Myanmar Encyclopedia

ကဘော်ချိုင့်ဝှမ်းဒေသ။ ။ မြန်မာနိုင်ငံတွင် ချိုင့်ဝှမ်းကြီး များအနေဖြင့် ဟိုပုန်းချိုင့်ဝှမ်း၊ ဟူးကောင်းချိုင့်ဝှမ်းနှင့် ကဘော်ချိုင့်ဝှမ်းဟူ၍ ရှိသည်။ ၎င်းချိုင့်ဝှမ်းများအနက် ကဘော်ချိုင့်ဝှမ်းသည် အိန္ဒိယနိုင်ငံနှင့် နယ်စပ်ဒေသဖြစ် ၍ ရာသီဥတုဆိုးရွားကာ ငှက်ဖျားရောဂါ ထူလွန်းသဖြင့် သေမင်းတမန်ချိုင့်ဝှမ်းဟု လည်း ထင်ရှားသည်။

၁၉ဝ၅ ခုနှစ် မတိုင်မီက ကလေးမြို့နယ်နှင့် တမူး မြို့နယ်တွင် ပါဝင်သည့် တောင်တန်းဒေသ တစ်ခုလုံးကို ကဘော်ချိုင့်ဝှမ်းဒေသဟု ခေါ်ခဲ့ကြသည်။ ၁၉ဝ၅ ခုနှစ်မှ စ၍ ထိုဒေသနှစ်ခုကို ကလေးချိုင့်ဝှမ်းနှင့် ကဘော်ချိုင့်ဝှမ်း ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။ ကဘော်ချိုင့်ဝှမ်းဒေသ သည် မြန်မာနိုင်ငံ အနောက်မြောက်ဖျားဒေသ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်တစ်ခုလုံး အကျုံးဝင်သည်။

ကဘော်ဒေသ၏ အနောက်မြောက်ဘက်တွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိသည်။ မြန်မာမင်းများ လက်ထက်က လက်အောက်ခံနိုင်ငံဖြစ်ခဲ့ပြီး ကဘော် ဒေသနှင့် ၁၂၆ ကီလိုမီတာ (၇၈ မိုင်) ကျော်မျှ နယ်နိမိတ် ထိစပ်သည်။

ချိုင့်ဝှမ်းဧရိယာသည် တောင်နှင့်မြောက် ၁၄၅ ဒသမ ၈ ကီလိုမီတာ (၉ဝ မိုင်) ခန့်၊ အရှေ့နှင့် အနောက် ၁၉ ဒသမ ၄၄ ကီလိုမီတာ (၁၂ မိုင်) မှ ၄ဝ ဒသမ ၅ ကီလိုမီတာ (၂၅ မိုင်) အထိ ကျယ်ဝန်းသည်။ ဒေသတစ်ခုလုံးသည် တောင်နှင့်မြောက်သွယ်တန်းပြီး သန်လျက်ပုံသဏ္ဌာန် ရှိသည်။ စုစုပေါင်း အကျယ်အဝန်းသည် ၁၅၁၁ ဒသမ ၇၈၃ စတုရန်းမိုင် ဖြစ်သည်။ ဒေသတစ်ခုလုံးနီးပါးကို တောင်စဉ်တောင်တန်းများ ဝန်းရံထားသည်။ ဒေသ၏ အနိမ့်ဆုံးနေရာသည် ပင်လယ်ရေမျက်နှာပြင်မှ ၆ဝ၅ ပေ မြင့်သည့် လွင်ပြင်ဒေသ ဖြစ်သည်။ အမြင့်ဆုံးနေရာသည် ပေ ၂၃ဝဝ အထိ မြင့်သည်။ ချိုင့်ဝှမ်းဒေသအတွင်း၌ ချောင်း၊ မြောင်းပေါသော်လည်း မိုးရာသီ ရေကြောင်း သွားလာရေးတွင် ယူးမြစ်တစ်ခုတည်းသာ အသုံးပြုသည်။ ယူးမြစ်သည် ချင်းတွင်းမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်ပြီး မော်လိုက်မြို့နယ် ယုဝကျေးရွာအနီး၌ ချင်းတွင်းမြစ်နှင့် ပေါင်းဆုံသည်။

ဒေသတစ်ခုလုံးသည် သမပိုင်းဇုန်အတွင်း ကျရောက် သော်လည်း တောင်စဉ်တောင်တန်းများ ဝိုင်းရံထားသည့် မြေပြန့်လွင်ပြင်ဖြစ်၍ အပူအအေးကွာခြားမှု အပြောင်း အလဲရှိသည်။ တစ်နှစ်တာကာလပတ်လုံး မိုးရွာရက် ၁၂၇ ရက်ရှိပြီး ပျမ်းမျှမိုးရေချိန်သည် ၈၆ ဒသမ ၂ဝ လက်မ ဖြစ်သည်။

သဘာဝပေါက်ပင်များအနေဖြင့် ဒေသအတော်များ များတွင် အင်းတိုင်းတောများ ရှိသည်။ ကျွန်းသစ်ကို ယူးမြစ်အနောက်ဘက်၌ ပိုမိုတွေ့ရှိရပြီး ပျဉ်းကတိုး၊ သစ်မာများကို ယူးမြစ်အရှေ့ဘက် အလှော်၊ ပွတ်သာ၊ မင်းသမီး၊ တိန်းကယား၊ ကွန်းတောင်းနှင့် ဝက်ရူကျေးရွာ များ၌ တွေ့ရသည်။ မှန်တောင်တန်းနှင့် မင်းသမီးတောင် တန်းတစ်ဝိုက်၌ စန္ဒကူးသစ်မွှေးပင်များ အနည်းငယ် တွေ့ရသည်။ သဘာဝသစ်ဥ သစ်ဖု ပရဆေးပင်များနှင့် ရှားပါးသစ်ခွများကိုလည်း တွေ့ရသည်။ တမူးမြို့တောင် ဘက် အလှော်၊ ပွတ်သာ၊ မင်းသမီး၊ တိန်းကယားရွာ ပတ်ဝန်းကျင်တွင် ကျား၊ ဝံ၊ တောခွေးနှင့် မြွေကြီးများ စသည့် တောရိုင်းတိရစ္ဆာန်များရှိသည်။

သဘာဝ တွင်းထွက် သယံဇာတများအနေဖြင့် ကျောက်မီးသွေးကို ယူးမြစ်ကမ်းပါးနှင့် မင်းသမီးတောင် တန်း၊ အနောက်ဘက်ကမ်းပါး နေရာအချို့တွင် တွေ့ရ သည်။ ကျောက်စိမ်းကို မဏိပူရပြည်နယ်မှ စီးလာသည့် ကွန်းတောင်းချောင်းနံဘေး၌ အနည်းငယ်တွေ့ရသည်။ ရေနံကို မင်းသမီးနှင့် ပွက်သာရွာအနီး၌ တွေ့ရသည်။

ကဘော်ချိုင့်ဝှမ်းဒေသဆိုသည်မှာ ဒေသတွင်းနေ ရှမ်းနီတိုင်းရင်းသားများကို အစွဲပြုပြီး မဏိပူရ ကသည်း လူမျိုးများက ခေါ်ဆိုသည့် ဝေါဟာရဖြစ်သည်။ ရှမ်းနီ တိုင်းရင်းသားများကို ကပေါ်ဟု ခေါ်ရာမှ ကဘော်ဖြစ်လာ သည်ဟု ဆိုသည်။

ကဘော်ချိုင့်ဝှမ်းဒေသသည် ယူးမြစ်၊ ဒေသအခေါ် ယူးချောင်းသည် ဒေသအတွက် အရေးပါသောမြစ် ဖြစ် သည်။ ယူးမြစ်နံဘေး၌ ရွာများစွာ ရှိသည်။ ယခင်က နေထိုင်သူအများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်သည်။ ၎င်းတို့ကို ရှမ်းဗမာဟု လူသိများသည်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း၌ ကဘော်ဒေသထဲသို့ ချင်းတောင်တန်းများဘက်မှ ချင်းလူမျိုးများ အခြေချ နေထိုင်ကြသည်။ ထို့ပြင် မိုးကုတ်-မြစ်ကြီးနားဒေသများ ဘက်မှ ဂေါ်ရခါးလူမျိုးများနှင့် မွန်၊ ကရင်၊ ရခိုင်လူမျိုးများ လည်း အနည်းအကျဉ်း နေထိုင်ကြသည်။

ဒေသသမိုင်းအရ ကဘော်ချောင်ဟု ခေါ်သော ကဘော်ချိုင့်ဝှမ်းဒေသ၌ မငြိမ်သက်မှုများကြောင့် မြို့ရွာ များ ပျက်ပြားခဲ့ရသည်။ မြန်မာ့သမိုင်းတွင် တောင်ငူခေတ် ၌ မဏိပူရကို မြန်မာမင်းက ပထမဆုံး သိမ်းပိုက်ခဲ့သည်။ ဘုရင့်နောင်က မဏိပူရကို သိမ်းပိုက်ခဲ့ကြောင်းကို မြေး တော် သာလွန်မင်းလက်ထက် ရေးထိုးစိုက်ထူခဲ့သော စစ်ကိုင်းကောင်းမှုတော် (ရာဇမဏိစူဠာ) ဘုရား ကျောက် စာတွင် ဖော်ပြမှတ်တမ်းတင်ထားသည်။ ကဘော်ချောင် ဒေသသည် ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးမင်းသုံးပါး တို့ လက်ထက်တွင် ဖြစ်လာသည်။ ကဘော်ချောင်ဒေသ သည် မဏိပူရီတို့၏ မကြာခဏဝင်ရောက် ကျူးကျော် တိုက်ခိုက်လာခြင်း ခံရသည်။ တစ်ကြိမ်တွင် စစ်ကိုင်း အထိပင် ဝင်ရောက်တိုက်ခိုက် လုယက်နိုင်ခဲ့ကြသည်။

အင်္ဂလိပ်-မြန်မာ ပထမစစ်အပြီးတွင် မဏိပူရနှင့် နယ်နိမိတ်သတ်မှတ်ရာ၌ မဏိပူရတို့က ကဘော်ချိုင့်ဝှမ်း ဒေသကို သူတို့ ပိုင်ဆိုင်သည်ဟု တင်ပြတောင်းဆိုသည်။ အိန္ဒိယအစိုးရက ယင်းတောင်းဆိုချက်ကို ထောက်ခံကာ ကဘော်ချိုင့်ဝှမ်းကို မဏိပူရသို့ ပေးလိုက်သည်။ မြန်မာ များဘက်မှ စစ်ကိုင်း ကောင်းမှုတော်ကျောက်စာကို အထောက်အထားပြ၍ ပြင်းပြင်းထန်ထန် ကန့်ကွက် သည်။ အင်းဝရှိ အင်္ဂလိပ်သံကိုယ်စားလှယ် ဘာနေ ကိုယ် တိုင် မြန်မာအထောက်အထားမှတ်တမ်းများကို လေ့လာ ၍ ကဘော်ချိုင့်ဝှမ်းဒေသကို မြန်မာတို့ ရှေးအစဉ်အဆက် ကပင် ပိုင်ဆိုင်ခဲ့ကြောင်း တင်ပြချက် မှန်ကန်သည်ဟု အဆုံးအဖြတ်ပေးသည်။ ကဘော်ချိုင့်ဝှမ်းပြဿနာသည် ဘာနေ၏ ကျေးဇူးကြောင့် မှန်ကန်စွာ ပြီးပြတ်ခဲ့သည်။

ကဘော်ချိုင့်ဝှမ်းဒေသတွင် တမူးမြို့သည် အဓိက အရေးကြီးသော ခရိုင်မြို့ဖြစ်သည်။ ထိုမြို့သည် စစ်ကိုင်း တိုင်းဒေသကြီး၏ အိန္ဒိယ-မြန်မာနယ်စပ်မြို့ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးအရ အရေးပါသော အနောက် မြောက်ဒေသ နယ်စပ်ချင်းထိစပ်နေသည့် စီးပွားရေးမြို့ ဖြစ်သည်။

တမူးမြို့ကို မြန်မာသက္ကရာဇ် ၁၁၆၃ ခုနှစ်၊ တပေါင်း လ၌ တည်ခဲ့သည်။ မိုးကောင်းရှမ်းစော်ဘွားကြီး၏ သား ကြီး စောခုံခမ်နှင့် စောရွှေကြာ၊ စောကျိမ်းမယ် ညီအစ်ကို များက တည်ထောင်သည်ဟု သမိုင်းမှတ်တမ်းများတွင် တွေ့ရသည်။ ဥဩသာစွ၊ တမူးအစ တကောင်းကဟု လင်္ကာနှင့် မှတ်သားခဲ့ကြသည်။

ယခုအခါ တမူးမြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ တမူးခရိုင်တွင် တမူးမြို့၊ ခမ်းပတ်မြို့နှင့် မြို့သစ်မြို့တို့ ပါဝင်ဖွဲ့စည်းထားသည်။ မြို့သစ်မြို့နှင့် သောင်သွတ်မြို့ပျက်ပြီး ပြန်လည် တည် ထောင်သောကြောင့် မြို့သစ်ဟုခေါ်ကြောင်း ဒေသခံအချို့ က ယူဆကြသည်။ မြို့သစ်မြို့သည် တမူးမြို့ မြောက် ဘက်တွင်ရှိပြီး ၎င်းနှင့် ၄၃ ဒဿမ ၇၄ ကီလိုမီတာ (၂၇ မိုင်) ဝေးကွာသည်။ ခမ်းပတ်မြို့သည် တမူးမြို့၏ တောင် ဘက်တွင်ရှိပြီး မဏိပူရနယ်စပ်မြို့ပင် ဖြစ်သည်။ ခမ်းပတ် ဟူသည် ရွှေပုတီးမြို့ဟု အဓိပ္ပာယ်ရှိသည်။ ခမ်းမှာ ရွှေ ဖြစ်ပြီး ပတ်မှာ ပုတီးဖြစ်သည်။ ထိုမြို့သည် အင်းဝခေတ် ပထမမင်းခေါင်လက်ထက်က စော်ဘွားစွယ်မြိုင်လုံ တည် ထောင်ခဲ့သော မြို့ဟု ဆိုကြသည်။

ယူးမြစ်သည် အိန္ဒိယနိုင်ငံ၌ မြစ်ဖျားခံလာပြီး တမူးခရိုင်တွင် မြောက်မှ တောင်သို့စီးဆင်း၍ ချင်းတွင်း မြစ်အတွင်း စီးဝင်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆ဝဝ ကျော်မှ ၂၃ဝဝ ကျော် ရှိသော မြေပြန့် တောင်ပေါ် ဒေသဖြစ်သည်။

သစ်တောဧရိယာမှာ ၆၄ ရာခိုင်နှုန်းရှိသည်။ ကဘော် သစ်တောကြိုးဝိုင်းမှာ ထင်ရှားသည်။ ကျွန်း၊ အင်ကြင်း၊ တမလန်း၊ ကညင်၊ အင်တို့ ပေါက်ရောက်သည်။

တမူးမြို့တွင် ဗမာ၊ ချင်း၊ ရှမ်း၊ ကရင်၊ ကချင်၊ ရခိုင် စသည့် တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသည်။ ဗုဒ္ဓ ဘာသာဝင် ခြောက်သောင်းနီးပါးနှင့် ခရစ်ယာန်ဘာသာ ဝင် ငါးသောင်းကျော် ရှိသည်။ တမူးမြို့တွင် ရှေးဦး အများစု အခြေချသူများမှာ လုရှိုင်ချင်းတိုင်းရင်းသားများ ဖြစ်သည်။ အခြား ကုကီချင်းတိုင်းရင်းသားတို့သည်လည်း ဝင်ရောက်လာကြရာ ၎င်းတို့သည် ခရစ်ယာန်ဘာသာဝင် အများစု ဖြစ်ကြသည်။ လုရှိုင်ချင်းတို့ကို မီဇိုဟုလည်း ခေါ်သည်။ တောင်တန်းလူဟု အဓိပ္ပာယ်ရပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၌ အများဆုံးနေထိုင်ကြသည်။ လုရှိုင်ကို လူရှေတောင်တန်းဒေသ၌နေကြသဖြင့် လူရှေဟုလည်း ဖော်ပြသည်။

၁၉၅၃ ခုနှစ် စာရင်းအရ တမူးမြို့၏ လူဦးရေမှာ ၁၆၈၇ ဦးဟု ဖော်ပြထားသည်။ ၂ဝ၁၉ ခုနှစ် စက်တင် ဘာလအထိ စာရင်းများအရ မြို့နေအိမ်ခြေ ၁ဝ၄၇၅၊ ကျေးရွာနေအိမ်ခြေ ၁ဝ၅၈ဝ၊ မြို့ပေါ် ၁၂ ရပ်ကွက်၊ ကျေး ရွာ ၆၁ ရွာ ရှိသည်။ လူဦးရေမှာ စုစုပေါင်း ၁၁၆၉၉၃ ဦး ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ရန်ကုန်-တမူး ကားလမ်းကို အသုံးပြုကြသည်။ ကလေးမြို့နယ်အနီး ကြန်စက်ကုန်းကျေးရွာ မိုင်တိုင် ၅၆/၅၇ ၌ ‘မြောက် ယဉ်စွန်းတန်းသည် ဤနေရာတွင် ဖြတ်သည်’ ဟူသော ဆိုင်းဘုတ် ရှိသည်။

တမူးမြို့မှ လောက်ချောင်းကိုဖြတ်၍ မဏိပူရနယ် အင်ဖာမြို့တော်သို့ မြင်းနှင့်သော်လည်းကောင်း၊ လား နှင့်သော်လည်းကောင်း (ယခုအခါ ကားဖြင့်သော်လည်း ကောင်း) သွားနိုင်သည်။ ထိုလမ်းကို အာရှလမ်းမကြီးဟု ခေါ်သည်။ ထိုလမ်းသည် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွား၍ မြန်မာနိုင်ငံမှ ဗြိတိသျှတပ်များ ဆုတ်ခွာခဲ့စဉ်ကလည်း ကောင်း၊ ၁၉၄၂-၄၅ ခုနှစ် ဗြိတိသျှတပ်များ မြန်မာနိုင်ငံ အား ပြန်လည်သိမ်းပိုက်ရန် တိုက်ခိုက်ကြိုးစားခဲ့စဉ် ကလည်းကောင်း အဓိကလမ်းမကြီး ဖြစ်ခဲ့သည်။

ကဘော်ချိုင့်ဝှမ်းနှင့် တမူး-အင်ဖာလမ်း တစ် လျှောက် အင်္ဂလိပ်တပ်များနှင့် ဂျပန်တပ်များ အကြီး အကျယ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၁၆ ရာစုနှစ်ကတည်းက ဘုရင့်နောင်မင်းတရားကြီးသည် ထိုတမူး အင်ဖာလမ်း အတိုင်း စစ်ချီ၍ အာသံပြည် မဏိပူရကို သွားရောက် တိုက်ခိုက်ခဲ့ဖူးသည်။

၁၈၁၂ ခုနှစ်တွင် ဘိုးတော်ဘုရားသည် မဏိပူရ ထီးနန်းဆက်ခံရေးကိစ္စတွင် ကြားဝင်ဆုံးဖြတ်ခဲ့ပြီးနောက် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းပိုက်ခဲ့ဖူးသည်။ ယခုအခါ ထိုလမ်းမကြီးကို အာရှလမ်းမကြီးအဖြစ် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့က ပူးတွဲ ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ တွင် ၁၉၉၇ ခုနှစ်၌ နှစ်နိုင်ငံအစိုးရတို့သည် ထိုနယ်စပ် လမ်း ဖောက်လုပ်ရေးအတွက် သဘောတူကြပြီး ၁၉၉၇ ခုနှစ်၊ ဇွန်လတွင် စတင် အကောင်အထည်ဖော်ခဲ့သည်။ လမ်းအကျယ် ၁၈ ပေ၊ လမ်းပခုံး တစ်ဖက် ၃ ပေစီဖြင့် အရှည် ၁၆၂ ကီလိုမီတာ (၁ဝဝ မိုင်) ရှိ ကလေးဝ-တမူး-အင်ဖာလမ်းကို အိန္ဒိယရူပီးငွေ သန်းတစ်ထောင်ကျော် ကုန်ကျသည်။ တရားဝင်အမည်မှာ အိန္ဒိယ-မြန်မာ ချစ် ကြည်ရေးလမ်း (Indo- Myanmar Friendship Road) ဖြစ်ပြီး မော်ကွန်း ကျောက်တိုင်လည်း စိုက်ထူထားခဲ့သည်။

ယခုအခါ ကဘော်ချိုင့်ဝှမ်းဒေသ၏ အဓိကနေရာ ဖြစ်သော တမူးမြို့တွင် လွတ်လပ်ရေးကျောက်တိုင်၊ ဗိုလ် ချုပ်အောင်ဆန်းကြေးရုပ်၊ စက်ရောင်ဘီလူးခန်းမကြီးနှင့် ပြည်သူ့အားကစားကွင်းတို့ တည်ရှိသည်။ စည်ပင်သာယာ ဈေးတွင် အိန္ဒိယနိုင်ငံထွက်ပစ္စည်းများသာမက တရုတ် နိုင်ငံထွက် ပစ္စည်းများလည်း ရောင်းဝယ် ဖောက်ကားနေ ပြီ ဖြစ်သည်။ နန်းဖာလုံမှ ပေ ၂ဝ ခန့်အကွာရှိ နယ်စပ်ဂိတ် ကို ကျော်လျှင် အိန္ဒိယနိုင်ငံ မိုးရေးမြို့အဝင် ဖြစ်သည်။

အချုပ်ဆိုလျှင် ကဘော်ချောင်ဒေသသည် မြန်မာ မင်းများလက်ထက်မှ ယနေ့ထက်တိုင် မြန်မာတို့၏ ထင်ရှားသောဒေသတစ်ခုအဖြစ် ဆက်လက် ရပ်တည် ခဲ့ပြီး အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးအတွက် တစ်ထောင့် တစ်နေရာမှ ဖြည့်ဆည်းပေးနေသောနေရာ ဖြစ်သည်။

ပင်မစာမျက်နှာသို့