ကနက္ကဒဏ် ။ ။ 'ကနက္ကဒဏ်' ဟူသော ဝေါဟာရသည် ပါဠိသက်ဝေါဟာရဖြစ်ပြီး ပုဒ်ခွဲလျှင် ကနက+ဒဏ္ဍ ဖြစ် သည်။ ကနကသည် ရွှေဖြစ်၍ ဒဏ္ဍသည် အရိုးဖြစ်သည်။ ကနက္ကဒဏ်ကို 'မင်းခမ်းတော် အပါအဝင်ဖြစ်သော ရွှေရိုးတပ်ထီးဖြူတော်' ဟု အဓိပ္ပာယ်ဖွင့်သည်။
မြန်မာမင်းများလက်ထက် မင်းခမ်းတော်၌ မင်း မြောက်တန်ဆာ ငါးပါးရှိသည်။ ၎င်းတို့မှာ သန်လျက်၊ ထီးဖြူ၊ မကိုဋ်၊ သင်းကျစ်၊ ခြေနင်း၊ သားမြီးယပ်တို့ ဖြစ် သည်။ ထို့ကြောင့် ထီးဖြူသည် အရေးပါသော မင်းခမ်း တော်တစ်မျိုးဖြစ်သည်။
ထီးဖြူတော်လေးစင်းဟူ၍လည်း ရှိသကဲ့သို့ ကနက္က ဒဏ်ထီး၊ တမွတ်ထီး၊ ယာည်ထီး၊ ဥရူထီးနှင့် ကြငှန်း ထီးဟူ၍ ထီးငါးစင်းဖြစ်ကြောင်းလည်း လောကဗျူဟာ ကျမ်း၌ ဖော်ပြသည်။ ဓညဝတီ အရေးတော်ပုံတွင်မူ ကြငှန်းထီး၊ ဥရူထီး၊ တမွတ်ထီး၊ ကနက္ကဒဏ်ထီးနှင့် သမုတ်ထီးဟူ၍ ထီးငါးစင်းသာ ထုံးစံရှိကြောင်း မှတ်ချက် ပြုသည်ကိုလည်း တွေ့ရသည်။ ခရစ်နှစ် ၁၆၀၈ ခုနှစ် ကဆုန်လပြည့်နေ့ မှတ်တမ်းပြုစုထားသော မြန်မာမင်း အမိန့်တော်များနှင့် ရွှေဘုံနိဒါန်းတို့တွင် ထီးဖြူတော် ဆယ်စင်းဟု တွေ့နိုင်သည်။ ထိုထီးဖြူဆယ်စင်းမှတ်တမ်း တွင်လည်း ကနက္ကဒဏ်ထီး ပါဝင်ကြောင်း တွေ့ရသည်။
ထီးဖြူတော်ရှစ်စင်းဟူသော အမှတ်အသားကို အသိ အမှတ်ပြု အရေးအသားများကြသည်။ ရွှေဘုံနိဒါန်းတွင် ထိုထီးဖြူရှစ်စင်းကို လက်ဝဲမင်းခမ်းတော်၊ လက်ယာ မင်းခမ်းတော်ဟူ၍ ခွဲခြားဖော်ပြသည်။
ကနက္ကဒဏ်ထီး၊ သူရိယထီး၊ ပဒုမ္မထီးနှင့် သမုဒ္ဒဇာ ထီး လေးစင်းကို လက်ဝဲမင်းခမ်းတော် ကမ္ဗုထီး၊ စန္ဒထီး၊ သမုက္ခထီး၊ ဝိသကြုံထီး လေးစင်းကို လက်ယာမင်းခမ်း တော်အဖြစ် ဖော်ပြထားသည်။ မုံရွေးဇေတဝန်ဆရာတော် က ကုသပျို့တွင် 'ပလ္လင့်ယာဘက်၊ ကနက္ကဒ၊ သူရိယနှင့်၊ ပဒုမသမ္မုတိ၊ လေးစင်းရှိလျက်၊ မဏိရွှေမြ၊ မျက်စုံပသား၊ စန္ဒကမ္ဗု၊ ဝိသုကမ္မ၊ ကုမုဒဟု၊ ဆတ္တလေးဖြာ၊ သာဘိ သေက၊ နန်းမဆောင်မြဲ၊ လက်ဝဲတော်က၊ ကျင်းပညီးညီး' ဟူ၍ ဖွဲ့ဆိုထားရာ လက်ဝဲလက်ယာမင်းခမ်းတော် သတ် မှတ်မှု ကွဲလွဲနေဟန်ရှိသည်။ ကနက္ကဒဏ်ထီးကို လက်ဝဲ မင်းခမ်းတော်ဟု အရေးအမှတ်များသည်။
ကနက္ကဒဏ်ထီးကို သမ္မာဒေဝနတ်သမီး စောင့်သည် ဟုလည်း တွေ့ရသည်။ မြန်မာမင်း အမိန့်တော်များတွင် ကနက္ကဒဏ်ထီးကို သဟံပတိဗြဟ္မာ၊ ဃဋိကာရဗြဟ္မာတို့ စောင့်၏ဟု မှတ်တမ်းတင်ထားသည်။ သုဒဿန စကြာ မင်းလက်ထက်၊ ကျွန်းဦးဇမ္ဗုသပြေရွှေကို ကနက္ကဒဏ်ထီး တွင် ထီးအရိုးလုပ်သဖြင့် ကနက္ကဒဏ်ခေါ်သည်။ ရွှေသားပုစွန်ခွံမွမ်းအရိုးလုပ်သောကြောင့် ကနက္ကဒဏ်ဟု ခေါ်ဝေါ် သမုတ်ခြင်း ဖြစ်သည်။
ကနက္ကဒဏ်ထီးကား ထီးဝ ၅တောင် ၅ လက်သစ် ရွှေခြူညောင်ရွက် ၅၀ဝ၊ ပတ္တမြားဆိုင်း ၁၀ဝ၊ သန္တာဆိုင်း ၁၀ဝ၊ ပုလဲဆိုင်း ၁၀ဝ၊ ဂေါ်မိတ်ဆိုင်း ၁၀ဝ၊ စိန်ဆိုင်း ၁၀ဝ၊ ပြယားဆိုင်း ၁၀ဝ၊ ထီးအုံကို ရတနာအတိ ပြီးစေ၏။ ဝိသကြုံထီးနှင့် ကနက္ကဒဏ်ထီးနှစ်စင်းသည် ထီးတကာ ထက် မြတ်သည်။ ထိုထီးတို့ကို ဥကင်ဦးတွင် ဖွင့်၍ ပုဏ္ဏား ရှစ်ပါးတို့က လက်ယာရစ်ခရုသင်းနှင့် မင်းကို ဘိသိက် မြှောက်ရသည်။ မင်းတို့ ဘိသိက်မြှောက်ရာ၌ ဆောင်းရ သောထီး ဖြစ်သည်။ ဓညဝတီအရေးတော်ပုံတွင် ကနက္က ဒဏ်ထီးသည် တစ်တိုင်းတစ်ပြည်က သံကြီးတမန်ကြီး ရောက်လတ်သော် ဆောင်းရသောထီး ဟုလည်း မှတ်တမ်း တင်ထားသည်။
မင်းတိုင်ပင်အမတ် မဟာဓမ္မသင်္ကြံစီရင်သည့် ရာဇ ဘိသေက စာတမ်း၌ ကနက္ကဒဏ်ထီးအကြောင်းကို အောက်ဖော်ပြပါအတိုင်း ဖွဲ့ဆိုထားသည်-
'ကနက္ကဒဏ်၊ ရောင်ဝှန်ဖြူလွ၊ ထီးအဝကား၊ တွက်ဆ မှန်ဖြောင့်၊ ငါးတောင့်ငါးသစ်၊ ရောင်လှစ် လျှပ်လျှပ်၊ ကြာယပ်သုံးဆင့်၊ ထွန်းတင့်လျှံလူ၊ ရွှေချူညောင်ရွက်၊ ပြိုးပြက်မြသား၊ ပတ္တမြားနှင့်၊ ပြယားဂေါ်မုတ်၊ ဥဿဖရား စိန်၊ ထိန်ထိန် ဝင်းဝါ၊ သန္တာရောင်လှိုင်း၊ ပုလဲဆိုင်းလည်း၊ တင့်နှိုင်းရှုအီ၊ တစ်ရာစီတည့်၊ သိင်္ဂီလျှံဖြိုး ၊ထီးရိုး ငါးတောင်၊ တစ်မိုက်ဆောင်လျက်၊ ပြောင်ပြောင်အလျှံ၊ ထီးတံထီးလက်၊ တွက်ချက်မှန်ဖြိုး၊ သုံးဆယ့်ကိုးတိ၊ ထီးရိုးမင်းစံ၊ ပုစွန်ခွံကို၊ မွမ်းမံထူးခြား၊ ပတ္တမြား ကျောက်စစ်၊ ခုနစ်ရစ်စီ၊ မမီပြိုင်ဘက်၊ ထီးအချက်တွင်၊ မိုးထက်ပျော်စံ၊ သဟံပတိ၊ ဃဋိကာရ၊ ဗြဟ္မာ့အခေါင်၊ စောင့်ဆောင်ရှည်မှီး၊ အံ့မငြီးအောင်၊ ထီးတကာထက်၊ မြတ်သည်ချက်ကြောင့်၊ ကောင်း ရက်ချိန်သင့်၊ ဥကင်ဖွင့်မူ၊ ကြီးမင့်တေဇော်၊ လက်ဝဲတော်က၊ သင့်လျော်ဖွင့်၍၊ တန်ခိုးကြွေ့အောင်၊ ဘုန်းဟေ့ဧကရာဇ်၊ မင်းစစ်ရွှေကိုယ်၊ ထီးရိပ်ခိုသည်၊ လူဗိုလ်ရှိလက်စုံပေါင်းတည်း'
ဘုရင်များ ရာဇဘိသေကခံသည့်အခါ ကနက္ကဒဏ် ထီးကိုဆောင်းကာ ဘိသိက်ခံရသောကြောင့် ကနက္ကဒဏ် ထီးသည် အခြားထီးများထက် ထူးခြားသည်။ ထို့ကြောင့် ဘုရင်တစ်ပါး အုပ်စိုးနေသည်ကို ထီးနန်းစံတော်မူသည်ဟု ရေးသည်။ မင်းတစ်ပါးထံမှ အာဏာကိုသိမ်းပိုက်လျှင် နန်းရပ်ထီးဖြူ လုယူသည်ဟုရေးသည်။ နိုင်ငံတစ်ဝန်းလုံး ဆုံးရှုံးရသည့် အခြေအနေထိဖြစ်အောင် မင်းအားဖမ်းဆီး ခေါ်ဆောင်သွားလျှင် ထီးကျိုးစည်ပေါက်သည်ဟု ရေးကြ ခြင်း ဖြစ်သည်။ ဦးအေးချို(မဟာဝိဇ္ဇာ)