ကမီယိုပန်းပြောက် ။ ။ လူတို့ အဆင်တန်ဆာအဖြစ် အသုံးပြုကြသော ပစ္စည်းအမျိုးမျိုးတွင် မိမိတို့နှစ်သက်
ရာ၊ ကိုးကွယ်ရာ၊ အထိမ်းအမှတ်ပြုရာ ရုပ်ပုံများကို အကြွ ထွင်းထုထားသော ကျောက်မျက်ပစ္စည်းများလည်း ပါဝင် လေသည်။ ထိုကျောက်မျက်များကို 'ကမီယို' ဟုခေါ်၍ အချိုင့်ထွင်း ကျောက်မျက်များကို 'အင်တဲလယို' ဟု ခေါ် သည်။
ကမီယိုပန်းပြောက်ကိုသုံးသော အလေ့အထသည် ရှေးအခါမှစ၍ ရှိခဲ့သည်။ ရှေးက ကျောက်မျက်များတွင် သာမက ယောက်သွားခွံများ၊ ခရုခွံများ၊ ကနုကမာများ ပေါ်တွင်လည်း ပုံကြွများဖော်၍ ဝတ်ဆင်ခဲ့ကြသည်။
ကျောက်မျက်များကို ပုံကြွဖော်ရာတွင် အရောင် နှစ်မျိုးသုံးမျိုး ထပ်လျက်ရှိသော ကျောက်မျက်များသည် အလွန်ကောင်းသည်။ အပေါ်ယံအရောင်တွင် လိုရာပုံစံကို ထုလုပ်၍ မလိုသောအပိုင်းကို ထွင်းပစ်လိုက်သောအခါ အောက်ထပ်ရှိအရောင်သည် နောက်ခံကားသဖွယ် ဖြစ် နေသည်။
ရှေးဟောင်းဆူမာလူမျိုးတို့၏ခေတ်မှ ရောမနိုင်ငံ တော်ကြီး ယိမ်းယိုင်ပြိုကွဲချိန်အထိ ကမီယိုပန်းပြောက် များသည် ခေတ်စားခဲ့သည်။ ထို့နောက် အတတ်ပညာ ပြန်လည် ဆန်းသစ်ခေတ် ဖြစ်သော ခေတ်ဆန်းချိန်မှ ယနေ့တိုင်အောင် ကမီယိုပန်းပြောက်ကို အသုံးပြုလာကြ သည်။
ကမီယိုပန်းပြောက်အတတ်မှာ ပန်းပုနှင့် ရုပ်လုံး ထွင်းခြင်းအတတ်၌ အကျုံးဝင်သော်လည်း သေးငယ် သော ကျောက်မျက်တို့အပေါ်တွင် အလွန်နုနယ်စွာ ပုံဖော် ယူရသဖြင့် သီးသန့်အနုပညာတစ်ရပ် ဖြစ်သည်။