Myanmar Encyclopedia

ကဗျာလွတ်အက ။ ။ ကဗျာလွတ်အကသည် မြန်မာ အကအားလုံး၏ အခြေခံသင်ရိုးဖြစ်သည်။ ကဗျာလွတ်ဆို သည့်အတိုင်း တေးသွားအလင်္ကာ မပါဘဲ စည်း၊ ဝါးနှင့် ခေါင်း၊ ခါး၊ ခြေ၊ လက် လှုပ်ရှားမှု ကကွက်များကို ဖန်တီး ထားခြင်းဖြစ်သည်။ ကဗျာလွတ်အကကို အမျိုးသား ကဗျာလွတ်အကနှင့် အမျိုးသမီး ကဗျာလွတ်အကဟူ၍ နှစ်မျိုး ခွဲခြားထားသည်။

ကဗျာလွတ် စတင်ပေါ်ပေါက်လာပုံ

နိုင်ငံတော်က ၁၉၅၃ ခုနှစ်တွင် အကပညာကို သင် ကြားရန် မန္တလေးမြို့၌ ပန်တျာကျောင်းကို တည်ထောင် ဖွင့်လှစ်ခဲ့သည်။ မန္တလေးပန်တျာကျောင်း ဖွင့်လှစ်ချိန်တွင် အမျိုးသား အကနည်းပြအဖြစ် ဇာတ်မင်းသားကြီး ဦးရွှေ ဒေါင်းညိုနှင့် အမျိုးသမီးအကနည်းပြအဖြစ် ဇာတ် မင်းသမီးကြီး ဒေါ်သြဘာသောင်းတို့အား ခန့်အပ်၍ တာဝန်ထမ်းဆောင်စေသည်။

မင်းသမီးကြီး ဒေါ်သြဘာသောင်းသည် သင်တန်းသူ များအား အကပညာတွင် စိတ်ပါဝင်စားလာစေရန် ပန်တျာကျောင်း အကသင်ရိုးအဖြစ် မိမိကပြခဲ့ရသော အကများကို ဖော်ထုတ်၍ သင်ကြားပြသပေးခဲ့သည်။ အမျိုးသားအကသင် ဆရာကြီးဦးရွှေဒေါင်းညိုက သင် တန်းသားများအား ကြမ်းပြင်ပေါ်၌ မြေဖြူခဲများဖြင့် စက် ဝိုင်း၊ ကြက်ခြေခတ်များကို ရေးခြစ်ကာ ထိုကြက်ခြေခတ် အကွက်ပေါ်၌ သင်တန်းသားများ၏ ခြေထောက်ကို ထား ခိုင်းသည်။

ဖနောင့်နှစ်ခုကို တစ်မိုက်မျှခြားလျက် ခြေဖျား နှစ် ဖက်ကို ဇလားပုံသဏ္ဌာန် ချဲခိုင်း၍ ဒူးနှစ်ဖက်ကို ကွေး ညွှတ်ချကာ မိမိ၏တံတောင်နှင့် တစ်တောင်ကွာမျှ ကား ထားစေသည်။ မင်းသားလုပ်မည့်သူသည် ကရာတွင် ဒူးချဲ ကရကြောင်း ပြောဆိုသင်ကြားပို့ချပေးသည်။ ထို့ပြင် လက်နှစ်ဖက်အား တင်ပါးဆုံအပေါ်နေရာကို လက် ဖနောင့်ဖြင့် ထောက်ထားရန်၊ ရင်ချီပြီး ပခုံးဖွင့်ထားရန်၊ ဒူးကွေးပြီးလျှင် ပြန်မဆန့်ရန် သင်ကြားပေးသည်။ ခြေ ဖနောင့်နှစ်ဖက်ကို နောက်ထပ် ကြက်ခြေခတ် ထပ်ခြစ်၍ ထိုနေရာ၌ ဖနောင့်နှင့် ထိုးခိုင်းပြီး မူလခွင်နေရာမှာ ပြန်ချကာ ဘယ်ညာ အခေါက်ခေါက် အခါခါ ပြုလုပ် လေ့ ကျင့်စေသည်။ နှုတ်မှလည်း ဖနောင့်ထိုးသည့်အချိန်တွင် ချွင်၊ ဖဝါး ပြန်ချလိုက်သည့်အချိန်တွင် ဖြောက် ဟုပြော၍ ချွင်ဆိုသည်မှာ စည်း၊ ဖြောက် ဆိုသည်မှာ ဝါး ဖြစ် ကြောင်း၊ 'စည်းဖနောင့် ဖြောက်ဖဝါး၊ ချွင်ဖြောက်' ဟု ရွတ်ဆိုသင်ကြားပေးသည်။

အကပညာသင်ချိန်တွင် လက်အကမပါသေးဘဲ ခြေ ကွက်များကိုသာ ၂ ကွက်မှ ၁၆ ကွက်အထိ အဆင့်ဆင့် တက်ကာ သင်ကြားပေးခဲ့သည်။ ခြေကွက်များ နိုင်နင်း မှသာ လက်ကို ငှက်ပျောဖူးသဏ္ဌာန် ပြုလုပ်စေ၍ လက် အကကို တစ်ဆင့်တက်စေသည်။ လက်ချောင်းများကို အဓိကထားပြီး ကော့၍ လက်ထိပ်ချင်း ထိကပ်စေကာ ထားရှိစေသည်။ ထို့နောက် သင်ရိုးနည်းစနစ်၊ သင်ရိုးညွှန်း တမ်းတို့ စနစ်တကျရှိသင့်ကြောင်း တွေးတောမိ၍ အက သည် ခြေ၊ လက်၊ ကိုယ်ဟန်၊ ခေါင်းစသည့် အစိတ်အပိုင်းများကို နရီစည်းချက် ဂီတနှင့် ဒိုးအဆစ်အပို့ဖြင့် လိုက် ဖက်ညီအောင် ပြုလုပ်ကြောင်း သိမြင်လာကာ အက အခြေခံကို စည်းဖနောင့်၊ ဖြောက်ဖဝါးမှစ၍ စနစ်တစ်ခု အဖြစ် စုစည်းလိုက်သည်။ ထိုနည်းအတိုင်း အကအခြေခံ ကို သင်ကြားပြသပေးခဲ့သည်။ တစ်ဆင့်တက်၍ ဗုံတီး ချက်များဖြင့် စည်းနှင့်ဝါးပေါ်တွင် အခြေခံကာ ကကွက် များကို မြန်မာမှုအကနယ်ပယ်တွင်ရှိသော ကနည်း ကဟန်များ တစ်ခုချင်းထည့်သွင်းကာ သင်ကြားလာခဲ့ သည်။ သင်ကြားရာ၌ မပျင်းရိစေရန် ဒိုးတီးရာတွင် ဗုံလေးလုံးဖြင့် 'ဗေတိုးတပ်' အဆစ်ကိုသုံးကာ ကကွက် များ တီထွင်ခဲ့သည်။ ကကွက်များကြားတွင် အပိုင်းအခြား ရှိစေရန်လည်း ကြံဆခဲ့သည်။ အမျိုးသားအကပညာကို ကပြလာသော်လည်း တိကျသောအမည် မရှိခဲ့သေးပေ။

ထိုစဉ်က ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဗိုလ်ခင် မောင်လေး မန္တလေးပန်တျာကျောင်းသို့ ရောက်ရှိလေ့လာ ရင်း ဆရာကြီးဦးရွှေဒေါင်းညို၏ အကသင်တန်းကို ရောက်သောအခါ စိတ်ဝင်စားသွားပြီး ယခု သင်ကြားနေ သော အခြေခံအက၏အမည်ကို မေးရာ အမည်မရှိသေး ကြောင်းသိရ၍ သီချင်းမပါဘဲ ကသောကြောင့် 'ကဗျာ လွတ်အက' ဟု မှတ်ချက်ပြုလိုက်သည်။ ထိုအခါမှစ၍ ကဗျာလွတ်ဟူသောအမည် ရရှိသွားလေသည်။ ထို့နောက် သီချင်းစာသားများ ထည့်သွင်း၍ ကျောင်းသုံးစနစ် ဖြစ် စေရန် ဒေါ်သြဘာသောင်းနှင့် ဆရာ ကြီးဦးရွှေဒေါင်းညိုတို့ တိုင်ပင်ပြီး ကကွက်များ တီထွင်ခဲ့သည်။ ကဗျာလွတ်အက နှင့် လိုက်ဖက်သော သီချင်းစာသားကို ဆရာကြီးကပင် ရေးစပ်သီကုံးပေးခဲ့သည်။

ကဗျာလွတ်အက အမျိုးအစားများ

(၁) ဆရာကြီးဦးရွှေဒေါင်းညို၏ အမျိုးသား ကဗျာလွတ် ကကွက်များ

ဆရာကြီးဦးရွှေဒေါင်းညို သင်ကြားခဲ့သော မန္တလေး ပန်တျာကျောင်း အမျိုးသားကကွက် ၁၆ ကွက်မှာ ငှက် ပျောဖူးသဏ္ဌာန်လက်၊ စင်ရော်တောင်လက်၊ ကြာဖတ် လှန်၊ ခရုပတ်၊ နဂါးပတ်၊ ဂဠုန်တောင်၊ ဟင်္သာအစာ ကောက်၊ စင်ရော်တောင်လက်ပစ်၊ အရုပ်လက်၊ ဘယ်ညာ ပလို့၊ စုံပလို့၊ ပန်းဝိုင်းလက်၊ သုံးဆစ်ချိုးလက်၊ စကောဝိုင်း လက်၊ ပန်းစိုက်လက်အလှ၊ ဆံတော်ပင့်လက် စသည်တို့ ဖြစ်သည်။

(၂) ဒေါ်သြဘာသောင်း၏ ကဗျာလွတ် ကကွက်များ

ဒေါ်သြဘာသောင်းကလည်း မန္တလေး ပန်တျာ ကျောင်း အမျိုးသမီး အကသင်တန်းအတွက် သင်ရိုးညွှန်း တမ်းဖြစ်သော ကဗျာလွတ်အကတွင် ပထမအဆင့်မှ ပဉ္စမအဆင့်အထိ အဆင့်ငါးဆင့်အတွက် တစ်ဆင့်စီတွင် ကကွက် ၂၅ ကွက်စီဖြင့် စုစုပေါင်းကကွက် ၁၂၅ ကွက် ဖန်တီးကာ သင်ကြားပေးခဲ့သည်။

(၃) ရန်ကုန်ပန်တျာကျောင်း ကဗျာလွတ်ကကွက်များ

ရန်ကုန်ပန်တျာကျောင်းကို ၁၉၅၂ ခုနှစ်တွင် စတင် ဖွင့်လှစ်၍ အမျိုးသားအကကို ဆရာစိန်ဂျွန်းသောင်းတင်မှ စတင်တီထွင်ပြီး ထိုမှတစ်ဆင့် ဆရာဦးကျော်မြသောင်း၊ အမျိုးသမီးအကကို ယုဝတီဒေါ်ခင်ညွန့်တို့က စတင် သင်ကြားခဲ့သည်။ အကသင်တန်း စတင် သင်ကြားချိန် တွင် အခြေခံအကများကို အမည်မမှည့်ရသေးပေ။ မန္တလေးကျောင်းမှ ကဗျာလွတ်အကဟု သတ်မှတ်ပြီးချိန် မှသာ ရန်ကုန်ကျောင်းတွင်လည်း အခြေခံအကများကို ကဗျာလွတ်အကဟု ခေါ်တွင်ခဲ့သည်။

နိုင်ငံတော်မူ ကဗျာလွတ်အက ပေါ်ပေါက်လာခြင်း

ရန်ကုန်နှင့် မန္တလေးမြို့များ၏ ပန်တျာကျောင်းများ တွင် အကအခြေခံနည်းစနစ်များကို သင်ကြားရာ၌ မူနှစ်မျိုးကွဲပြားလျက် သင်ကြားနေကြရာ တော်လှန်ရေး ကောင်စီအစိုးရ တက်လာချိန်တွင် ပန်တျာကျောင်း နှစ် ကျောင်း၌ ကဗျာလွတ်သင်နည်း မူကွဲလွဲရန်မသင့်၍ ညှိနှိုင်းဆွေးနွေးပြီး တစ်မူတည်းဖြစ်စေရန် သင်ရိုး ညွှန်း တမ်းအသစ် ရေးဆွဲသင့်ကြောင်း ချမှတ်ခဲ့သည်။ ထို့ ကြောင့် ပန်တျာကျောင်းများအတွက် အကနည်းစနစ်များ ပြန်လည် ညှိနှိုင်းသည့် အစည်းအဝေးကို (၁၂-၁၀-၁၉၇၆)တွင် ကျင်းပခဲ့ပြီး သင်ရိုးညွှန်းတမ်းကို တစ်မူတည်း ရေးဆွဲနိုင်ရန် တင်ပြခဲ့ကြသည်။

အမျိုးသမီး ကဗျာလွတ်အဆင့်များ အားလုံးကို ပြန်လည် စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက်ခြင်း၊ မလိုအပ်သည်ကို နုတ်ပယ်ခြင်း၊ ပေါင်းစပ်သင့်သည်ကို ပေါင်းစပ်ခြင်းများပြုလုပ်လျက် အမျိုးသား အမျိုးသမီး တစ်ပြေးညီ တစ်မူတည်းဖြစ်အောင် ဆွေးနွေးတိုင်ပင် အကြံပြုခဲ့ကြသည်။

ထိုသို့ အဖွဲ့ဝင်လူကြီးများက ညှိနှိုင်းတိုင်ပင်ကြပြီး အခြေခံကဗျာလွတ်အကများကို မူနှစ်မူ ပေါင်းစပ်ကာ နိုင်ငံတော်မူအဖြစ် ပထမအဆင့်မှ စတုတ္ထအဆင့်အထိ သတ်မှတ်၍ ကျန်အခြေခံမဟုတ်သော နောက်တိုး ကကွက်များကို ပဒေသာကကွက်များအဖြစ် ထားရှိပြီး တစ်ပင်တိုင်ကကွက်များကို ရှေးရိုးတစ်ပင်တိုင် ကဟန် အတိုင်း ၁၂ ကွက် ထားရှိရန် ဆုံးဖြတ်အတည်ပြုခဲ့ကြသည်။ အမျိုးသား အခြေခံကဗျာလွတ်အကတွင် ပထမအဆင့် ၁၇ ကွက်၊ ဒုတိယအဆင့် ၂၀ ကွက်၊ တတိယအဆင့် ၁၄ ကွက်နှင့် စတုတ္ထအဆင့် ၁၈ ကွက် စုစုပေါင်း ၆၉ ကွက် ပါဝင်ပြီး အမျိုးသမီးအခြေခံကဗျာလွတ်အကတွင် ပထမ အဆင့် ၄၀ ကွက်၊ ဒုတိယအဆင့် ၃၉ ကွက်၊ တတိယ အဆင့် ၄၄ ကွက်၊ စတုတ္ထအဆင့် ၃၅ ကွက်၊ ပဒေသာ အဆင့် ၃၅ ကွက်စသည်ဖြင့် ၁၉၃ ကွက် ပါဝင်သည်။

ကဗျာလွတ်အကသည် မြန်မာ့အက ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လက်ဆင့်ကမ်း ဖြန့်ဝေသင်ကြား ရေးတို့အတွက် လွန်စွာအရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။

ယခုအခါတွင် အခြေခံကဗျာလွတ်အကများ စနစ် တကျ ပြန့်ပွားစေရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် လက်ဆင့်ကမ်း သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊ အတီးပြိုင်ပွဲတွင်လည်း အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်းအဆင့်နှင့် အသက် ၁၆ နှစ်မှ ၂၅ နှစ် အတွင်း (အလွတ်တန်း) အဆင့်ဟူ၍ ကဗျာလွတ်ပြိုင်ပွဲ များ ထည့်သွင်းယှဉ်ပြိုင်ခြင်းဖြင့် အခြေခံပညာကျောင်း များတွင်သာမက တစ်နိုင်ငံလုံး အတိုင်းအတာအထိ ကဗျာလွတ်အကများ ပြန့်ပွားစေရန် ဆောင်ရွက်လျက် ရှိသည်။ အနုပညာဦးစီးဌာန

ပင်မစာမျက်နှာသို့