ကဗင်းဒစ်၊ ဟင်နရီ (၁၇၃၁-၁၈၁၀)။ ။ဟင်နရီ ကဗင်းဒစ် သည် ယခုခေတ်တွင် ဓာတုဗေဒ၊ ရူပဗေဒဟူ၍ ခွဲခြား ပြောဆိုနေသော သိပ္ပံပညာနယ်နှစ်ရပ်လုံးတွင် လက်တွေ့ စမ်းသပ် လုပ်ဆောင်မှုနှင့် သဘောတရား ဖော်ထုတ် စဉ်းစားမှုတို့တွင် ထူးချွန်အောင်မြင်သူ ဗြိတိသျှ သိပ္ပံဆရာ ဖြစ်သည်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို ဒြပ်စင်အဖြစ် ကနဦးတွေ့ရှိပြီး ထုတ်ယူရယူနည်း တီထွင်သူဖြစ်သည်။ ထိုဓာတ်ငွေ့ကို "မီးလောင်သောလေ"ဟု ခေါ်ဝေါ်သည်။ နောင်အခါ သူ၏စမ်းသပ်ချက်များအား နာမည်ကျော် ပြင်သစ်ဓာတုဗေဒပညာရှင် လဗွိုက်စီယာက ပြန်လည် စမ်းသပ် တွေ့ရှိချက်များကို အတည်ပြုပြီး ဓာတ်ငွေ့ အမည်ကို ဟိုက်ဒရိုဂျင်ဟု အမည်ပေးသည်။ ကဗင်းဒစ်က ဟိုက်ဒရိုဂျင် မီးလောင်လျှင် ရေရရှိကြောင်း၊ ရေကို ချက် ယူ၍ ရရှိကြောင်း ပြသခဲ့သည့်အပြင် ရေတွင်ပါဝင်သော ဟိုက်ဒရိုဂျင်၏ အချိုးအဆကိုပါ တိကျစွာ တိုင်းတာပေး သည်။ လေထဲတွင် ပါဝင်သော အောက်ဆီဂျင်နှင့် နိုက် ထရိုဂျင် ပါဝင်မှုအချိုးအဆကိုလည်း တိုင်းတာ ဖော်ထုတ် ခဲ့ကြသည်။
ကဗင်းဒစ်သည် အင်္ဂလန်နိုင်ငံ၊ နိုက်မြို့၌ ၁၇၃၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်တွင် မွေးဖွားခဲ့သည်။ မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ကင်းဘရစ် တက္ကသိုလ် စိန့်ပီတာကောလိပ် (ယခု ပီတာဟောက် ကောလိပ်)တွင် ပညာသင်ကြားသည်။ သုံးနှစ် ပညာသင် ပြီး ဘွဲ့မယူဘဲ ကျောင်းထွက်ခဲ့သည်။
ကဗင်းဒစ်သည် တက္ကသိုလ်မှထွက်ပြီး ကိုယ်ပိုင် ဓာတ်ခွဲခန်းတစ်ခု တည်ထောင်ကာ သိပ္ပံစူးစမ်းမှုများ ပြုလုပ်သည်။ ဖခင်နှင့်အတူ ရောရယ် ဆိုဆိုင်ယက်တီးခေါ် တော်ဝင်အသင်းကြီးတွင် အသင်းဝင်ဖြစ်သည်။ အသင်း ကြီး၏ ဟောပြော ဆွေးနွေးပွဲများသို့ သွားလေ့ရှိသဖြင့် သိပ္ပံအထုံ ဝါသနာရင့်သန်လာသည်။
ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင် ဓာတ်ငွေ့များကို လျှပ်စစ်မီးများနှင့် မီးရှို့ရာမှ ရေသန့်သန့်ရရှိကြောင်းနှင့် ဓာတ်ပြုရာတွင် ဒြပ်ထုတည်မြဲခြင်းနိယာမကို တွေ့ရှိ သည်။ မည်သည့်ဒြပ်စင်နှင့်မှ မပေါင်းစပ်ဘဲ တည်နေသည့် အာဂွန်ဓာတ်ငွေ့ကို ကနဦး တွေ့ရှိသူသည် ကဗင်းဒစ် ဖြစ်ပြီး ၁၈၉၀ ပြည့်လွန်မှ ဝီလီယံနှင့် ယော့ရာလေးတို့က ထပ်မံတွေ့ရှိ အတည်ပြုပြီး ထိုအမည်ပေးသည်။
ကဗင်းဒစ်ကို အထင်ကရ ရူပဗေဒပညာရှင်ကြီး အဖြစ် နာမည်ကြီးစေသောအရာမှာ ကမ္ဘာမြေ သိပ်သည်း ခြင်းကို တိုင်းတာသည့် စမ်းသပ်ချက် ဖြစ်သည်။ ထို စမ်းသပ်ချက်သည် နယူတန်၏ ဒြပ်ဆွဲအားနိယာမထဲမှ ကိန်းသေကို လက်တွေ့တိုင်းတာမှုလည်း ဖြစ်သော ကြောင့် 'ကမ္ဘာကို အလေးချိန်သည့် စမ်းသပ်ချက်' အဖြစ် တင်စား ပြောဆိုကြသည်။ ဒြပ်ဆွဲအားကို တိုင်းရန် အတွက် တောရှင်းချိန်ခွင် ခေါ် နန်းမျှင်ကြိုးကို အားနှင့် ဆွဲလိမ်ကာ နန်းကြိုးမည်မျှလိမ်သွားသည်ကို တိုင်းတာ ပြီး လိမ်အားကို တွက်ယူခြင်း ဖြစ်သည်။
ကဗင်းဒစ်သည် ဖခင်၏အမွေများဖြင့် သူဝါသနာပါ သော သိပ္ပံစူးစမ်းမှုများ ဆက်လက်လုပ်ကိုင်သည်။ သူ၏ စူးစမ်းတွေ့ရှိချက်များတွင် လျှပ်စစ်အပူတို့နှင့် ပတ်သက် သော သဘောတရားအယူများလည်း ပါဝင်သည်။
ကဗင်းဒစ်သည် သူ၏စမ်းသပ်ချက်၊ တွေ့ရှိချက်များ ကို မှတ်တမ်းစာအုပ်တွင် ရေးမှတ်ထားသော်လည်း စာတမ်းစာအုပ်အဖြစ် မထုတ်ဝေနိုင်ခဲ့ပေ။ သူကွယ်လွန် ပြီးချိန်တွင်မှ ကဗင်းဒစ်စာတမ်းပေါင်းချုပ် စာအုပ်ကို ထုတ်ဝေသည်။
ဟင်နရီကဗင်းဒစ်ကို ဂုဏ်ပြုတည်ထောင်ထားသော ကဗင်းဒစ်ဓာတ်ခွဲခန်းအမည်ဖြင့် ပညာရှင်နှင့် ပစ္စည်း ကိရိယာစုံလင်သော ဓာတ်ခွဲခန်းကြီးသည် ကင်းဘရစ် တက္ကသိုလ်တွင် ယနေ့တိုင် ရှိနေပြီး နာမည်ကျော်ကြား သည်။
ကဗင်းဒစ်သည် ပေါင်းသင်းဆက်ဆံရေး အားနည်း သူဖြစ်ပြီး တစ်သက်တာ လူပျိုကြီးအဖြစ် နေထိုင်သွား သည်။ ၁၈၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ကွယ်လွန်သည်။