ကမာ ။ ။ ကမာသည် အခွံနှစ်ခြမ်းရှိသော ခရုမျိုး ဖြစ်၍ ထိုအခွံနှစ်ခြမ်းကို ရုန်းနိုင်ကျုံ့နိုင်သော အကြောတစ်ခုက တစ်နေရာတွင် ပတ္တာသဖွယ်ဆိုင်းထားသည်။ ယေဘုယျ အားဖြင့် အပေါ်ဘက်အခွံသည် ပြား၍ အောက်ဘက် အခွံသည် ခွက်ပြီးလျှင် ထိုအခွက်ထဲ၌ ကမာ၏ကိုယ်ခန္ဓာ တည်ရှိသည်။ ကမာသည် အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်ရှိ ပင်လယ်ကမ်းခြေတစ်လျှောက် ရေတိမ်ရာအရပ်များတွင် နေထိုင်သည်။ အေးလွန်းသော ဝင်ရိုးစွန်းဒေသရှိ ပင်လယ် ကမ်းခြေများတွင် မတွေ့ရချေ။
ကမာတွင် အရွယ်၊ ပုံသဏ္ဌာန်၊ အလေ့အထ၊ အာဟာရဓာတ် အနည်းအများ စသည်တို့ကို လိုက်၍ အမျိုးပေါင်း တစ်ရာကျော် ရှိ၏။ (ခရုမျိုး - ရှု။)
သို့သော် စီးပွားရေးအရ အရေးကြီးသော ကမာမျိုး များမှာ အမေရိကန်၊ ဥရောပ၊ သြစတြေးလျ၊ ဂျပန်၊ ပေါ်တူဂီ၊ တရုတ်၊ ပစိဖိတ်ကမ်းခြေနှင့် အိန္ဒိယ ကမာ မျိုးများသာဖြစ်သည်။ ပုလဲထွက်သည့် ကမာများမှာ တစ်မျိုးဖြစ်၍ ရေငန်ကမာမျိုးအပြင် ရေချိုကမာမျိုး လည်း ရှိသေးသည်။ ပုလဲငုပ်သည့် လုပ်ငန်းကို အချို့နိုင်ငံ များတွင် အကြီးအကျယ်ပြုလုပ်ကြပြီး မြန်မာနိုင်ငံ၌ မြိတ်နှင့်ထားဝယ်ဒေသတွင် အသင့်အတင့်ပြုလုပ်သည်။ မြိတ်နှင့်ထားဝယ်ဘက်တွင် ပုလဲငုပ်ခြင်းကို မုတ်ငုပ်သည် ဟူ၍လည်း ဆိုလေ့ရှိသည်။
ကမာကို လိင်အားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။ ပထမ အမျိုးမှာ အဖိုနှင့်အမ တစ်လှည့်စီဖြစ်ကြသော အမျိုးဖြစ် ၍ ဤအမျိုးတွင် ဥရောပ၊ ပစိဖိတ်၊ ဂျပန်နှင့် သြစတြေးလျ ကမာမျိုးတို့ ပါဝင်၏။ နောက်တစ်မျိုးမှာ ပထမပေါက်ဖွား ချိန် လွန်မြောက်သောအခါ အချို့ လိင်ပြောင်းကာ အဖို ဘဝမှ အမဘဝသို့ ကူးပြောင်းသွားတတ်သည့် အမျိုးဖြစ် လေသည်။ ဤအမျိုးတွင် အမေရိကန်ကမာတစ်မျိုး၊ သြစတြေးလျကမာတစ်မျိုးနှင့် ဂျပန်မှကမာကြီးမျိုးတို့ ပါဝင်ကြသည်။
ပေါက်ဖွား ကြီးပြင်းပုံကိုလိုက်၍လည်း ကမာကို နှစ်မျိုး ခွဲခြားနိုင်ပြန်သည်။ တစ်မျိုးတွင် ဥနှင့်တကွ ဥမှ ပေါက်ခါစ သားငယ်များကို မိခင်ကမာ၏ အခွံအတွင်း၌ အတန်ကြာအောင် ထိန်းထားပြီးမှ သားငယ်များကို ရေ၌ လွှတ်၍ ကြီးပြင်းစေသည်။ အခြားတစ်မျိုးမှာမူ ဥများကို ရေထဲ၌ တိုက်ရိုက် ဥချသော အမျိုးဖြစ်သည်။
ဥမှပေါက်စ သားငယ်များတွင် အခွံမာ ပါမလာချေ။ သားငယ်တို့သည် ဥမှပေါက်ပြီးနောက် နာရီအနည်းငယ် အတွင်း၌ ဟိုသည်ကူးခတ်ပြီးသော် ထိုနေ့မှာပင် ကိုယ် ပေါ်၌ နှစ်ခြမ်းစပ်အခွံမာ ဖြစ်ပေါ်လာသည်။ သားငယ် အချို့သည် ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ ရေအောက်ရှိ ကျောက်ဆောင် ကျောက်တုံးစသည်တို့၌ တွယ်ကပ်ကြတော့သည်။ ထိုသို့တွယ်ကပ်မိပြီးနောက် မကြာမီပင် ရေထဲ၌ ကူးခပ်သွားလာနိုင်သော အင်္ဂါအစိတ် အပိုင်းများနှင့် ခြေထောက်များလည်း ပျောက်ကွယ်သွား သည်။ ကမာတစ်ကောင်သည် ပေါက်ဖွားချိန် တစ်ချိန် အတွင်း၌ အကောင်ကလေးများကို သိန်းသန်းနှင့်ချီ၍ ပေါက်ဖွားနိုင်သည်။
ကမာတို့၏အစာမှာ ရေအောက်ရှိ မျက်စိဖြင့် မမြင် နိုင်လောက်အောင် သေးငယ်သည့် အပင်နှင့် ရေပိုးရေမွှား များ ဖြစ်ကြ၍ ပတ်ဝန်းကျင် ရေနွေးလျက်ရှိချိန်တွင် အစာကို အများဆုံးစားနိုင်ကြသည်။ ဆောင်းတွင်း၌ ရေ၏အပူချိန် အလွန်လျော့သွားသောအခါ အချို့မှာ အစာစားခြင်းကို ရပ်၍ မလှုပ်ရှားတော့ဘဲ ဆောင်းအောင်း သွားတတ်ကြသည်။
ကမာတို့၏အစာတွင် အာဟာရဖြစ်စေတတ်သော သံဓာတ်နှင့် ကြေးနီဓာတ် မြောက်မြားစွာပါဝင်၏။ ထို့ ကြောင့်လည်း သွေးအားနည်းသူများအား ကမာကောင် များကို ကျွေးမွေးခြင်းဖြစ်သည်။ ကမာတွင် အိုင်အိုဒင်း၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ ဖော့စဖရပ်နှင့် ကယ်ဆီယမ် ဓာတ်များအပြင် အရေးကြီးသော ဗီတာမင်ဓာတ်များ လည်း ပါဝင်သည်။
ကမာတို့သည် အများအားဖြင့် နွေးသောဒေသများ တွင် ကြီးထွားလွယ်ကြသည်။ ကမာကောင်တို့၏ အရွယ် မှာ အမျိုးကိုလိုက်၍ နှစ်နှစ်၊ သုံးနှစ်အတွင်း တစ်လက်မ ခွဲမှ ၅ လက်မအရွယ်ခန့်အထိ ရှိသည်။ ဖမ်းဆီးစားသောက် ခြင်း မပြုဘဲထားလျှင် ထိုထက်ကြီးထွားနိုင်၍ အမေရိကန် ကမာမျိုးထဲ၌ ၁၄ လက်မအထိ ကြီးထွားသည်ပင် ရှိဖူး သည်။ ကမာတို့၏ သက်တမ်းကိုလည်း အတိအကျ မပြောနိုင်ပေ။ သို့သော် အမေရိကန်ကမာမျိုးထဲ၌ ၂၅ နှစ် ကျော် အသက်ရှင်ဆဲဖြစ်သော ကမာများကို တွေ့ရသည်။
ကမာတို့တွင် အသက်ရှင်နေသမျှ ကာလပတ်လုံး ရန်သူပေါင်းများစွာနှင့် အမြဲ တွေ့ကြုံနေကြရပေသည်။ ငါးနှင့်တကွ အခြားရေသတ္တဝါများအပြင် ကမာကြီးတို့၏ စားသောက်ခြင်းကို ခံရသည်။ ထိုသို့ အစားကို ခံရသဖြင့် တစ်နှစ်တစ်နှစ်တွင် ရောင်းဝယ်ဖောက်ကားနိုင်သည့် ကမာပေါင်းများစွာ ဆုံးရှုံးရသည်။
ကမ္ဘာအရပ်ရပ်၌ ကမာမွေးမြူရေးလုပ်ငန်းကို အကြီးအကျယ်ပြုလုပ်နေကြရာတွင် ပုလဲရရှိရေးထက် လူတို့စားသုံးရန် ဟင်းလျာအတွက်လုပ်ခြင်းက ပို၍ ကြီး ကျယ်သည်။ ကမာလုပ်ငန်းကို နိုင်ငံပေါင်း ၃၀ ကျော်တွင် လုပ်ကိုင်လျက်ရှိကြသည့်အနက် အမေရိကန်ပြည်ထောင် စု၊ ပြင်သစ်၊ ဟော်လန်၊ ဗြိတိသျှကျွန်းစု၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဂျပန်၊ နယူးဇီလန်၊ ကနေဒါနှင့် မက္ကဆီကိုတို့မှာ အကြီးကျယ်ဆုံးဖြစ်၍ အများဆုံးထွက်သော နိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ဖြစ်သည်။ တစ်နှစ်လျှင် တစ် ကမ္ဘာလုံးမှ ကမာပေါင်ချိန် ၁၂ ကုဋေမျှ ထွက်၍ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းမှ ထွက်သည့် ပေါင်ချိန်မှာ ၁၀ ကုဋေ ကျော်သည်။
ကမာကောင်များကို စနစ်တကျ မွေးမြူရာတွင် အဓိကအားဖြင့် လေးဆင့်ရှိ၍ ထိုအဆင့်လေးဆင့်မှာ ကမာများ ပေါက်ပွားနေထိုင်ရန် အောက်ခံမြေကို မာကျောအောင်အပြင် အမှိုက်သရိုက်နှင့် ရန်သူများ ကင်းရှင်းအောင် ပြုပြင်စီမံပေးရခြင်း၊ ကမာကောင်များ စွဲကပ်ရန်အတွက် သန့်ရှင်းသော ကမာခွံများ၊ ကျောက် တုံးများ၊ သစ်ခက်များကို ချပေးရခြင်း၊ ကြီးပြင်းလွယ် အောင် ပြုပြင်ထားသော နေရာသစ်သို့ ပြောင်းရွှေ့ပေးရ ခြင်းနှင့် ဖွံ့ဖြိုး၍ရောင်းပန်းလှအောင် ပြုစုပေးရခြင်းတို့ ဖြစ်သည်။
ကမာမွေးမြူသည့်လုပ်ငန်းသည် တရုတ်နိုင်ငံ၌ အလွန်ရှေးကျသော အချိန်ကတည်းက ထွန်းကားခဲ့ပြီး အီတလီနိုင်ငံ၌ ဘီစီ ၁၀ဝ လောက်တွင် စတင်ခဲ့သည်။
သတိပြုရန်မှာ ကမာတို့သည် ရေအောက်၌နေစဉ် ယင်းတို့၏အတွင်းသားတွင် လူတို့အား ရောဂါဖြစ်စေနိုင် သည့် ဘက်တီးရီးယားများ စွဲကပ်ပါလာတတ်ရာ ထို ကမာမျိုးကို စားသုံးမိသူများ ရောဂါရတတ်သည်။ ထို့ ကြောင့် ကမာကို ရောင်းကုန်ဟင်းလျာအဖြစ်နှင့် အကြီး အကျယ် မွေးမြူရောင်းချသောနိုင်ငံတို့တွင် ကမာကောင် များ နေထိုင်ရာရေမှ အစပြု၍ ကမာကောင်များကို အခွံမှ ခွာယူသည်အထိ ကျန်းမာရေးဌာနက အမြဲတစေ တင်းကျပ်စွာ စမ်းသပ်စစ်ဆေးသည်။