြင့် ၁၉၄၇ ခုနှစ် အခြေခံဥပဒေက စော်ဘွား (စောဖျာ) များကို လူမျိုးစုလွှတ်တော်တွင် သီးသန့်နေရာပေးပြီး အမတ်များ
အဖြစ် ထည့်သွင်းထားသည်။ ပြည်သူ့လွှတ်တော်သို့ကား စော်ဘွားများ အရွေးခံနိုင်ခွင့် မရရှိခဲ့ပေ။ အများပြည်သူ ရွေးကောက်ခံရသူများကသာ အမတ်အဖြစ် ပြည်သူ့ ကိုယ်စား ထမ်းဆောင်ခွင့်ရသည်။
၁၉၆၂ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော် အာဏာ သိမ်းပိုက်ပြီး တော်လှန်ရေးကောင်စီအဖြစ် အုပ်ချုပ်သော ခေတ်တွင် ကယားပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီ ဝင်များကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ရွေးချယ်ခန့် ထားသည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်ဝင်သော ခေတ်တွင် ယင်းအခြေခံဥပဒေအရ ရွေးကောက် တင်မြှောက်သော ကောင်စီနှင့် ပြည်နယ်ကောင်စီဥက္ကဋ္ဌ များသည် ပြည်နယ်အုပ်ချုပ်ရေးတာဝန်ခံများ ဖြစ်လာ သည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကြီးဖြစ်ပေါ်ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေရပ်စဲသောအခါ တပ်မတော်က ဖွဲ့စည်းသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နှင့် ယင်းကိုဆက်ခံသော နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့က ကယားပြည်နယ် အကြီး အကဲ (ပြည်နယ်ဥက္ကဋ္ဌ) ကို တိုက်ရိုက်ခန့်အပ်သည်။ ၂၀၁၁ ခုနှစ်တွင် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ်အစိုးရ အကြီးအကဲကို ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်သည်။ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်သော ပြည်နယ်လွှတ်တော်က ဥပဒေပြုရေးအာဏာ ကျင့်သုံး သည်။ ပြည်နယ်ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက ခန့် အပ်သည်။ တရားစီရင်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတက ခန့်ထားသော ပြည်နယ်တရားသူကြီးချုပ် ဖြစ် ၏။
ကယားပြည်နယ်ကို လွိုင်ကော်ခရိုင်နှင့် ဘောလခဲ ခရိုင် ဟူ၍ ခရိုင်နှစ်ခု ခွဲထားသည်။
သစ်တော၊ သယံဇာတနှင့် စီးပွားရေး
ပေ ၃၀ဝ၀ အောက်နိမ့်သော တောင်ပေါ်ဒေသများ၌ ရွက်ပြတ်တောများ၊ ပေ ၃၀ဝ၀ အထက်တွင် တောင်ပေါ် တောများ၊ သံလွင်မြစ်ဝှမ်းတစ်လျှောက်တွင် အမြဲစိမ်း သစ်တောများ ရှိသည်။ သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ၆၁၀၇ စတုရန်းကီလိုမီတာ (၂၃၃၁ စတုရန်းမိုင်) ရှိပြီး ပြည်နယ်အကျယ်အဝန်း၏ ၅၁ ရာခိုင်နှုန်း ရှိသည်။ ကြိုးဝိုင်းဧရိယာမှာ ၁၇၂ စတုရန်းကီလိုမီတာ (၆၆ စတုရန်းမိုင်) ရှိသည်။ ကြိုးဝိုင်းအဆိုပြုထားသည့် ဧရိယာ ၇၈၃ စတုရန်း ကီလိုမီတာ (၂၉၉ စတုရန်းမိုင်) ရှိသည်။ မြေပေါ်မြေအောက် သယံဇာတများဖြစ်သော သလင်း ကျောက်၊ မာဘယ်ကျောက်များအပြင် စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းများဖြစ်သော ကျောက်မီးသွေး၊ ထုံး ကျောက်တို့လည်း ထွက်ရှိသည်။ သံသတ္တုရိုင်း၊ ခဲသတ္တု ရိုင်း၊ ခနောက်စိမ်း၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရှီးလိုက်ရောရာ သတ္တုရိုင်းများလည်း ထွက်ရှိသည်။
သစ်တောများတွင် ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊
ပိတောက်၊ သစ်ကတိုး၊ သစ်ရာ၊ သစ်စေး၊ ထင်းရှူးပင်များ ပေါက်ရောက်ပြီး သစ်တောထွက်ပစ္စည်းများအဖြစ် ရှား စေး၊ ချိပ်၊ အင်တွဲ၊ ပွဲ့လျက်၊ သစ်ကြံပိုး၊ ပျားရည်၊ ကြက် လည်ဆံ စသည်ဖြင့် အမျိုးပေါင်း စုံလင်စွာ ထွက်ရှိသည်။
စုစုပေါင်းစိုက်ပျိုးမြေဧက ၉၀ဝ၀ဝ ခန့် ရှိသည်။ လယ်မြေဧက ၄၀ဝ၀ဝ ကျော်၊ ယာမြေဧက ၄၀ဝ၀ဝ ခန့် နှင့် တောင်ယာမြေဧက ၂၀ဝ၀ဝ ကျော်ရှိသည်။ လယ် မြေအများစုကို ရေသွင်းစိုက်ပျိုးသည်။ စပါးမှာ အဓိက သီးနှံဖြစ်ပြီး အခြားစိုက်ပျိုးသော သီးနှံများမှာ နှံစား ပြောင်း၊ ပြောင်းဖူး၊ နှမ်း၊ မြေပဲ၊ ပန်းနှမ်း၊ ပဲပုပ်၊ ပဲစင်းငုံ၊ ဟင်းသီးဟင်းရွက်စသည်တို့ ဖြစ်သည်။
ရွှေရင်အေးဆန်စပါးနှင့် တရုတ်မွှေးဆန်စပါးများ အပြင် ပြောင်းဖူးစေ့များမှာ ပြည်ပပို့ကုန်များ ဖြစ်ကြပြီး နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မြေပဲတို့ကိုလည်း တင်ပို့သည်။ မယ်စဲ့နယ်စပ် ကုန်သွယ်ရေးစခန်းမှလည်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုအဖြစ် ပို့ကုန်သွင်းကုန်များကို ပို့ဆောင်လျက် ရှိသည်။ လူထုအခြေပြု ခရီးသွားလုပ်ငန်းနှင့် သဘာဝ အခြေခံလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
လမ်းပန်းဆက်သွယ်ရေး
တောင်ထူထပ်သဖြင့် ပို့ဆောင်ဆက်သွယ်ရေး လမ်း များ နည်းပါးသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း မြို့နှင့် ဟိုပုန်းမြို့တို့မှ လွိုင်ကော်မြို့သို့ ကားလမ်းရှိသည်။ (အောင်ပန်း–ပင်လောင်း–လွိုင်ကော်လမ်း) (ဟိုပုန်း–ဆီ ဆိုင်–လွိုင်ကော်လမ်း) လွိုင်ကော်မှ တောင်ဘက်သို့ ဒီး မော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းနှင့် မော်ချီးမြို့များ သို့ ကားလမ်းရှိသည်။ ဖားဆောင်းမှ သံလွင်တံတား (ဖား ဆောင်း)ကိုဖြတ်ကာ ထိုင်းနိုင်ငံနယ်စပ် မယ်စဲ့အထိ ကား လမ်းပေါက်သည်။ တောင်ငူမှ ကရင်ပြည်နယ် လိပ်သို၊ ယာဒိုမှတစ်ဆင့် လွိုင်ကော်မြို့သို့ လမ်းပေါက်သည်။
တောင်ငူ–သံတောင်ကြီး မြို့သစ်လမ်းသည် ဖရူဆို–ဘောလခဲ-မော်ချီးလမ်းနှင့် ဆက်သည်။ တောင်ငူ-သံတောင်-ဘောဂလိ–မော်ချီးလမ်းရှိသည်။ လွိုင်ကော်မှ လောပိတသို့လည်း ကားလမ်းရှိသည်။ လွိုင်ကော်မြို့မှ ရှမ်းပြည်နယ် အောင်ပန်းမြို့အထိ မီးရထားလမ်းဖြင့် လည်း ဆက်သွယ်ထားသည်။ ရေလမ်းအဖြစ် လွိုင်ကော်မှ ဘီလူးချောင်းကို ဆန်တက်၍ ရှမ်းပြည်နယ်ရှိ မိုးဗြဲဆည် နှင့် အင်းလေးကန် မြောက်ဘက်ဆုံးရှိ ညောင်ရွှေမြို့အထိ စက်တပ်မော်တော်များဖြင့် သွားလာနိုင်သည်။ လွိုင်ကော် တွင် လေဆိပ်ရှိပြီး လွိုင်ကော်-ရန်ကုန်–လွိုင်ကော် နေ့စဉ် လေယာဉ်ခရီး ပြေးဆွဲပေးလျက်ရှိသည်။
ကိုးကွယ်ယုံကြည်မှု
ကယားလူမျိုးတို့သည် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်
ဘာသာဝင်များဖြစ်ကြပြီး အချို့ဒေသတွင် ရိုးရာနတ် ပသ ကိုးကွယ်သူများလည်း ရှိသည်။
စာပေဘာသာစကား
အများအားဖြင့် ကယား၊ ကယန်း၊ ရှမ်း၊ ပအိုဝ်း၊ ဗမာဘာသာစကားများ ပြောဆိုကြသည်။ ကယားစာပေ၊ ကယန်းစာပေ၊ ကယောစာပေ၊ ဂေဘားစာပေများကို လည်း အခြေခံသင်ပုန်းကြီးဖတ်စာမှစ၍ သင်ကြားပေး လျက် ရှိသည်။
ရိုးရာယဉ်ကျေးမှုပွဲတော်များ
ကယားအမျိုးသားတို့တွင် ဘာသာရေးဆိုင်ရာ ပွဲ တော်များရှိသည့်အနက် ကေ့ထိုးဘိုးခေါ် တံခွန်တိုင် ပွဲတော်၊ ဒီကူး(ဒီးကူ) ခေါ် ကောက်ညှင်းထုပ်ပွဲတော်၊ ကေ့ခေါ်တောလိုက်ပွဲ၊ ဒီးဆ ခေါ် ကောက်သစ်စားပွဲ၊ လယ်ဂါပူဇော်ပွဲ၊ စပါးဆူးထိုးပွဲတို့သည် ကယားအမျိုးသား တို့၏ အရေးပါသော ပွဲတော်များဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ရွာစဉ်အလိုက် ကျင်းပသော ပွဲတော်များဖြစ်သည်။ ကယန်းတိုင်းရင်းသားတို့သည် အသုဘပွဲတွင် ယွိုင်အက ဖြင့် သီဆိုကခုန်ကြသည်။ ဇန်နဝါရီလ ၁၅ ရက်သည် ကယားပြည်နယ်နေ့ ဖြစ်သည်။
သမိုင်းဝင်နှင့် ထူးခြားသောနေရာများ
လွိုင်ကော်မြို့နယ်ရှိ သီရီမင်္ဂလာ တောင်ကွဲစေတီ တော်၊ လောပိတရေတံခွန်၊ မထောခူရေတံခွန်နှင့် ဒီးမော့ဆိုမြို့နယ် ကန်ခုနစ်ဆင့်နှင့် ထီအင်းခေါ် ထီးပွင့် ကန်တို့မှာ ထူးခြားသည်။ လွိုင်ကော်မြို့နယ်တွင် ထီးစဲခါး ရေတံခွန် ရှိသည်။ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်ခြားချောင်းဖြစ်သော နမ့်တန်ဖချောင်းပေါ်တွင် တည် ရှိပြီး အလွန်ထင်ရှားသည်။ လွိုင်ကော်မြို့အနီးတွင် ထုံး ကျောက်ဂူဖြစ်သော ကြတ်ဂူ ရှိသည်။ ကြတ်ဂူသည် ဂူအတွင်းရှိ ကျောက်စက်မိုးမျှော်အမြင့်များပေါ်တွင် ရှိနေ သော ခေါင်းတလားပုံစံ သစ်လုံးထွင်းတလားများကြောင့် လူအများ စိတ်ဝင်စားကြသည်။ ဖရူဆိုမြို့နယ် မောဒီဒို ကျေးရွာအနီးတွင် ဂူအတွင်း၌ ရေအောက်မြစ်ရှိသော ထီးပရူနူ ထုံးကျောက်လိုဏ်ဂူ ရှိသည်။
ရေအားလျှပ်စစ်
လွိုင်ကော်မြို့မှ ၂၅ ကီလိုမီတာ (၁၅ မိုင်) ခန့်တွင်
တည်ရှိသော လောပိတ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံသည် မြန်မာနိုင်ငံ၏ ပထမဆုံး အကြီးစား ရေအား လျှပ်စစ်စက်ရုံ ဖြစ်၏။ လောပိတရေအား လျှပ်စစ်စက်ရုံ ကို ၁၉၅၄ ခုနှစ်တွင် ဂျပန်စစ်လျော်ကြေးရငွေဖြင့် ဂျပန်နည်းပညာသုံးပြီး တည်ဆောက်ခဲ့သည်။ စွမ်းအား မဂ္ဂါဝပ် ၂၅၀ ထုတ်ပေးနိုင်သော ယင်းစက်ရုံမှ ဓာတ် အားကို မဟာဓာတ်အားလိုင်းဖြင့် ရန်ကုန်မြို့နှင့် အနီး တစ်ဝိုက်သို့ ပေးပို့ဖြန့်ဝေလျက်ရှိသည်။
လွိုင်ကော်မြို့အနီး ဖြတ်သန်းစီးဆင်းသော ဘီလူး ချောင်းပေါ်တွင် တည်ဆောက်ထားသည့် ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ အမှတ်(၁)၊ အမှတ်(၂) နှင့် အမှတ် (၃) တို့မှလည်း စုစုပေါင်း တပ်ဆင်အင်အား ၂၄၈ မဂ္ဂါဝပ် ဖြင့် နှစ်စဉ် ကီလိုဝပ် နာရီသန်းပေါင်း ၁၇၂၄ ထုတ်လုပ် ဖြန့်ဖြူးပေးလျက် ရှိသည်။