ကဗင်းဒစ် စမ်းသပ်ခန်း ။ ။ ကင်းဘရစ်တက္ကသိုလ်ရှိ ကဗင်းဒစ်စမ်းသပ်ခန်းခေါ် ရူပဗေဒ လက်တွေ့စမ်းသပ် ခန်းကြီးသည် သိပ္ပံပညာသမိုင်းတွင် အထင်ကရ ဌာနကြီး ဖြစ်ပြီး ကမ္ဘာကျော်သိပ္ပံပညာရှင် အမြောက်အမြား မွေး ထုတ်ပေးခဲ့သည်။ ယင်းစမ်းသပ်ခန်းကြီးမှ အခြေခံကျ၍ အရေးပါသော ရူပဗေဒသန့်သန့်နှင့် အသုံးချရူပဗေဒ တွေ့ရှိချက်ပေါင်းများစွာ ထုတ်ဝေနိုင်ခဲ့သည်။ သိပ္ပံပစ္စည်း
ကိရိယာ အသစ်အဆန်းများစွာကို ယင်းလက်တွေ့ခန်း ကြီးမှာပင် တီထွင်ခဲ့သည်။
ကဗင်းဒစ် လက်တွေ့စမ်းသပ်ခန်းကြီးကို တည် ဆောက်ပေးသော အလှူရှင်သည် သိပ္ပံဆရာကြီး ဟင်နရီ ကဗင်းဒစ်၏ ဆွေမျိုးတော်သူ ဒီဗွန်ရှိုင်းယား နယ်စားကြီး ဝီလီယံကဗင်းဒစ် ဖြစ်သည်။ စမ်းသပ်ခန်းကြီးကို ၁၈၇၄ ခုနှစ်တွင် စတင်ဖွင့်လှစ်သည်။ စမ်းသပ်ခန်းကြီးကို အုပ် ချုပ် စီမံသူသည် ကဗင်းဒစ်ချဲယားခေါ် ရူပဗေဒ ပါမောက္ခ ရာထူးကိုလည်း ရရှိသည်။ ပထမဆုံး ကဗင်းဒစ် ရူပဗေဒ ပါမောက္ခသည် လျှပ်စစ်သံလိုက်သီအိုရီဖြင့် နာမည်ကျော် ကြားသည့်အပြင် အပူနှင့် သာမိုဒိုင်နမစ်သဘောတရားရေး ဖော်ထုတ်ရာ၌လည်း ရှေ့တန်းမှပါဝင်ခဲ့သော ဆရာကြီး ဂျိမ်းကလပ်မက်စဝဲ ဖြစ်သည်။ ကဗင်းဒစ်စမ်းသပ်ခန်း အကြီးအကဲအားလုံးသည် အထင်ကရ ရူပဗေဒပညာရှင် များ ဖြစ်ကြသည်။ အီလက်ထရွန်ကိုတွေ့ရှိပြီး အီလက် ထရွန်၏ လျှပ်စစ်နှင့်ဒြပ်ထုအချိုးကို တိုင်းတာသူ ဂျေ၊ ဂျေ၊ သွမ်ဆင်၊ အက်တမ်၏ နျူကလိယပ်ကို တွေ့ရှိသူ နျူကလီးယားရူပဗေဒရှေ့ဆောင် အားနက်စ်ရူသားဖို့၊ ဓာတ်မှန်ရောင်ခြည်ဖြင့် ဇီဝဗေဒ သုတေသနနယ်ကို စတင်ခဲ့သူ လောရင့်ဗရက်တို့သည် ကဗင်းဒစ်၏ ပါမောက္ခ များ ဖြစ်သည်။
ကဗင်းဒစ်တွင် သုတေသနလုပ်ဆောင်ပြီး ထင်ရှား သူများလည်း များပြားသည်။ ဟိုက်ဒရိုဂျင်အက်တမ် သီအိုရီကို ဖော်ထုတ်ပြီး ကွမ်တမ်မက္ကင်းနစ်ပညာနယ်ကို ပုံဖော်ရာ၌ ရှေ့ဆောင်ဖြစ်သူ နီးဘိုး၊ ဒီအင်အေ၏ တည် ဆောက်ပုံကို ပုံဖော်သူ ဂျိမ်းဝပ်ဆန်နှင့် ဖရန်စစ်ခရစ်တို့ အတွဲ၊ နျူထရွန်ကို တွေ့ရှိသူ ဂျိမ်းချက်ဒဝစ်၊ အီလက်ထရွန် ၏ လှိုင်းသဘာဝ ပေါ်လွင်စေသော စမ်းသပ်ချက် လုပ် ဆောင်သူ ဂျီ၊ပီ၊ သွမ်ဆင် (ဂျေ၊ ဂျေ၊ သွမ်ဆင်၏သား)၊ လျှပ်စစ်ဆောင်အမှုန်များကို တွန်းအားပေး စွမ်းအင်မြင့် သော အက်စလာရေတာ တီထွင်သူ ကော့ကရော့နှင့် ဝေါလတန်၊ အပူချိန်နိမ့်ရူပဗေဒနှင့် အားကောင်းသော သံလိုက်သုတေသီဖြစ်သူ ရုရှားလူမျိုး ပီတာကပစ်ဇာ၊ အမှုန်ရူပဗေဒသဘောတရားရေးပညာရှင် အဗ္ဗဒူဆလမ် တို့သည် ကဗင်းဒစ်စမ်းသပ်ခန်းထွက် ပညာရှင်များ ဖြစ် ကြပြီး အားလုံး နိုဘယ်ဆုရရှိကြသည်။ အမေရိကန်နှင့် ဥရောပမှ ပညာရှင်အများအပြား ကဗင်းဒစ်တွင် ပညာ ဆည်းပူး သုတေသနလေ့ကျင့်ပြီး ရူပဗေဒ အကျော်အမော် များ ဖြစ်လာကြသည်။