ကဗျာလင်္ကာ ။ ။ ကဗျာလင်္ကာဟူသည် လူတို့ နေ့စဉ် သုံးစွဲပြောဆိုနေသော စကားများကို စာလုံးအရေအတွက်၊ စာပိုဒ်အရေအတွက်၊ ကာရန်အချိတ်အဆက်၊ အသံအနေ အထားစသည့် စည်းကမ်းချက်များနှင့်အညီ တေးဂီတ ပမာ ပြေပြစ်ချောမောစွာ ချိုသာငြိမ့်ညောင်းအောင် စီကုံး ရေးသားထားသောစာ ဖြစ်သည်။ ထို့ပြင် ပဒဒေါသ၊ ဝါကျဒေါသ၊ ဝါကျတ္ထဒေါသတို့မှ ကင်းလွတ်၍ ပသာဒ ဂုဏ်၊ သြဇဂုဏ်၊ မဓုရတာဂုဏ် စသောဂုဏ်တို့ဖြင့် ပြည့်စုံ အောင် ဖွဲ့စီသီကုံးသမျှသော လင်္ကာသီချင်းများကို ကဗျာ လင်္ကာဟု ခေါ်ဝေါ်ကြသည်။ ကဗျာလင်္ကာသည် ပါဠိ ဘာသာ 'ကာဗျ'မှ ဆင်းသက်သော 'ကဗျာ'နှင့်ပါဠိဘာသာ 'အလင်္ကာရ'မှ ဆင်းသက်သော 'လင်္ကာ'တို့ကို တွဲစပ်ဖော် ဆောင် ခေါ်ဝေါ်သော ဝေါဟာရဖြစ်သည်။ တန်ဆာဆင် ဖွဲ့နွဲ့သော အဖွဲ့အနွဲ့ဟု အဓိပ္ပာယ်ရသည်။
ကဗျာလင်္ကာကို မြန်မာဘာသာ စာပေသာမဟုတ်၊ ကမ္ဘာပေါ်ရှိ ဘာသာစာပေအသီးသီးတို့၌လည်း တွေ့ရှိနိုင် သည်။ ကဗျာလင်္ကာကို မည်သူကစ၍ ဖွဲ့လိုက်သည်ကို အတိအကျမပြောနိုင်ချေ။ သို့သော် ကဗျာလင်္ကာမည်ကဲ့သို့ စတင်ပေါ်ပေါက်လာသည်ကိုမူ ခန့်မှန်းနိုင်သည်။ ကဗျာ လင်္ကာ၏ ရေသောက်မြစ်ဖြစ်သော တေးဂီတများ မည်ကဲ့ သို့ စတင်ပေါ်ပေါက်လာသနည်း။
ကမ္ဘာလောကကြီး၌ သာယာသောအသံ ဆိတ်သုဉ်း နေသည့်အချိန်ဟူ၍ မည်သည်အခါမျှ မရှိခဲ့ချေ။ လေဖြင့် တိုက်ခတ်သော ရေလှိုင်းသံသည်လည်းကောင်း၊ သစ်ပင် ထက်မှ သစ်ရွက်သစ်ခက်ကလေးများ လှုပ်ရှားသံသည် လည်းကောင်း၊ မြစ်ချောင်းအင်းအိုင်တို့မှ ရေပွက်သံသည် လည်းကောင်း၊ ပိုးမွှားတိရစ္ဆာန်တို့၏ အော်မြည်သံသည် လည်းကောင်း၊ ကျေးငှက်သာရကာတို့၏ ရင့်ကျူးသံသည်လည်းကောင်း အသီးသီး ရှိခဲ့ကြသည်။ ထိုအသံများ မှာ စင်စစ် သဘာဝ၏တေးဂီတပင် ဖြစ်သည်။ ဂီတသံနွှယ် သည့် သာယာငြိမ့်ညောင်းသော ထိုသဘာဝသံကို ကမ္ဘာ ဦးလူသားတို့ အာရုံပြုမိကြပြီး အတုယူကြသည်။ ပတ်ဝန်း ကျင် သဘာဝဂီတသံကို အတုယူ၍ ရိုးရိုးစကားနှင့် မပြောဘဲ ဂီတသံနှောသည့် စကားလုံးတို့ဖြင့် ကြံဖန်ပြော သည့်အလေ့ ဖြစ်လာခဲ့သည်။ ဝိုင်းဖွဲ့စကားပြောကြရာတွင် ပျော်ရွှင်မြူးထူးကြသည့်အလျောက် လက်ခုပ်တီးခြင်း၊ ခြေဆောင့်ခြင်း၊ စည်းလိုက်ခြင်း၊ လေချွန်ခြင်းစသော အမှုတို့ကိုပြုလျက် စကားပြောသူကလည်း ဂီတသံနွှယ် သည့် ချိုသာသောစကားများကို ပြောပါလိမ့်မည်။ ဤ ကဲ့သို့ စကားရိုးရိုးမှ ဂီတသံကိုမှီလျက် သာယာနာပျော် ဖွယ်ဖြစ်အောင် စီကာပတ်ကုံး ပြောခြင်းသည်ပင်လျှင် ကဗျာလင်္ကာ သန္ဓေစွဲလာနေပြီဟု ဆိုရမည်။ သို့သော် ဤသည်ကား နှုတ်ကဗျာသာလျှင် ဖြစ်သည်။ စာအက္ခရာ မပေါ်ပေါက်မီက လူတို့သည် မိမိတို့စိတ်နှလုံး၌ တွေ့ကြုံ ခံစားမှုတို့ကို ထုတ်ဖော် ဖွဲ့ဆိုကြသော ကဗျာတေးများ ရှိခဲ့ကြသည်။ "ကဗျာသည် အက္ခရာထက် စောသည်"ဟူ၍ မိန့်ဆိုကြသည်။ ထို့ကြောင့် အက္ခရာစာများ ပေါ်ပေါက် လာသောအခါ ကဗျာလင်္ကာ အရေးအသားဟူ၍ ပေါ်ထွန်း လာမည်မှာ ကျိုးကြောင်းဆက်စပ်ကြည့်က သိနိုင်သည်။
မိမိစိတ်၌ ခံစားမှု၊ လှုပ်ရှားမှု၊ တွေးကြံမှုတို့ကိုသူတစ်ပါးစိတ်၌ တွေ့ကြုံခံစား လှုပ်ရှားလာနိုင်အောင် ကူးဆက်ပေးသောအရာကား ကဗျာလင်္ကာပင်ဖြစ်သည်။ မိမိသိသလို သူတစ်ပါးသိအောင်၊ မိမိမြင်သလို သူတစ်ပါး မြင်အောင် ဆက်သွယ်နိုင်ရန် လက်နက်ကောင်း လိုသည်။ ထိုလက်နက်ကောင်းကား ကဗျာလင်္ကာတည်း ဟူသော တန်ဆာဖြစ်မြောက်အောင် ထောက်မကူညီပေးသော အသံကာရန်၊ စပ်ပုံဟပ်ပုံ၊ ချီပုံချပုံ၊ အနက်အဓိပ္ပာယ် စသည်တို့ ဖြစ်ကြသည်။
ကဗျာလင်္ကာဟူသည် ကာရန်ကလေးများ ဟပ် ထားရုံနှင့် ကဗျာလင်္ကာမြောက်ပြီဟု မဆိုသာချေ။ သဒ္ဒါ လင်္ကာရ (စကားတန်ဆာ)၊ အတ္ထာလင်္ကာရ (အနက် တန်ဆာ) များဖြင့် ဝေဝေဆာဆာ ဆင်မြန်းပေးရန် လို သေးသည်။ မည်သည့် ဘာသာစာပေ၌မဆို ကာရန်ချိတ် ဆက်ပုံ၊ အသံအနေအထားယူပုံ၊ အလင်္ကာရသပေါ်အောင် ဖွဲ့ဆိုပုံ စသော ကဗျာဥပဒေစည်းကမ်းများ ရှိသည်။ ထို စည်းကမ်းများဖြင့် စနစ်တကျ ကုံလုံပြည့်ဝအောင် ဖွဲ့စီ သီကုံးတတ်မှသာ ကဗျာလင်္ကာဖြစ်သည်။ ကဗျာစာဆို သည် ထိုလက်နက်ကိရိယာများကို မှန်ကန်အောင် သုံး တတ်ပါမှ စာဆိုကိုယ်တိုင် သိရှိခံစားရသော အရသာကို စာဖတ်သူသည် တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ပါမည်။ ကာရန်သာညီ၍ ကဗျာအရသာ မထိမိသော ကဗျာတစ်ပိုဒ် ကို ပုံစံပြလိုသည်။
တို့ကျောင်းတောင်က စိန်ပန်းတော
အပျိုလေးတွေ လက်နဲ့ခေါလို့
ရွှေမုဋ္ဌောတဲ့ တင်ကြရှာ။
ဤတွင် ကာရန်ကိုသာ ညီအောင်စပ်ထား၍ အနက် အဓိပ္ပာယ် လုံးဝမပေါ်ခဲ့ချေ။ တော၊ ခေါနှင့် ဋ္ဌောတို့မှာ ကာရန်ဟပ်မိသော်လည်း လက်နဲ့ခေါဆိုသော စကားမှာ အဓိပ္ပာယ်မရှိသည့် စကားလုံး ဖြစ်သည်။ ကဗျာလင်္ကာ အဖြစ်လည်း မပီပြင်သည်ကို သတိပြုနိုင်ပါသည်။ ကာရန် လည်းမိ၊ သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရတို့နှင့်လည်း ပြည့်စုံ၊ ကဗျာ့အရသာလည်း မြောက်လှသော ကဗျာ တစ်ပိုဒ်ကို ပုံစံပြပါဦးမည်။
လနေအစွန်၊ မြမြေမွန်ဝယ်
လေသွန်ပင့်မှုတ်၊ ရွက်ရင့်ပြုတ်က
ကျေးနှုတ်ဖူးဆင့်၊ လွတ်ကျူးတင့်သည်
နူးခွင့်ခါမီ၊ သရဖီလည်း
ရာသီသိဆုံး၊ စီဘိကုံးသို့
တောလုံးလျှမ်းမောက်၊ ပန်းပိတောက်မူ
နွမ်းခြောက်ကြွေရော်၊ မခြွေသော်လည်း
မြေပေါ်အတိ၊ ပုံလျက်ရှိ၏။
ဤတွင် ကာရန်များမှာ နှစ်ချက်သုံးချက်ပင် ထိမိ အောင် စပ်ဆိုထား၏။ လနှင့်မြ၊ နေနှင့်မြေ၊ စွန်နှင့်မွန်၊ သုံးချက်စလုံးမိ၏။ အနက်အဓိပ္ပာယ်ကား ရှင်းလှ၏။ အခါရာသီအလျောက် လူကမခြွေရဘဲနှင့် အလိုလို ပင်အထက်မှ နွမ်းခြောက်ကြွေကျလာသော သရဖီပန်းနှင့် ပိတောက်ပန်းပွင့်တို့မှာ မြေပြင်ပေါ်ဝယ် တစ်ပုံတစ်ခေါင်း ကြီး ပုံလျက်သားဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်သည်။ စာဆိုပြသလိုသော သူ၏ပန်းကမ္ဗလာ မြေမွေ့ရာကို စာဖတ်သူက စာဆို၏လက်နက်ကောင်း ဖြစ်သော ကဗျာ့အရာမြောက်သည့် စာလုံးကလေးများကို သုံးသပ်ရုံနှင့် စာဆိုမြင်သကဲ့သို့ မြင်နိုင်ခံစားနိုင်သည်။
ကဗျာလင်္ကာစပ်ဆိုရာ၌ ကာရန်သာမက မတြာ (မီတာ)ဟု ခေါ်သည့် အသံကိုလည်း သတိမူရသည်။ ရှည်သော ဒီဃသံ၊ တိုသော ရဿသံ၊ လေးသော ဂရုသံ၊ ပေါ့သော လဟုသံစသည်များကို ညီညာပြေပြစ်အောင် ထည့်သွင်းစပ်ဆိုမှလည်း ကဗျာလင်္ကာ မည်ပေမည်။ စာဆိုတို့သည် ကဗျာလင်္ကာဖွဲ့ရာ၌ ကာရန်ရွေးသကဲ့သို့ပင် အသံကိုလည်း ရွေးချယ်ရသည်။ ရှည်သော ဒီဃသံဖြင့် ဖွဲ့နွဲ့၍ အနက်ပေါ်အောင်ဖော်ထားသော အောက်ပါ ကဗျာလင်္ကာကို ကြည့်နိုင်ပါသည်။
ကြည့်၍မမြင်၊ ခေါ်လျှင်မကြား
အိမ်ရှေ့ဖျားကြောင့်
သနားစရာ၊ ငိုကြွေးရှာ၏။
ဤအဖွဲ့၌ ကာရန်သာ ညီသည်မဟုတ်။ အသံအား ဖြင့်လည်း သိမ်မွေ့သည့်အနက်ကို ဖော်ထားလေသည်။ မြင်၊ လျှင်၊ ကြား၊ ဖျား၊ သနား၊ စရာ၊ ရှာဟူသော ကာရန် များမှာ အသံရှည် အသံလေးများချည်းဖြစ်သဖြင့် ရွတ်ဆို ရာတွင် ဆွဲငင် ရှည်တွဲ၍ စာဆိုပြလိုသော သနားဖွယ် အဖြစ်နှင့် သိမ်မွေ့သည့်အနက်ကို ရှင်းလင်းစွာ မြင်သိနိုင် သည်။
အဖန်ဖန်လျှင်၊ တသန္ဓေဓေ
တပေလျဉ်းလျဉ်း၊ တညှဉ်းဆိုးဆိုး
တညှိုးလျလျ၊ တတလွမ်းလွမ်း
တသမ်းဟယ်ဟယ်၊ တတွယ်တာတာ
တဟာလှိုက်လှိုက်၊ တရှိုက်ငင်ငင်
တပင်ပန်းပန်း၊ တဝန်းလျားလျား။
ဤကဗျာပိုဒ်မှာ သဒ္ဒါလင်္ကာရနှင့်ပြည့်စုံလှ၍ အထူး သဖြင့် အသံများကို မဓုရတာဂုဏ် မြောက်အောင် ချိုသာ စွာ ဖွဲ့စီထားပေသည်။ အနက်အားဖြင့်လည်း မချို့တဲ့၊ ဘာသာစကားလုံးများကိုလည်း ရေလဲနှင့် ဆင့်ထပ်ကာ လှပစွာ သုံးထားသည်။ ကဗျာတွင် ကာရန်ငြိရုံသာ မဟုတ်ဘဲ အသံများကို ဆိုလိုသည့်အဓိပ္ပာယ်နှင့် ညီညွတ် အောင် ရွေးချယ်သုံးထားပုံကို အောက်ပါပုံစံ၌ တွေ့ရ သည်။
ငါ၏ခွန်အား၊ တန်ခိုးများကို
ထင်ရှားကြည့်ကြ၊ ကေသရသို့
မဒ္ဒနန်းလုံး၊ ရွံ့ကြောက်ချုံးအောင်
လက်ရုံးနှစ်ရပ်၊ ဖြောင်းဖြောင်းခတ်လျက်
ဆင်မြတ်ယဉ်သာ၊ ကျောက်ကုန်းမှာလျှင်
ပဘာကိုတင်
မြေပြင်တလင်း၊ စစ်ပွဲကျင်းသည်
ငါမင်းကုသ လာပြီတည်း။
ဤစာပိုဒ်၏ ကာရန်အသံများကိုကြည့်လျှင် ရှေးဦး စွာ အား၊ များ၊ ရှားဟူသော ဒီဃသံရှည်ဖြင့် အစပြု၍ ရုတ်ခြည်းပင် ကြ၊ရ၊ဒ ဟူသော လဟုသံပေါ့တို့သို့ ပြောင်း ကာ လုံး၊ ချုံး၊ ရုံး၊ ရပ်၊ ခတ်၊ မြတ် ဟူသော အသံလေး များဖြင့် သယ်ယူသွားပြီးသော် အသံရှည် သာ၊ မှာ၊ ဘာတို့ ထည့်သွင်းလျက် တစ်ဖန် လဟုသံလေးဖြစ်သော လင်း၊ ကျင်း၊ မင်းတို့ဖြင့် အဆုံးသတ်ထားသည်။ ဤတွင် ဂရုသံ အသံလေးများ၊ ပြတ်တောင်းသော ရဿအသံတိုများ၊ ဒီဃသံရှည်များ မျှစွာ အနက်ပေါ်အောင် ဖော်စပ်သွား သဖြင့် ကုသမင်း၏ ရဲရင့်သောကြုံးဝါးသံကို စာဖတ်သူ တို့၏ နားထဲ၌ စာဆိုကြားစေလိုသကဲ့သို့ ထင်ထင်ရှားရှား ကြားနေသကဲ့သို့ ခံစားရပါသည်။
မြန်မာစာပေတွင် ကဗျာလင်္ကာကို လင်္ကာနှင့် သီချင်းဟူ၍ နှစ်မျိုးခွဲခြားထားနိုင်သည်။ ပုဂံဝန်ထောက် မင်း ဦးတင်၏ ကဗျာဗန္ဓသာရကျမ်းအလိုအရ လင်္ကာမှာ (၁) လင်္ကာ၊ (၂) ပျို့၊ (၃) မော်ကွန်း၊ (၄) သံပိုင်း၊ (၅) သမိုင်း၊ (၆) ရဲတင်း၊ (၇) တမ်းချင်း၊ (၈) ဧချင်းသံတိုင်၊ (၉) ဧချင်း သံပေါက်၊ (၁၀) ရတု၊ (၁၁) လူးတား၊ (၁၂) အဏ်၊ (၁၃) သံပေါက်၊ (၁၄) ဝဲရိုက်ဝဲသွင်းဟူ၍ ၁၄ မျိုးရှိသည်။
သီချင်းတွင် (၁) ရကန်၊ (၂) ဟောစာ၊ (၃) သာချင်း၊ (၄) ကာချင်း၊ (၅) အဲချင်း၊ (၆) အိုင်ချင်း၊ (၇) လေးချိုး၊ (၈) သံချို၊ (၉) ယိုးဒယား၊ (၁၀) ပတ်ပျိုး၊ (၁၁) ကြိုး၊ (၁၂) ဘွဲ့၊ (၁၃) ဘောလယ် အရိုး၊ (၁၄) တေးအရိုးအဆန်း၊ (၁၅) သဖြန်အရိုးအဆန်း၊ (၁၆) ငိုချင်းအရိုးအဆန်း၊ (၁၇) တုံးချင်းအရိုးအဆန်း၊ (၁၈) ဟန်ချင်းအရိုးအဆန်း၊ (၁၉) လှေချင်းအရိုးအဆန်း၊ (၂၀) နတ်သံ၊ (၂၁) မှာတမ်း၊ (၂၂) ဇာတ်စကားစပ်ပုံဟူ၍ ၂၂ မျိုး ပါဝင်သည်။ သို့သော် ကဗျာဖွဲ့နည်းကျမ်းများကို ညှိနှိုင်းလေ့လာချက်အရ မြန်မာကဗျာအမျိုးပေါင်း ၇၀ ကျော်ရှိကြောင်း တွေ့ရ သည်။
ကမ္ဘာပေါ်တွင် ပြောဆိုသုံးစွဲကြသော ဘာသာစကား များ ကွဲပြားသော်လည်း ကဗျာ့ဉာဏ် အာဘော်များမှာ မူ အားဖြင့် ခပ်ဆင်ဆင်တူသည်ကို တွေ့ရသည်။ အနောက် နိုင်ငံ၏ ကဗျာလင်္ကာများမှာ ဂရိနှင့် ရောမနိုင်ငံများ၏ အဆက်အနွှယ်များကို တွေ့ရပေသည်။ ဂရိစာပေတွင် အော့ဒိဆီခေါ် လင်္ကာကြီးမှာ ရှေးစစ်တိုက်ခန်း၊ စွန့်စား ခန်းများကို ဖွဲ့ဆိုထားသဖြင့် ထိုလင်္ကာကြီးမျိုးကို အက်ပစ်ရဲတင်းလင်္ကာဟူ၍ ခေါ်ဆိုထားလေသည်။ ထို လင်္ကာကြီးကို ဥရောပစာပေတွင် ဘာသာမပြန်ရသေး သော ဘာသာဟူ၍ မရှိချေ။ ကျွန်ုပ်တို့အရှေ့နိုင်ငံ၌ သက္ကတ ဘာသာဖြင့် ရေးစပ်ထားသော ရာမာယဏ လင်္ကာကြီးမှာလည်း အက်ပစ်လင်္ကာ အမျိုးအစားပင် ဖြစ်သည်။ အော့ဒိဆီနှင့် ရာမာယဏလင်္ကာကြီးများမှာ ကမ္ဘာတွင် ယခုတိုင် ကျော်ကြားလျက် ရှိသည်။
ရာသီဘွဲ့၊ တောဘွဲ့၊ တောင်ဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့ စသော အဖွဲ့အမျိုးမျိုးတို့ မြန်မာစာပေ၌ ရှိသကဲ့သို့ အခြားစာပေများ၌လည်း ရှိသည်။ ထိုအဖွဲ့မျိုးကို ဂရိတိုင်း သားတို့က လစ်ရစ်ဟူ၍ အမည်တပ်ထားသည်။ မြန်မာ စာပေ၌ တေးထပ်ဟူသော ကဗျာအမျိုးအစားမျိုးကို အနောက်တိုင်းစာပေ၌ ဆွန်းနက်ဟူ၍ တွေ့ရသည်။ ဆွန်းနက်မှာ စာကြောင်းရေ ၁၄ ကြောင်းဖြင့် ကာရန်၊ အသံ၊ စည်းမှန်အောင် စပ်ဆိုရသော ကဗျာမျိုးဖြစ်သည်။ မြန်မာတေးထပ်တွင်လည်း ၁၈ ပိုဒ် ပြည့်အောင် အခံ အအုပ် ကာရန်များဖြင့် စနစ်ကျအောင် ဖွဲ့ဆိုရသည်။ ထို့ပြင် မြန်မာအဲချင်း၊ အိုင်ချင်း၊ တေးအရိုးအဆန်းများနှင့် ခပ်ဆင်ဆင်တူသော အနောက်တိုင်း ကဗျာတစ်မျိုးကို ဘဲလက်ဟုခေါ်ကြောင်း တွေ့ရသည်။
ဤသို့ဖြင့် ဘာသာစာပေအမျိုးမျိုး၌ ကဗျာအမျိုး အမည် အမျိုးမျိုးရှိသည်။ စပ်ပုံဟပ်ပုံစည်းစနစ်နှင့် အမျိုး အမည်များ ကွဲပြားခြားနားသော်လည်း ဘာသာစာပေ တိုင်း၏ ကဗျာလင်္ကာမှာ သာယာနာပျော်ဖွယ်ဖြစ်အောင် ပညာရှိတို့ ဖွဲ့စီသီကုံးထားသောစာဟုပင် အဓိပ္ပာယ် တညီ တည်း ရလေသည်။
ဂီတသံများကို နားလည်နိုင်ရန်၊ ဂီတအရသာကို ခံစားနိုင်ရန် နားကို လေ့ကျင့်ထားရသကဲ့သို့ ကဗျာ အရသာကို သိရှိနိုင်ရန်လည်း နားကိုပင် လေ့ကျင့်ထား ရပေမည်။ ထို့ကြောင့်လည်း ကဗျာစပ်ဆိုရာ၌ သဒ္ဒါ လင်္ကာရဂုဏ်ကို ထည့်သွင်းထားသည်။ ကဗျာဟူသည် စိတ်ထဲက ဖတ်ရုံနှင့် အရသာမပြည့်စုံချေ။ သူတစ်ပါး အသံထွက်၍ ဖတ်ကြားခြင်းတို့ကို နားထောင်ခြင်း၊ ကိုယ်တိုင်အသံထွက်၍ ဖတ်ခြင်းတို့ကို ပြုမှသာလျှင် ပြည့်စုံသောအရသာ ပေါ်နိုင်လေသည်။ ကဗျာလင်္ကာအသံ များသည် မည်မျှခရီးရောက်သည်ကို စာလုံးစကားများ ထက် စိတ်အပေါ်တွင် ပို၍တည်သည်ဟု ဆိုကြသည်။စိတ်ကူးသည် ကဗျာလင်္ကာဖြစ်၍ စာ၊ စကား စသည် တို့မှာ ထိုစိတ်ကူးကို အကောင်အထည်ဖြစ်စေသော လက်နက်မျှသာဖြစ်သည်။ ထို့ကြောင့် ဘာသာစကား ကွဲပြားကြစေကာမူ ကဗျာဉာဏ်စိတ်ကူးမှာ အတူတူ ဖြစ်သည်ကို တွေ့ခဲ့ကြရသည်။
မြန်မာစာပေလင်္ကာကျမ်းများ၌ ပါရှိသော ဥပစာ၊ ရသ၊ ဂုဏ်တို့မှာ မဂဓဘာသာများမှ ဆင်းသက်ရရှိသကဲ့သို့ အနောက်တိုင်း ကဗျာစာပေများတွင် ဂရိ ရောမဘာသာ တို့မှ ဆင်းသက်လာသော ဥပစာတင်စားနည်း အသုံး အနှုန်းတို့ ရရှိကြလေသည်။ စာပေအမျိုးမျိုးကို နှိုင်းယှဉ် လေ့လာသောအခါ ကဗျာဉာဏ် စိတ်ကူးများ တူညီပုံကို တွေ့ရှိကြရသည်။
မြန်မာစာပေသမိုင်းတွင် ရတုအရေးအသား၌ တံခွန် စိုက်ခဲ့သော တောင်ငူဘုရင် နတ်ရှင်နောင်၏ ရတုတစ်ပိုဒ် တွင် –
နှစ်ပြိုင်ဖက်ရှာ၊ ဝတိံသာမှ
စံရာစံထား၊ ရွေးခဲ့ခြား၍
သိကြားတမျှ၊ ပြိုင်လှာသလည်း
သော်တာ့ရောင်သွင်၊ ကြယ်နှယ်ထင်ဟု
သခင်ကကို၊ များမိန့်ဆိုလိမ့်။
ဟူ၍တွေ့ရ၏။ ဤနေရာတွင် မိန်းကလေးတစ်ဦး၏ အလှကို မျက်လုံး၊ မျက်ခုံး၊ နှာတံ၊ ကိုယ်နေကိုယ်ထား စသော အင်္ဂါအစိတ်အပိုင်းတို့ကို တိုက်ရိုက်ချီးကျူးခြင်း မပြုဘဲ ထိုမိန်းကလေး၏ အလှရူပကာကို ဂုဏ်တင်၍ လည်းကောင်း၊ တင်စား၍ လည်းကောင်း သိကြားမင်းစံရာ ဝတိံသာမှ နတ်ကညာ၏ အလှနှင့်နှိုင်းယှဉ်လျှင် မိန်း ကလေး အလှကပင် သာပေလိမ့်မည်ဟု ဖွဲ့ဆိုထားသည် ကို တွေ့ရသည်။ ဤကား တင်စားဖွဲ့ဆိုသော နည်းဖြစ်၏။
ရှေးဂရိစာဆို ဟိုးမားဖွဲ့ဆိုသော အော့ဒိဆီ လင်္ကာ ကြီးတွင်လည်း ဟယ်လင်မိဖုရား လှပပုံကို သင်္ဘော တစ်ထောင်ကို စစ်တိုက်ရန် လွှင့်စေသော မျက်နှာဟု တင်စားထားသည်ကို တွေ့ရသည်။ မိန်းကလေး တစ် ယောက်၏ အလှဂုဏ်မှာ စာဆို၏စိတ်ကူးပေါ်၌ တည်နေ သည်။ မည်သည့်စာဆိုမဆို စာဆိုသူတို့၏ စိတ်ကူးချင်းမှာ ဆင်ဆင်ပင်ဖြစ်သည်။ သူတို့၏ အတွေးအမြင်မှာ သာမန် လူများနှင့်မတူ ထူးခြားနေသည်။ နံနက်ချိန်ခါ ထွက်ပြူ လာသော နေမင်းကြီးကို သာမန်လူ၏မျက်စိတွင် အဝိုင်း သဏ္ဌာန်မှာ ဝါဝါအရောင်များ ထွက်နေသည်ဟုပင် သာမန်မြင်ပေမည်။ ကဗျာစာဆို၏ မျက်စိ၌ကား ဤသို့ ရုန့်ရင်းစွာ မမြင်၊ ယုဂန္ဓိုရ်တောင်ထိပ်ဖျားမှ နေရထား စကြာသည် ရောင်မျိုးထွေဖြာ ထွက်ပေါ်လာ၍ ကမ္ဘာသူ ကမ္ဘာသားအများအား နှုတ်ဆက်သည့် အလားကဲ့သို့ ရှိသည်ဟု မြင်ပေမည်။ ထို့ကြောင့် ကဗျာကို ကြားနာ လေ့လာခြင်းဖြင့် မိမိတို့ကြားနေကျ စကားလုံးများ၊ အသံ များနှင့် မြင်ဖူးနေကျ သဏ္ဌာန်များသည် အသွင်တစ်မျိုး ပြောင်း၍ အမြင်တစ်မျိုး မြင်လာနိုင်သည်။
ကဗျာလင်္ကာစာပိုဒ်များမှာ လူ၏စိတ်ကို စစ်ခရာသံ တံပိုးသံကဲ့သို့ တက်ကြွလှုံ့ဆော်နိုင်သော သတ္တိလည်းရှိ သည်။ လူ၏စိတ်ကို ယိုဖိတ်အောင် ညွတ်နူးစေနိုင်သော သတ္တိလည်းရှိသည်။ ဤသတ္တိတို့မှာ စာဆို၏စိတ်ကူးများ သာ ဖြစ်လေသည်။ ကဗျာလင်္ကာသည် တခမ်းတနား ရှည်လျားစွာ ဖွဲ့ဆိုထားမှသာ ကဗျာလင်္ကာဖြစ်သည်ဟု မဆိုရချေ။ မည်မျှပင်ဆိုစေကာမူ ကဗျာဂုဏ်မြောက် အောင် ဖွဲ့ဆိုလျှင် ကဗျာလင်္ကာဖြစ်နိုင်သည်။
ကဗျာလင်္ကာမှာ အရသာရှိသော စာပေမျိုး ဖြစ်၍ လူ၏စိတ်ကို သူကြိုက်သည့်ဘက်သို့ ယိမ်းယိုင်လာ အောင် ဆွဲငင်နိုင်သော သတ္တိထူးလည်း ရှိသည်။ ယင်းသို့ အရသာတွေ့နိုင်သော စာပေ၏ အမျိုးမျိုးသော အရသာ တို့ကို သိထားဖို့ ကောင်းသည်။ သာယာမှုမှာ လူ့သဘာဝ ၏ အကြိုက်ပင်ဖြစ်ရာ သာယာစွာ ဖွဲ့နွဲ့စီကုံးထားသော ကဗျာလင်္ကာကိုလည်း လူတို့ကြိုက်နှစ်သက်စွာ စွဲလမ်း ကြသည်။ ထို့ကြောင့်ပင်လျှင် ဝန်ကြီးပဒေသရာဇာက-
စာပေဝတ္ထု၊ ရတုကဗျာ
ပျို့လင်္ကာနှင့်၊ သာသည့်သီချင်း
အဲစောင်းညင်းကို မကင်းမပြတ်
ဖတ်ရွတ်လေ့ကျက်၊ တီးမှုတ်လျက်သာ
နေကောင်းစွာဟု မြွက်ဆိုခဲ့သည်။