ကပိလဝတ်ပြည် ။ ။ ကပိလဝတ်ပြည်သည် ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား၏ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး စိုးစံတော်မူသော ပြည်ဖြစ်၏။ အိန္ဒိယ နိုင်ငံတွင် ရှေးအခါက တိုင်းကြီး ၁၆ တိုင်း၊ ပြည်ကြီး ၂၀ ဟု ကျော်စောခဲ့သည့်အနက် သက္ကတိုင်း ကပိလဝတ်ပြည် တွင် သာကီဝင်တို့ ကြီးစိုးခဲ့သည်။ ဥက္ကာကရာဇ်မင်းကြီး သည် သားတော်နှင့် သမီးတော်များကို ဟိမဝန္တာတောသို့ သွားရောက်နေထိုင်ရန် အမိန့်ရှိခဲ့ရာမှ သားတော် သမီး တော်တို့သည် ကပိလရသေ့ကြီး၏ ကျောင်းသင်္ခမ်းအနီး တွင် ရသေ့ကြီး၏ အဆုံးအမကိုခံယူကာ တိုင်းပြည် တည် ထောင်ခဲ့ကြသည်။ ထိုအချက်ကို အစွဲပြု၍ ကပိလဝတ် ပြည်ဟု ခေါ်တွင်သည်။
ကပိလဝတ်ပြည်ကို မြန်မာစာပေများ၌ ကပ္ပီလဝတ်၊ ပြည်က ပိုလ်ဟူ၍လည်း သုံးစွဲကြသည်။
သာကီဝင်မင်းတို့၏ ပြည်ထောင်ချင်းဖြစ်သော ကပိလဝတ်ပြည်နှင့် ကောလိယပြည်အကြားတွင် ရော ဟိဏီမြစ် ဖြတ်သန်းစီးဆင်းသည်။ ခရစ်တော်မပေါ်မီ ၆ ရာစုနှစ်ခန့်က ကပိလဝတ်ပြည်တွင် မင်းများ အလှည့်ကျ အုပ်စိုးခဲ့၍ မြတ်စွာဘုရားအလောင်းတော် မွေးဖွားချိန် တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး စိုးစံချိန်ဖြစ်၏။ နေပြည်တော်၏မြို့ရိုးမှာ ၁၈ တောင် မြင့်ကြောင်း အမှတ် အသားများ ရှိသည်။
သိဒ္ဓတ္ထမင်းသားသည် တောထွက်တော်မူပြီးနောက် သစ္စာလေးပါးကိုသိမြင်၍ ဘုရားဖြစ်သည်တွင် ခမည်း တော် မင်းကြီးက အကြိမ်ကြိမ် ပင့်ဖိတ်သဖြင့် ကပိလဝတ် ပြည်သို့ ရာဇဂြိုဟ်ပြည်မှ ကြွလာပြီးသော် ဆွေတော် မျိုးတော် အပေါင်းကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။
မြတ်စွာဘုရားကို ကပိလဝတ်နေပြည်တော်သို့ ကြွ ပါမည့်အကြောင်း ဖွားဖက်တော် ကာဠုဒါယီအမတ်က ဂါထာ ၆၀ ဖြင့် သီကုံးလျှောက်ထားကြောင်း ကျမ်းဂန်များ တွင် အခိုင်အမာဆိုသည်။ ထိုသို့ ပင့်လျှောက်ပုံကို အင်းဝ ခေတ်တွင် ရှင်အုန်းညိုက ဂါထာခြောက်ဆယ်ပျို့တွင် ဖတ်ရှုနာပျော်ဖွယ်ရှိအောင် အသေးစိတ် စပ်ဆိုခဲ့သည်။ ထိုနည်းတူ ရှင်ဥတ္တမကျော်ကလည်း မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွခန်းကို 'စက်ဆဲ့ နှစ်လီ၊ ဒွါဒသီဝယ်' ချီသော တောလားရတုဖြင့် သီကုံးခဲ့ သည်။
ဗုဒ္ဓမြတ်စွာသည် ကပိလဝတ်ပြည်သို့ ရောက်မဆိုက် ၌ပင် မာနတံခွန်ထူလှသော ဆွေတော်မျိုးတော်များအား ရေအစုံမီးအစုံ ယမိုက်ပြာဋိဟာကိုပြသ၍ ဇာတ်ကြီးဆယ် ဘွဲ့ အဝင်အပါ ဝေဿန္တရာဇာတ်တော်ကို ဟောတော် မူသည်။ ထို့ပြင် နန္ဒမင်းသားဟု ခေါ်တွင်သော ညီတော် မင်းနန်နှင့် သားတော် ရာဟုလာတို့အား သာသနာ့ အမွေ အနှစ် ပေးတော်မူသည်။
ဘုရားမြတ်စွာသည် ကပိလဝတ်ပြည်သို့ ပထမ အကြိမ် ရောက်တော်မူသည့်နည်းတူ နောက်ထပ်၍ အကြိမ်ကြိမ်ကြွရောက်ဖူးကြောင်း ကျမ်းဂန်များအရ သိရ သည်။
တစ်ကြိမ်၌ ကပိလဝတ်ပြည်သားများနှင့် ကောလိ ယ ပြည်သားတို့သည် ရောဟိဏီမြစ်ရေကို လယ်ရေ သောက်အဖြစ် အတူတကွ သုံးစွဲကြရာမှ အချင်းဖြစ်ပွား ကြရာ မြတ်စွာဘုရားကြွရောက်လာ၍ ငြိမ်းချမ်းရေးကို ဟောပြောကြောင်း၊ နောက်တစ်ကြိမ်၌ကား ဝိဋဋူဘမင်း ၏ ရန်စွယ်ကိုတားမြစ်အံ့ငှာ မြတ်စွာဘုရား ကပိလဝတ် ပြည်သို့ ဒေသစာရီကြွချီကြောင်း ကျမ်းဂန်များအရ သိရ သည်။
ခရစ်နှစ် ၄ ရာစုနှင့် ၇ ရာစုနှစ်များအတွင်း အိန္ဒိယ နိုင်ငံသို့ ရောက်ရှိလာသော တရုတ်အမျိုးသား ဖာဟီယန် နှင့် ဟူအင်စန်တို့သည် ကပိလဝတ်ပြည်နှင့် သာသနာ တော်ဆိုင်ရာ ဌာနများအကြောင်း ကိုယ်တွေ့မှတ်တမ်း တင်ခဲ့ကြသည်။
ကပိလဝတ်ပြည်အနီး လုမ္ဗိနီအရပ်တွင် သီရိဓမ္မာ သောကမင်းကြီးသည် လုမ္ဗိနီကျောက်တိုင်ကို စိုက်ထူခဲ့ သည်။ (သီရိဓမ္မာသောကမင်းကြီး- ရှု။)
ကပိလဝတ်ပြည် မြို့တော်ဟောင်းနေရာကို အတိ အကျ မပြောနိုင်သေးသော်လည်း နီပေါနိုင်ငံအတွင်းရှိ ပိပရာဝါ အမည်တွင်သော ရွာနေရာပင် ဖြစ်မည်ဟု ဆိုကြ သည်။ ထိုအရပ်တွင် ကပိလဝတ်အမည်ပါသော မြူတာ အိုးများကို တူးဖော်တွေ့ရှိရသည်။