ကမူး၊ အယ်လဘတ် (၁၉၁၃-၁၉၆၀) ။ ။ အယ်လဘတ် ကမူးသည် ဖြစ်တည်မှုပဓာနဝါဒ လှုပ်ရှားမှုတွင် ဦးဆောင် သည့် ပြင်သစ်သတင်းစာဆရာ၊ စာရေးဆရာ၊ အတွေး အခေါ်ပညာရှင်နှင့် ပြဇာတ်ရေးဆရာတစ်ဦး ဖြစ်သည်။ ၁၉၅၇ ခုနှစ် စာပေဆိုင်ရာနိုဘယ်ဆုကို ရရှိသည်။
ကမူးကို ၁၉၁၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် အယ် ဂျီးရီးယားနိုင်ငံ၌ မွေးဖွားပြီး ပြင်သစ်နိုင်ငံသို့ ၁၉၃၉ ခုနှစ် တွင် ရောက်ရှိခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် နာဇီဆန့်ကျင်ရေး ပြင်သစ်တော်လှန်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး 'တိုက်ပွဲ' ဟူသည့် မြေအောက်သတင်းစာ၏ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ကမူးသည် သူ၏ဇာတိ အာဖရိက မြောက်ပိုင်းအကြောင်း စိတ်လှုပ်ရှားဖွယ် ရသစာတမ်း များ ရေးသားခဲ့ပြီး သူ၏ဝတ္ထု အများအပြားသည်လည်း အာဖရိကမြောက်ပိုင်းဒေသ အခြေခံဇာတ်လမ်းများ ဖြစ် သည်။ ကမူး၏အရေးအသားမှာ ဇာတ်အိမ်ကို ကျော်လွန် ပြီး အားလုံးအတွက် အရေးကြီးသော စာရိတ္တပိုင်းဆိုင်ရာ ပြဿနာကို ဖော်ကျူးလေ့ရှိသည်။
ကမူး၏ အတွေးအခေါ်များမှာ ဖြစ်တည်မှုပဓာန ဝါဒီတစ်ဦးတွင် အတူယှဉ်တွဲနေသော လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ ဖြစ်တည်မှုပဓာနဝါဒီ၏ လူ့အဖွဲ့အစည်းမှ စွန့်ခွာမှု၊ ဘုရားသခင်ကို လွယ်လင့်တကူ ပုံအပ်ယုံကြည် ခြင်း မရှိမှုနှင့် လူအများလက်ခံထားသည့် အကြွင်းမဲ့ အကျင့်စာရိတ္တစံနှုန်းများအတိုင်း မနေထိုင်မှုတို့ကြောင့် ဖြစ်တည်မှုပဓာနဝါဒီတစ်ဦး ရင်ဆိုင်ရသည့် အခက်အခဲ များဖြစ်ပေါ်မှုတို့နှင့် စပ်လျဉ်းသည့် အတွေးအခေါ်များ ဖြစ်သည်။ ကမူး၏ အတွေးအခေါ်များကို လူစိမ်း (၁၉၄၂)၊ ပလိပ်ရောဂါ (၁၉၄၇)၊ ကျဆုံးခြင်း (၁၉၅၇) ဟူသည့် ဝတ္ထုများနှင့် ကာလီဂူးလား (၁၉၄၅) ပြဇာတ်တွင် တွေ့ ရှိနိုင်သည်။
ကမူး ရေးသားခဲ့သော ဒဿနဆိုင်ရာ ရသစာတမ်း များအနက် ဆစ်ဆီဖက်စ်၏ ဒဏ္ဍာရီ (၁၉၄၂)နှင့် သူပုန် (၁၉၅၁) တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ ရှိသည်။ အယ်လဘတ်ကမူးသည် ၁၉၆၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ပြင်သစ်နိုင်ငံ၌ ကားမတော်တဆ မှုဖြင့် ကွယ်လွန်သည်။