Myanmar Encyclopedia

ကပစ်ဇာ၊ ပီတာ လီယွန်နစ်ဒိုဗစ် (၁၈၉၄-၁၉၈၄)။ ။ ကပစ်ဇာသည် နိုဘယ်ဆုရ ရုရှား ရူပဗေဒပညာရှင်အဖြစ် ထင်ရှားသည်။ ဇာဘုရင်လက်ထက် စစ်ဗိုလ်ချုပ်တစ်ဦး၏ သားဖြစ်ပြီး ၁၈၉၄ ခုနှစ်တွင် မွေးဖွားသည်။ ပက်ထရို ဂရက် ပေါ်လီတက်ခနစ်မှ ၁၉၁၉ ခုနှစ်တွင် ဘွဲ့ရပြီး ၁၉၂၁ ခုနှစ်၌ အင်္ဂလန်နိုင်ငံသို့ သွားရောက်ကာ ဘွဲ့လွန် ပညာဆည်းပူးသည်။

ကင်းဘရစ်တက္ကသိုလ်ရှိ ရူသားဖို့ ကြီးကြပ်သော ကဗင်း ဒစ် ဓာတ်ခွဲခန်းကြီးတွင် ၁၄ နှစ်ကြာ သုတေသနပြုလုပ် သည်။ သူ အထူးပြုလေ့လာသော ပညာနယ်မှာ အားပြင်း သော လျှပ်စစ်သံလိုက်ကြီးများ တီထွင်မှုနှင့် အပူချိန်နိမ့် ရူပဗေဒဖြစ်သည်။

၁၉၃၄ ခုနှစ်တွင် မိခင်ထံ နှစ်စဉ်အလည်ပြန်မြဲအတိုင်း မော်စကိုမြို့ကို ပြန်သွားရာမှ အင်္ဂလန်နိုင်ငံသို့ ပြန်မသွား ရန် ဆိုဗီယက်နိုင်ငံခေါင်းဆောင် စတာလင်၏ တားမြစ် ပိတ်ပင်ခံရသည်။

ကပစ်ဇာ၏ ထင်ရှားသော ပညာရပ်စွမ်းဆောင်မှုမှာ အပူချိန်အလွန်နိမ့်သော အခြေအနေ၌ ရုပ်ဝတ္ထုများ၏ ဂုဏ်သတ္တိ စူးစမ်းလေ့လာမှုဖြစ်သည်။ အပူချိန် ၂.၂ ကယ် လဗင်ထက် နိမ့်သောအပူချိန်တွင် ဟီလီယမ်ဓာတ်ငွေ့ ရည်၏ ထူးခြားသောဂုဏ်သတ္တိကို တွေ့ရှိသည်။ ထိုအပူ ချိန်တွင် ဟီလီယမ်အရည်သည် စေးပျစ်မှု လုံးဝ ကင်းမဲ့ပြီး အဟန့်အတားမရှိ စီးဆင်းနိုင်စွမ်းရှိသဖြင့် ထူးကဲအရည် ဟုခေါ်သည်။ ၂.၂ ကယ်လဗင်သည် ပကတိသုည အပူ ချိန်နှင့် အလွန်နီးကပ်သည်။ ထိုခေတ်က ယင်းအပူချိန် အထိရောက်အောင် အအေးခံရန် အလွန်ခက်ခဲသည်။

ကပစ်ဇာ၏တွေ့ရှိချက်များကို မော်စကိုမြို့တွင် ရေး သားထုတ်ဝေသည်။ ကင်းဘရစ်တွင် ကပစ်ဇာ သုံးစွဲခဲ့ သော အအေးခံကိရိယာအပါအဝင် သံလိုက်နှင့် ဆက်စပ် ပစ္စည်းများကို စတာလင်က ဝယ်ယူပေးခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းကာလတွင် ဆိုဗီယက်ရုရှား၏ အဏုမြူ ဗုံး သုတေသနတွင် ပါဝင်လုပ်ကိုင်ရန် ကပစ်ဇာက ငြင်း ဆန်သဖြင့် အကျယ်ချုပ်နီးပါး ချုပ်ချယ်ကန့်သတ်ခံရ သည်။ သို့ရာတွင် စစ်ပြီးခေတ် ဆိုဗီယက်ရုရှား၏ အာကာသသုတေသနနှင့် ဂြိုဟ်တုစီမံကိန်းတွင် ဦးဆောင် ကဏ္ဍမှ ပါဝင်လုပ်ကိုင်ခဲ့သည်။ ကပစ်ဇာသည် ဆိုဗီယက် ယူနီယံ၏ အမြင့်ဆုံးဘွဲ့ထူး ဂုဏ်ထူးများ ရရှိခဲ့သည့်အပြင် အပူချိန်နိမ့်ရူပဗေဒစူးစမ်းမှုများအတွက် ၁၉၇၈ ခုနှစ် ရူပ ဗေဒနိုဘယ်ဆုကို အာကာသ မိုက်ခရိုဝေ့တွေ့ရှိသူ ပင်ဇီး ယပ်၊ ဝီလဆင်တို့နှင့်အတူ ပူးတွဲရရှိသည်။ ၁၉၈၄ ခုနှစ် ဧပြီလတွင် မော်စကိုမြို့၌ ကွယ်လွန်သည်။

ပင်မစာမျက်နှာသို့