ကနောင်မင်းသား (၁၈၁၉-၁၈၆၆)။ ။ အောက်မြန်မာ နိုင်ငံတွင် ဗြိတိသျှတို့ ရောက်ရှိကြီးစိုးလာခြင်း၊ ကိုယ့်မင်း ကိုယ့်ချင်းနှင့်နေထိုင်သော မြန်မာနိုင်ငံ အထက်ပိုင်းသည် ထိုစဉ်အခါက တိုးတက်လျက်ရှိသော ဥရောပနိုင်ငံအချို့ နှင့် ဆက်သွယ်မှုများ ရရှိလာခြင်းတို့ကြောင့် လူသုံးကုန် ပစ္စည်း ထုတ်လုပ်မှု နည်းစနစ်တို့၏ အခြေခံဖြစ်သော ဆန်းသစ် တီထွင်ပြောင်းလဲမှုတို့သည် အထက်မြန်မာနိုင်ငံ သို့ ရောက်ရှိလာသည်။ ခေတ်ကိုပြောင်းလဲစေနိုင်မည့် အခွင့်အလမ်းများကို အမြင်ကျယ်စွာ အသုံးပြုကြသော မြန်မာခေါင်းဆောင်များတွင် ပိုမို အရေးပါဝင်ခဲ့သူမှာ ကနောင်မင်းသားကြီး ဖြစ်သည်။
ကုန်းဘောင်ခေတ် အမရပူရ ဒုတိယမြို့တည် သာယာဝတီမင်း (၁၈၃၇–၁၈၄၆)နှင့် သီရိသုစန္ဒာ မလ္လာ မဟေတောင်ဆောင် ကျောက်မော်မြို့စား မိဖုရားတို့တွင် သားတော်နှစ်ပါး ထွန်းကားခဲ့ရာ သားအကြီးမှာ ပဉ္စမ သင်္ဂါယနာတင် မင်းတုန်းမင်းဖြစ်၍ အငယ်မှာ သတိုး မင်းရဲကျော်ထင်ဘွဲ့ခံ ကနောင်မင်းသား ဖြစ်သည်။ (မင်းတုန်းမင်း - ရှု။)
ကနောင်မင်းသားသည် ၁၈၁၉ ခုနှစ် စက်တင်ဘာလ ၅ ရက် တနင်္ဂနွေနေ့တွင် မွေးဖွားခဲ့သည်။ မင်းသားလတ် အဆင့်တွင် မြို့မတိုက်စားမှ ပန်းတိမ်းမြို့စား ဖြစ်လာ ပြီးနောက် နောင်တော် ပုဂံမင်း (၁၈၄၆–၁၈၅၃) ထီးနန်း ဆက်ခံသောအခါ ကနောင်မြို့ကို စားရသည်။
၁၈၅၂ ခုနှစ် ဒီဇင်ဘာလတွင် ပုဂံမင်း၏ အထိန်းတော် ဟင်္သာတမြို့စား မိရွဲ၏ညီမ မိဖဲ၏အိမ်ကို ဓားပြတိုက် ရာတွင် ကနောင်မင်းနှင့် မင်းတုန်းမင်းတို့၏လူများ ပါဝင် သည်ဟုစွပ်စွဲကာ ကနောင်မင်းသားကြီး၏ အကြီးစာရေး စသည်တို့ကို တောင်းဆိုစစ်မေးသည်။ ထို့ပြင် ညီတော် နောင်တော်နှစ်ပါး ခိုးသားဓားပြမွေးသည်ဟု ပုဂံမင်း၏လူများဖြစ်သော တောင်ထားဝယ်ဗိုလ်ငတုတ်၊ ပုဏ္ဏားဝန် ငကုလားတို့က အမှုရှာသဖြင့် ညီနောင်နှစ်ပါးတို့သည် လူသူစုရုံး၍ ၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် တော်လှန်ပုန်ကုန်ကြသည်။
ရှေးဦးစွာ ရွှေဘိုကို သိမ်းယူအခြေစိုက်ပြီးနောက် နောက်ထပ်လူအင်အားစုဆောင်းကာ အမရပူရမြို့ကို လုပ်ကြံရာတွင် ကနောင်မင်းသားပင် ဦးစီးဦးဆောင်ပြု ၏။ ဤသို့ တော်လှန်ပုန်ကန်မှုဖြစ်ရခြင်း၏ အကြောင်း ရင်းမှာ ပုဂံမင်း၏ စီမံအုပ်ချုပ်မှု ညံ့ဖျင်းသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ အမရပူရမြို့ကို ကနောင်မင်းသားတို့ လုပ်ကြံနေစဉ် ပုဂံမင်းအား ခစားကြသော မကွေးမင်းကြီး အမှူးရှိသည့် မှူးမတ်များက လုပ်ကြံတိုက်ခိုက်သူတို့ ဘက်မှ ကူညီကြသဖြင့် ကနောင်မင်းသားတို့ ၁၈၅၃ ခု နှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်တွင် အောင်ပွဲရခဲ့သည်။
ထို့နောက် ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းအထွတ်အထိပ်သို့ ရောက်သောအခါ ကနောင်မင်းသား အား သီရိပဝရမဟာသုဓမ္မရာဇာဘွဲ့ဖြင့် အိမ်ရှေ့မင်းသား အရာ အပ်နှင်းလေသည်။
ထိုမှတစ်ပါး ဒီပဲယင်း၊ တောင်တွင်းကြီး၊ ပဉ္စာငါးမြို့၊ စလေမြို့များကိုလည်း စားစေသည်။ သာယာဝတီမင်း၏ အနောက်နန်းမိဖုရား ဖွားမြင်သည့် သမီးတော် လှိုင်မြို့ စား သီရိသုမြတ်စွာရတနာဒေဝီနှင့်လည်း ထိမ်းမြား လက်ဆက်ပေးသည်။ (လှိုင်ထိပ်ခေါင်တင် -လည်းရှု။)
အိမ်ရှေ့စံပင်ဖြစ်လင့်ကစား ကနောင်မင်းသားကြီး မှာ သြဇာတိက္ကမပြည့်စုံ၍ တန်ခိုးအာဏာ ထက်မြက်လှ သည်။ ပြည်ရေးပြည်ရာ စီမံခန့်ခွဲရာတွင်လည်း ဦးစီး ဦးဆောင်ပြုရ၏။ နောင်တော်မင်းတုန်းမင်းတွင် သား တော် သမီးတော် အရွယ်ရောက်သူများရှိရာ ကနောင်မင်း သား ရှိနေသောကြောင့် ထီးနန်းဆက်ခံခွင့်ရတော့မည် မဟုတ်ဟု စိုးရိမ်ကြသော သားတော်များက မကျေမနပ် ဖြစ်ကြသည်။
သို့ဖြစ်၍ ၁၈၆၆ ခုနှစ်၊ သြဂုတ်လ ၂ ရက်တွင် နန်းတော်၏ပြင်ပ ယာယီတဲနန်း၌ မင်းတုန်းမင်းနှင့်တကွ အိမ်ရှေ့မင်း၊ လွှတ်တော်ဝန်ကြီးများ ယာယီစံနေခိုက် မင်းတုန်းမင်း၏ သားတော်များဖြစ်သော မြင်ကွန်းနှင့် မြင်းခုံတိုင်မင်းသားတို့ အလစ်ဝင်ရောက်၍ တိုက်ခိုက်ကြ သောကြောင့် ကနောင်မင်းသား တိမ်းပါးသည်။
ကနောင်မင်းသားသည် ပညာလွန်စွာ ထက်မြက် လိမ္မာ၍ နိုင်ငံခြားသားများနှင့်ဆက်ဆံရာတွင် ကျွမ်းကျင် ပါးနပ်လှသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ခေတ်မီ နိုင်ငံ ထူထောင်နိုင်ခြင်းငှာ အခြားနိုင်ငံကြီးများတွင် တိုးတက်ထွန်းကားလျက်ရှိသော ခေတ်ပညာအရပ်ရပ်ကို လေ့လာဆည်းပူးရန် ပညာတော်သင်ပေါင်း ၉၀ ကျော်ကို နိုင်ငံကြီးများသို့ လစာငွေအလုံအလောက်ပေး၍ စေလွှတ် ခဲ့သူဖြစ်၏။ ထိုပညာတော်သင်တို့တွင် ဒီပဲယင်း ဝန်ထောက် ဦးမြဲနှင့် ညီဦးခဲ၊ ဖန်ချက်ဝန် ဦးဖန်၊ ကျောက် မြောင်း အတွင်းဝန် ဦးရွှေအိုး၊ မြင်းဝန် ဦးအောင်သူတို့ ပါဝင်ခဲ့သည်။
ခေတ်မီလက်နက်ရှိမှ နိုင်ငံအင်အားရှိမည်ကို ယုံ ကြည်သည့်အတိုင်း စစ်ကိုင်းဘက်၌ လက်နက်စက်ရုံကြီး နှစ်ရုံတည်ဆောက်ခဲ့သည်။ ရွှေမြို့တော် အနောက်မြောက် ရွှေတချောင်းအနီးတွင် စက်ရုံတစ်ခု တည်ဆောက်ခဲ့သည်။ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှု ပြောင်းလဲရေးကို မြန်မာနိုင်ငံတွင် ဖြစ်မြောက်စေရန် ရက်ကန်းစက်၊ ကော် ဇောစက်၊ စပါးစက်၊ လွှစက်၊ ပန်းကန်စက်၊ သကြားစက် စသည်ကိုလည်း နိုင်ငံခြားမှ ဝယ်ယူထူထောင်ခဲ့၏။ ထို စက်များကို ကြီးကြပ်အုပ်ချုပ်ရန် မိမိကိုယ်တိုင် အလုပ်ဝန်၊ ပညာဝန်၊ အလုပ်ဌာနဝန်ကြီး၊ အတွင်းဝန်တို့ကို စီမံခန့်ခွဲသည်။ ဤသို့ ပညာတော်သင်များစေလွှတ်ခြင်း၊ စက်ရုံအသစ်အဆန်းများကို ဝယ်ယူတည်ထောင်ခြင်းတို့အတွက် ကုန်ကျသောငွေကို အိမ် ရှေ့မင်းအဖြစ်ရသော ဝေပုံကျမြို့ရွာနယ်ပယ်များမှ ခန့်ခွဲ ရရှိသည့် အခွန်တော်များမှ သုံးစွဲခဲ့သည်။
ကာကွယ်ရေးဘက်တွင်လည်း စစ်ဘက်ဆိုင်ရာ ပြု ပြင်မှုအမြောက်အမြားကို ဆောင်ရွက်ခဲ့သေး၏။ ထာဝစဉ် စစ်မှုထမ်းများရှိသည့်အခြေသို့ ရောက်စေခြင်းငှာ လိုအပ် မှ ဖွဲ့စည်းသော မြန်မာစစ်တပ်ကို ပြုပြင်ပေးခဲ့၏။ စစ် ပညာ လေ့ကျင့်သင်ကြားပေးရာတွင်လည်း နိုင်ငံခြားသား ပြင်သစ်၊ အီတာလျံလူမျိုးတို့၏ အကူအညီဖြင့် ကိုယ်တိုင် ကြပ်မတ်လုပ်ကိုင်သည်။ နိုင်ငံတွင်း၌ ဆက်သွယ်ရေး ပိုမိုလျင်မြန် ကောင်းမွန်စေရန်အတွက်လည်း မြန်မာ အက္ခရာဖြင့် ကြေးနန်းရိုက်နည်းကို ယောအတွင်းဝန်နှင့် တိုင်ပင်လျက် တီထွင်အသုံးပြုခဲ့သည်။ ဦးဘရှင်