Myanmar Encyclopedia

ကမာရွတ်မြို့နယ် ။ ။ ကမာရွတ်မြို့နယ်သည် ရန်ကုန် တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်အတွင်း၌ တည်ရှိ သည်။ ရှေးမြန်မာမင်းများလက်ထက်ကပင် အခြေတည်ခဲ့ သည်။ 'ကမာရွတ်'မှာ မွန်ဘာသာစကားဖြစ်ပြီး 'ရတနာ ကန်' ဟု အဓိပ္ပာယ်ရသည် (ကမာ = ကန်၊ ရွတ် = ရတနာ ဖြစ်သည်)။ ဒဏ္ဍာရီအရမူ လှိုင်မြစ်ကမ်းအနီး နေထိုင် ကြသည့် ငမိုးရိပ်မိကျောင်းပိုင်ရှင် ခဝါသည်ဇနီးမောင်နှံ ဖိုးကမာနှင့် မယ်ကရွတ်တို့ကို အစွဲပြု၍ ကမာရွတ်ရွာဟု ခေါ်တွင်ခဲ့သည်ဟုအဆိုရှိသည်။ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ရပ်ကွယ်ငယ်များဖြင့် စုဖွဲ့ကာ ဒေသစိတ်အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ ၁၉၇၄ ခုနှစ် တွင် ဒေသစိတ်များကို ပယ်ဖျက်၍ ရပ်ကွက် ၁၀ ခုဖြင့် ဖွဲ့စည်းကာ ကမာရွတ်မြို့နယ်အဖြစ် တိုးမြှင့် သတ်မှတ်ခဲ့ သည်။ ကမာရွတ်မြို့နယ်သည် ၆ စတုရန်းကီလိုမီတာ (၂ စတုရန်းမိုင်) ကျော် ကျယ်ဝန်းပြီး အရှေ့ဘက်တွင် ဗဟန်း မြို့နယ်၊ အနောက်ဘက်တွင် ဆိပ်ကမ်းမြို့နယ်နှင့် လှိုင် မြစ်၊ တောင်ဘက်တွင် ကြည့်မြင်တိုင်နှင့် စမ်းချောင်းမြို့ နယ်၊ မြောက်ဘက်တွင် လှိုင်မြို့နယ်တို့ တည်ရှိသည်။ လူသိများ ထင်ရှားသော အင်းလျားကန်နှင့်လည်း ထိစပ် လျက်ရှိသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၅၀ ပေတွင် တည်ရှိသည်။ လှိုင်မြစ်မှာ ကမာရွတ်မြို့နယ် အတွင်း မြောက်မှတောင်သို့ ဖြတ်စီးဆင်းလျက်ရှိသည်။ ကမာရွတ်မြို့နယ်အတွင်း ပေ ၁၈၀ အထက် တံတားများ ဖြစ်သော လှည်းတန်းတံတား၊ နာနတ်တောခုံးကျော် တံတား၊ လှည်းတန်းခုံးကျော်တံတားများ ရှိသည်။ လူမျိုး ပေါင်းစုံနေထိုင်ကြပြီး လူဦးရေမှာ ၂၀၁၇ ခုနှစ် စာရင်း များအရ ၇၉၉၀ဝ ကျော် ရှိသည်။

ကမာရွတ်မြို့နယ်သည် တက္ကသိုလ်နယ်မြေဟု လူသိများသည့်အတိုင်း တက္ကသိုလ်ပေါင်းစုံ တည်ရှိသော မြို့နယ်ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် စတင် တည်ထောင် သော ရန်ကုန်တက္ကသိုလ်အပါအဝင် တက္ကသိုလ် အများ အပြား တည်ရှိသည်။ ဂျပ်ဆင် (ယုဒသန်) ဘုရားရှိခိုး ကျောင်းသည် ရန်ကုန်တက္ကသိုလ်ပရိဝုဏ်အတွင်း တည်ရှိ သည်။ အစိုးရကျောင်းများအပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများလည်း တည်ရှိသည်။

ပင်မစာမျက်နှာသို့