ကနုတ် ။ ။ မြန်မာ့ရိုးရာ ပန်းချီ၊ ပန်းပု အနုပညာ ဖွဲ့စည်း မှု၌ အခြေခံအားဖြင့် ကနုတ် နာရီ ကပီ ဂဇာ ဟူ၍ လေးမျိုး ရှိသည်။ ဤတွင် ကနုတ်ဟူသည်မှာ မာဂဓ ဘာသာ ကုမုဒ၊ ၎င်းမှ ကနုဒသို့ ရွေ့လျားပြီး မြန်မာ ဝေါဟာရဖြစ်လာသည်ဟု မြန်မာဘာသာဆိုင်ရာ မှတ် တမ်းများက ဖော်ပြသည်။ အချို့ကလည်း ပါဠိဘာသာ ကောကနဒမှ ကောနုဒ၊ ယင်းမှ ကနုဒ ဖြစ်ပြီး မြန်မာ ဝေါဟာရ ပါဌာနုသာရီ ရေးထုံး၊ ကနုတ်အသွင်မှ ကနုတ် သို့ အဆင့်ဆင့် ဖြစ်လာသည်ဟု မှတ်တမ်းပြုကြသည်။
ကနုတ်နှင့်ပတ်သက်၍ ရဲတင်းမော်ကွန်း ပထမနိဂုံးတွင် 'လောကသမုတ်၊ ကနုတ် နာရီ၊ ကပီ ဂဇာ၊ ဂုဏ်ပညာ လည်း၊ ခဲရာခဲညို၊ ထုတ်ချင်းလျှိုမျှ၊ ရွှေကိုယ်တော်ပြု၊ ပတ္တုစိတြ၊ စသည်ရေးသား ...'ဟု မှတ်တမ်းပြုထားသည် ကို တွေ့ရသည်။ မြန်မာ့ရိုးရာပန်းပညာ၏ အခြေခံ အပြောက်အမွမ်း ဆင်ယင်မှုနိဒါန်းကို ဖော်ပြခြင်း ဖြစ် သည်။
အဘိရူကပျို့တွင် 'ပုံထပ်ပပ၊ ကြာကြွဖြိုးဖြိုး၊ ကြာ အမျိုးနှင့် ကြိုးသမုတ်ဆန်း၊ ကနုတ်ပန်းက' ဟူ၍လည်း ကောင်း၊ 'သာစွအစုတ်၊ ကြာကုမုဒ်ဟု၊ ကနုတ်ကနု၊ တမုတ်ထု၍၊ သာလုကမည်၊ ညစ်ကျူကြည်သား' ဟူ၍ လည်းကောင်း၊ 'ကနုတ်ကနု၊ သမုတ်စုနှင့်၊ ရှုမရဲရောင်၊ စိန်ရွဲတောင်သို့၊ လောင်ဘနန်းဖွယ်၊ လျှံလျှံကယ်မျှ' ဟူ၍ လည်းကောင်း တွေ့ရသည်။
ကင်းဝန်မင်းကြီး၏ ဟိန္ဒုကပျို့တွင် 'ပြုလုပ်ထူး ဆန်း၊ ကနုတ်ပန်းလည်း၊ နရန်းတင့်စံ၊ သင့်စီမံ၍၊ ဇနံ မျက်အိမ်၊ ရှက်လိမ်ခြူးညွန့်၊ မိုက်မှောင်ဟန့်သည်' ဟူ၍ လည်းကောင်း တွေ့ရသည်။
အဓိပ္ပာယ်အားဖြင့် ကြာရိုး၊ ကြာစေ့၊ ကြာဝတ်ဆံ၊ ကြာစွယ်၊ ကြာနွယ်၊ ကြာငုံ၊ ကြာဖူး၊ ကြာပွင့်ချပ်၊ ကြာရွက်၊ ကြာပွင့် စသည်တို့ကို ပန်းချီအနုပညာအတွေးဖြင့် ခွေလိပ်၊ ကွေးကောက်၊ ယိမ်းယိုင်၊ ချီချ၊ တက်ဆင်း၊ တက်ချွန့် ပုံအမျိုးမျိုးရေးခြယ်ကာ ဆန်းကြယ်စွာ ရေးဆွဲ ထုထွင်းထားခြင်းဖြစ်သည်။
ကနုတ်ပန်းတွင် ခြူးပန်း ခြူးနွယ်၊ ပန်းခက် ပန်း တက်၊ ပန်းထပ် ပန်းပွား၊ ပန်းကြွား၊ ပန်းညွန့်၊ ပန်းတွန့် များကို ထုလုပ်သုံးစွဲခဲ့ကြသည်။ အချို့တွင် ရွက်ဆန်း ရွက်ထောက်၊ ရွက်ခေါက် ရွက်ခွေ၊ ပုရစ်လိပ်ဘူး၊ ဖရုံ၊ သခွားနွယ်၊ စပျစ်နွယ် စသဖြင့် အခေါ်ကွဲသော်လည်း နွယ်ဝင်နွယ်ထွက်၊ ခရုပတ်၊ နဂါးလိမ်၊ ဓနုကွက်တို့ကို ခြယ်မှုန်းထုလုပ်ထားသည်။
ကနုတ်ပန်းနှင့်ပတ်သက်၍ ပန်းတော့ပညာ၌လည်း အသုံးရှိသည်ကို တွေ့ရသည်။ အင်္ဂတေတွင် ပန်းပုံစံများ၊ ကနုတ်ခက်များကို ကောက်ကြောင်းများ ဆွဲပြီးလျှင် မလိုသောအင်္ဂတေများ (ပန်းတော့အခေါ် ဓနုပေါက်) ထုတ်၍ ပယ်ခြင်းအားဖြင့် ကျန်ရစ်သော အင်္ဂတေကို အလိုရှိသော ပန်းကနုတ်အဖြစ် ရရှိသည်။
ကနုတ်ပန်းနှင့်ပတ်သက်၍ ပန်းပုပိုင်းကို ကြည့်လျှင် ပခုက္ကူမြို့၊ ရွှေကူဘုရား၌ တည်ရှိသော ကမ္ဘာကျော် ရွှေကူဘုရားတံကဲတော်သည် ပန်းရှင်ထပ်ဖြင့် ဗုဒ္ဓဝင်၊ ရာဇဝင်ဇာတ်တော်များကို ကနုတ်ပန်းခြံရံ၍ ထုလုပ်ထား သောလက်ရာအဖြစ် ကမ္ဘာသို့တိုင် နာမည်ကျော်ကြား သည်။
ကနုတ်သည် ပန်းချီ၊ ပန်းပုသာမက ကျောက်ဆစ်၊ အင်္ဂတေ၊ ပန်းပုနှင့် ပုံထွင်းလောင်းသည့်ပညာတို့ကိုပါ လွှမ်းမိုးသည်။ ကနုတ်ဟန်များကို ပန်း၊ သစ်ပင်၊ တော၊ တောင်၊ ရေမြေ၊ မိုးတိမ်နှင့် လူ၊ နတ်ဗြဟ္မာ စသည့် ရုပ်တု၊ ရုပ်လုံး၊ ရုပ်ပုံများတွင်သာမက တိရစ္ဆာန်များကို ရေးခြယ် ရာတွင်လည်း တွေ့ရသည်။
ကနုတ်သည် နံရံပန်းချီနှင့် ပန်းရန်၊ ဗိသုကာ ပညာ ရပ်များတွင်သာမက ယွန်းပန်းချီတွင်ပါ သြဇာသက် ရောက်သည်။ ကနုတ်ပန်းနှင့်ပတ်သက်၍ ပုဂံခေတ် နံရံ ပန်းချီများ၌ စတင်တွေ့ရှိရသော်လည်း စာအနေဖြင့် ဟံသာဝတီမင်းလက်ထက်၌ စတင် တွေ့ရှိရကြောင်း ပန်းပညာရှင်သုတေသီတို့က မှတ်ချက်ပြုခဲ့ကြသည်။