ကနေရီကျွန်းစု ။ ။ကနေရီကျွန်းစုသည် အာဖရိကတိုက်၊ အနောက်မြောက် ကမ်းရိုးတန်းမှ ၉၇ ကီလိုမီတာ (မိုင် ၆၀) ခန့်အကွာ၊ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း တည်ရှိ သည့် စပိန်နိုင်ငံပိုင် ကျွန်းစုဖြစ်သည်။ ဧရိယာ ၇၅၂၃ စတုရန်းကီလိုမီတာ (၂၈၇၅ စတုရန်းမိုင်) ကျယ်ဝန်းပြီး ကမ်းရိုးတန်း အရှည် ၁၀၁၄ ကီလိုမီတာ (၆၂၆ မိုင်) ရှည် လျားသည်။ ကျွန်းပေါင်း ၁၃ ကျွန်းရှိသည့်အနက် ကျွန်း ခုနစ်ကျွန်းတွင် လူနေထိုင်ကာ လူဦးရေ နှစ်သန်းခန့် ရှိသည်။ အနောက်အာဖရိကမှ ထွက်ခွာလာသည့် သင်္ဘောများသည် ကနေရီကျွန်းစု၌ လောင်စာဆီ
ဖြည့်တင်းလေ့ရှိသည်။
ကနေရီကျွန်းစုအား ဆန်တာ ခရုစ်ဒီ တီနာရိုက်
ပြည်နယ်နှင့် လာပါးမားပြည်နယ်ဟူ၍ ပြည်နယ်နှစ်ခု ခွဲခြားထားသည်။ တောင်တန်းထူထပ်ပြီး တောင်အများစု မှာ မီးတောင်များဖြစ်သည်။ အမြင့်ဆုံးနေရာတွင် ၁၂၁၉၈ ပေအထိ ရှိသည်။ မြေဆီကောင်းမွန်ကာ ရာသီဥတု သင့်တင့် မျှတသည်။ နေထိုင်သူအများစုမှာ စပိန်နွယ်ဖွား များ ဖြစ်ကြသည်။
ကျွန်းကြီးခုနစ်ကျွန်းမှာ တင်းနားရိုက်ဖ်၊ ဂရင်း ကနေရီ၊ ပါးလမား၊ ယားရိုး၊ ဂိုမေးရား၊ လန်သာရိုးတေးနှင့် ဖွာတေဗင်တူးရားတို့ဖြစ်ကြ သည်။ ကျွန်းများအားလုံးတွင် ကမ်းပါးစောက်များ ရှိကြ၍ ချိုင့်ဝှမ်းများဖြင့် ပြည့်နှက် နေသည်။ ကျွန်းများပေါ်တွင် အမြဲစီးနေသည့် မြစ်ချောင်း မရှိချေ။အရှေ့ဘက်ပိုင်းတွင် ရေရှားလှသည်။ ရေပေါများ သော ကျွန်းများ၌ပင် ဆည်မြောင်းများ ပြုလုပ်ရသည်။
ရာသီဥတုမှာ ခြောက်သွေ့သော်လည်း အလွန် ပူပြင်းခြင်းမရှိပေ။ အနောက်ဘက် ကမ်းခြေများတွင်
မိုးရေချိန် ပျမ်းမျှ ၁၆ လက်မမှ ၁၈ လက်မအထိ ရရှိ၍ ခြောက်သွေ့သော အလယ်ပိုင်းတွင် ၉ လက်မမှ ၁၂ လက်မခန့်အထိသာ ရရှိသည်။
ကျွန်းများပေါ်တွင် နေထိုင်ကျက်စားသော နို့တိုက် သတ္တဝါများမှာ နည်းပါးလှသည်။ သို့ရာတွင် ငှက်မျိုးစုံလင် ၍ စိတ်ဝင်စားဖွယ်ကောင်းသည်။ ဆည်မြောင်းမရှိသော နေရာများတွင် စိုက်ပျိုးရေး မဖွံ့ဖြိုးချေ။ အလေ့ကျ ပေါက်သော အပင်ငယ်မျိုး များစွာအနက် ၃၀ ရာခိုင်နှုန်း မှာ ကနေရီကျွန်း၌သာ ပေါက်ရောက်သော အပင်မျိုးများ ဖြစ်သည်။
ကနေရီကျွန်းစုသို့ ပထမဆုံး ရောက်လာသော ဥရောပတိုက်သားများမှာ စပိန်လူမျိုးများဖြစ်ကြသည်။ ထိုစဉ်က နေထိုင်လျက်ရှိသော တိုင်းရင်းသား ဂွမ်ချေး သို့မဟုတ် ဂွမ်ချိုလူမျိုးများမှာ ယခုအခါ လူမျိုးတစ်မျိုး အဖြစ် မရှိတော့ချေ။
ယခုနေထိုင်လျက်ရှိသော ကျွန်းသူ ကျွန်းသားများမှာ စပိန်လူမျိုးများထက် အနည်းငယ် အသားမည်းသည်မှအပ များစွာ မခြားနားလှချေ။ စပိန်ဘာသာစကားကိုသာ အသုံးပြုကြသည်။ ကနေရီကျွန်းစုတွင် သစ်သီး၊ ပန်းမန်၊ ဟင်းသီးဟင်းရွက်နှင့် ကောက်ပဲသီးနှံများ စိုက်ပျိုး ထုတ်လုပ်သည်။