ကမာကူရဘုရား ။ ။ ကမာကူရဘုရားသည် ဂျပန်နိုင်ငံ၊ ကမာကူရမြို့၊ ကိုတိုးကုဘုရားကျောင်းဝင်းအတွင်း တည် ရှိသော ကျော်ကြားသည့် ဗုဒ္ဓကြေးဆင်းတုတော်ကြီး ဖြစ်သည်။ မှတ်တမ်းများအရ ကမာကူရဘုရားကို ကမာ ကူရခေတ် ၁၂၅၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။
ကမာကူရဘုရားသည် ဉာဏ်တော် ၄၃ ဒသမ ၈ ပေ၊ အလေးချိန် ၁၂၁ တန်၊ မျက်နှာတော်အရှည် ၇ ပေ ၉ လက်မ၊ မျက်လုံးတော် ၃ ပေ ၃ လက်မ၊ ပါးစပ်တော် ၂ ပေ ၈ လက်မ၊ နားရွက်တော် ၆ ပေ ၃ လက်မ၊ ဒူးတော် တစ်ဖက်မှတစ်ဖက် ၂၉ ဒသမ ၉ ပေနှင့် လက်မအဝန်း ၂ ပေ ၉ လက်မ အသီးသီးရှိသည်။
ကမာကူရဘုရား၏ မူလပုံစံမှာ ၁၂၄၃ ခုနှစ်တွင် သစ် သားဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လဟာပြင်တွင် မဟုတ်ဘဲ အမိုးအကာနှင့် ဘုရားကျောင်းဆောင်အတွင်း တည်ထားခြင်းဖြစ်သည်။ ကမာကူရ သစ်သားဆင်းတု တော်အား မိဖုရားအီနာဒါနှင့် ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးဂျိုကိုတို့က ကြီးကြပ်လျက် ၁၀ နှစ်ကြာ တည် ဆောက်ခဲ့ရသည်။ အဆိုပါဆင်းတုတော်နှင့် ကျောင်း ဆောင်မှာ ၁၂၄၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခဲ့သည်။ ထို့နောက် ရာသီဥတုဒဏ် ခံနိုင်ရန်အတွက် အဆိုပါနေရာတွင်ပင် ငွေကြေးများစွာ အကုန်အကျခံလျက် ကမာကူရကြေးဆင်းတုတော်နှင့် ကျောင်းဆောင်ကို ပြန်လည်တည်ဆောက်ခဲ့သည်။ ကြေးပန်းတဉ်းပညာရှင်များဖြစ်ကြသည့် အိုနိုဂိုရိုမွန် သို့မဟုတ် တန်ဂျီဟီဆာတိုမိုတို့ နှစ်ဦးအနက် တစ်ဦးဦးက ဆင်းတု တော်ကို ထုလုပ်ခဲ့သည်ဟု ဆိုကြသည်။ ကမာကူရဘုရား အား တစ်ချိန်က ရွှေချခဲ့ပြီး ဆင်းတုတော်၏ နားရွက်တော် အနီးတွင် ရွှေဆိုင်း အစအနများ ယနေ့ထက်တိုင် တွေ့ နိုင်သည်။ ဘုရားကြီးမှာ ကျောင်းဆောင်အတွင်း တည် ဆောက်ထားခြင်းဖြစ်သော်လည်း ခေတ်အဆက်ဆက် မုန်တိုင်းဒဏ်များနှင့် ဆူနာမီဒဏ်များကြောင့် မကြာခဏ ပျက်စီးခဲ့ရသဖြင့် ယခုအခါ ကျောင်းဆောင်အား ပြန်လည် တည်ဆောက်ခြင်းမပြုတော့ဘဲ ဗုဒ္ဓကြေးဆင်းတုတော်ကို လဟာပြင်တွင်သာ ကိုးကွယ်ပူဇော်ထားသည်။
၁၈၉၂ ခုနှစ်တွင် ကမာကူရဘုရားသို့ အလည် အပတ်ရောက်ရှိခဲ့သော ကမ္ဘာကျော် ဗြိတိသျှ စာရေးဆရာ ရပ်ဒယာ့ကစ်ပလင်း၏ ကဗျာများ၊ ဝတ္ထုများတွင် ကမာကူရဘုရားအကြောင်း ထည့်သွင်း ဖော်ပြထားသည်။ ယခုအချိန်တွင် ဂျပန်နိုင်ငံသို့ သွားရောက်သည့် နိုင်ငံခြားသား ခရီးသည်များအနေဖြင့် ကမာကူရဘုရားသို့ မဖြစ် မနေ သွားရောက် ဖူးမြော်ကြသည်။