Myanmar Encyclopedia

ကဗူး၊ ကမဲလို ဘင်ဆို၊ ကောင့် (၁၈၁၀-၁၈၆၁) ။ အီတလီနိုင်ငံသမိုင်းတွင် ထင်ရှားသော မျိုးချစ်ပုဂ္ဂိုလ်ကြီး ကောင့် ကဗူးသည် အီတလီနိုင်ငံ၊ တုရင်မြို့၌ ၁၈၁၀ ပြည့်နှစ်တွင် ဖွားမြင်ခဲ့သည်။ တုရင်မြို့ စစ်အတတ်သင် ကျောင်းတွင် ပညာသင်ကြားတတ်မြောက်ခဲ့ပြီး အင်ဂျင် နီယာ တပ်ဗိုလ်တစ်ဦးဖြစ်လာ၍ ခံတပ်များကို တည် ဆောက်ခဲ့သည်။ သူသည် လူထုကို နိုင်ငံရေးလွတ်လပ်မှု ပေးရန် ကြံရွယ်ခဲ့သူဖြစ်၍ အားလပ်ချိန်များတွင် အင်္ဂလိပ် နိုင်ငံရေးသဘောတရားများကို လေ့လာလိုက်စားခဲ့သည်။ ၁၈၃၁ ခုနှစ်တွင် စစ်တပ်မှနုတ်ထွက်ကာ ပြည်သူ့အရေး များကို စတင်ဆောင်ရွက်သည်။ ထို့ပြင် ဥရောပနိုင်ငံ ရေးရာ ဗဟုသုတများကို ရှာမှီးလျက် နိုင်ငံရေးလွတ်လပ်မှု သည် စီးပွားရေး ဖွံ့ဖြိုးမှုပေါ်တွင် အခြေပြုမှသာ တည်မြဲ နိုင်ကြောင်း သဘောပေါက်ခဲ့သည်။ ထို့ကြောင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများ ပြုပြင်ရေး၊ မီးရထားလမ်းများ ဖောက်လုပ်ရေးကို ကြိုးပမ်းခဲ့သည်။ စက်ရုံများ ဆောက် လုပ်ရေးကိုလည်း ဆော်သြခဲ့လေသည်။ ကူးသန်းသွားလာ ရေး လွယ်ကူခဲ့လျှင် အီတလီနိုင်ငံသည် စည်းလုံးမိဖွယ် ရာအကြောင်း ရှိသည်ကို သိမြင်ခဲ့သည်။ ၁၈၄၇ ခုနှစ်တွင် တုရင်မြို့၌ လူထုအုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ရေးအယူ အဆများကို ထုတ်ဖော်ညွှန်ပြရန်အတွက် သတင်းစာ တစ်စောင်ကို ထုတ်ဝေခဲ့သည်။

ကောင့်ကဗူးသည် အစိတ်စိတ် ပြိုကွဲလျက်ရှိသော အီတလီနိုင်ငံကို စည်းလုံးမိစေလိုသော စိတ်ဓာတ်ဖြင့် စတင်ကြိုးစားဆောင်ရွက်လေသည်။ ၁၈၄၈ ခုနှစ် မတ်လ တွင် မီလန်နယ်သားတို့သည် သြစတြီးယားကို တော်လှန် သောအခါ သူ၏ သတင်းစာမှနေ၍ သြစတြီးယားကို စစ်ကြေညာရန် လှုံ့ဆော်ခဲ့သည်။ မကြာမီ စစ်ကြေညာ တိုက်ခိုက်ခဲ့သည်။ စစ်အတွင်း၌ ကဗူးသည် ဆာဒင်း နီးယားမှ ပါလီမန်အမတ်အဖြစ် အရွေးခံခဲ့ရသည်။

၁၈၅၀ ပြည့်နှစ်တွင် ကောင့်ကဗူးသည် စိုက်ပျိုးရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖြစ်လာပြီး ထိုမှ ဝန်ကြီးချုပ်ရာထူး ခန့်အပ်ခြင်း ခံရသည်။ ထိုအချိန်မှစ၍ ကောင့်ကဗူးသည် နိုင်ငံတွင်း ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၁၈၅၅ ခုနှစ်တွင် ခရိုင်းမီးယား စစ်မြေပြင်သို့ ဆာဒင်းနီးယားနိုင်ငံမှ စစ်တပ်များ စေလွှတ် ကူညီခဲ့သောကြောင့် အင်္ဂလိပ်နှင့် ပြင်သစ်တို့၏ ချစ်ကြည်မှုကို ရရှိခဲ့သည်သာမက ဥရောပနိုင်ငံကြီးများ က အသိအမှတ် ပြုခဲ့ရသည်။ ၁၈၅၈ ခုနှစ်တွင် ပြင်သစ် နိုင်ငံ တတိယနပိုလီယန်ဘုရင်နှင့် တိတ်တဆိတ် တွေ့ဆုံ ဆွေးနွေး၍ ၁၈၅၉ ခုနှစ်၌ သြစတြီးယားကို စစ်ကြေညာ ခဲ့သည်။ ထိုစစ်ပွဲ အောင်မြင်မှုကြောင့် ဆာဒင်းနီးယား
နှင့် လွန်ဘာဒီနယ်တို့ ပေါင်းမိ၍ ကျန် အီတလီနယ်များ လည်း တဖြည်းဖြည်း စည်းလုံးလာခဲ့သည်။

၁၈၆၁ ခုနှစ်တွင် ဂယ်ရီဗောလဒီးနှင့် အခြားပုဂ္ဂိုလ် များ၏ အကူအညီဖြင့် ဗင်းနစ်မြို့နှင့် ရောမမြို့မှတစ်ပါး အီတလီ တစ်နိုင်ငံလုံး စည်းလုံးမိသည်။ (ဂယ်ရီဗောလဒီး၊ ဂျီဆက်ဖီး - ရှု။)

ယင်းသို့ အီတလီနိုင်ငံကို စည်းလုံးမိစေရန် မနေ မနားကြိုးပမ်းခဲ့သော ကဗူးသည် ပထမဆုံး အီတလီ ပါလီမန်က အီတလီနိုင်ငံတော် တည်ထောင်ကြောင်း ကြေညာပြီးနောက် သုံးလခန့်အကြာ ၁၈၆၁ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ဇာတိရပ်ဖြစ်သော တုရင်မြို့၌ ကွယ်လွန် သည်။

ပင်မစာမျက်နှာသို့