ကနေဒီ၊ ဂျွန် အက် (၁၉၁၇-၁၉၆၃)။ ။ဂျွန်အက် ကနေဒီ သည် အမေရိကန်ပြည်ထောင်စု၏ ၃၅ ဦးမြောက် သမ္မတ ဖြစ်ပြီး ၁၉၆၁ မှ ၁၉၆၃ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့ သည်။ ၁၉၁၇ ခုနှစ်၌ မွေးဖွားသည်။ ရုပ်ရည် သန့်ပြန့် ခံ့ညားပြီး အပြောကောင်းသော ခေါင်းဆောင်ဖြစ်သည့် အပြင် သူ၏အစိုးရတွင် ပညာတတ်များ ဝန်းရံစေသော ကြောင့် ကမ္ဘာအရပ်ရပ်မှ လူအများအားကျရသော ပုဂ္ဂိုလ် ဖြစ်သည်။
ကနေဒီ၏ သမ္မတသက်တမ်းတွင် အမေရိကန်နှင့် ဆိုဗီယက်ရုရှားတို့ ရန်စောင်သော စစ်အေးတိုက်ပွဲမှာ အပြင်းထန်ဆုံး ဖြစ်လာခဲ့သည်ဟု သမိုင်းသုတေသီများ က မှတ်ယူကြသည်။ စစ်အေးတိုက်ပွဲအတွင်း အဏုမြူ လက်နက် ယှဉ်ပြိုင်ထုတ်လုပ်မှု အားကြီးလာသည်။ အမေရိကန်နှင့်ကပ်လျက်ကျူးဘားနိုင်ငံတွင် အမေရိကန် ကို ဆန့်ကျင်ကာ ဖီဒယ်ကက်စထရို အာဏာရသဖြင့် သူ့ကိုဖြုတ်ချရန် ကနေဒီ၏အစိုးရက လျှို့ဝှက်စီမံသော ဘေးအော့ပစ် ခေါ် စစ်ဆင်ရေး မအောင်မမြင်ဖြစ်ပြီး ကနေဒီအစိုးရ၏ ဆုံးရှုံးမှုအဖြစ် အမည်းကွက် ထင်ရစ် သည်။ သို့ရာတွင် ၁၉၆၂ ခုနှစ် ကျူးဘားနယ်မြေပေါ်တွင် ဆိုဗီယက်ရုရှားက နျူကလီးယားလက်နက် တပ်ဆင်
ထားသော ဒုံးပျံများ စိုက်ထူ အခြေချထားသည်ကို
အမေရိကန်တို့က ဓာတ်ပုံရိုက်ယူပြီး ဖော်ထုတ်လိုက် သည်။ ထိုကိစ္စများမှာ အမေရိကန်ပြည်ထောင်စုကို အကြီးအကျယ် ခြိမ်းခြောက်မှုကြီး ဖြစ်သောကြောင့် ကမ္ဘာတွင် နျူကလီးယားစစ်ပွဲဖြစ်နိုင်သော အခြေအနေ အထိ ရောက်သွားခဲ့သည်။ ကနေဒီက ကျူးဘားမှဒုံးပျံများ ကို ရုရှားကမဖယ်ရှားလျှင် ထိရောက်ပြတ်သားစွာ အရေး ယူမည့်အကြောင်း ကမ္ဘာသိကြေညာသည်။ နောက်ဆုံး တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့် နှင့် ကမ္ဘာ့ခေါင်းဆောင်များ၏ ကြားဝင်စေ့စပ်မှုကြောင့် ဒုံးပျံများကို ရုရှားက ရုပ်သိမ်းသွားသည်။
အရှေ့ဥရောပတွင် ဆိုဗီယက်ရုရှား လွှမ်းမိုးပြီး နှစ်ပိုင်းကွဲနေသော ဂျာမနီ၏ အရှေ့ဂျာမနီတွင်လည်း ရုရှား လွှမ်းမိုးနေသည့်အခြေအနေကို ကနေဒီက ဆန့် ကျင်သည်။ ကနေဒီက အနောက်ဂျာမနီနှင့် ကျန်ဥရောပ ကို ထောက်ခံပြီး စစ်ရေးအရ အကာအကွယ်ပေးသဖြင့် စစ်အေးတိုက်ပွဲ ကျယ်ပြန့်ကြီးမားလာသည်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံကလည်း ကွန်မြူနစ်ဝါဒ ကျယ်ပြန့် လွှမ်းမိုးရေး လုပ်ဆောင်သဖြင့် ရုရှားနှင့်တရုတ်ကို အတူ ထားပြီး ကနေဒီ၏အစိုးရက ဆန့်ကျင်သည့် မူဝါဒကို ကျင့်သုံးသည်။ ထိုမူဝါဒကြောင့် ဗီယက်နမ်နှင့်လာအိုနိုင်ငံ တို့တွင် ပြည်တွင်းစစ်အရှိန်မြင့်လာပြီး အမေရိကန်ကိုယ် တိုင် ပါဝင်တိုက်ခိုက်သောအဆင့်သို့ ရောက်လာသည်။
ကနေဒီသည် အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ အထက်တန်းလွှာ လူချမ်းသာမိသားစုတွင် မွေးဖွားသူ ဖြစ်ပြီး ဟားဗတ်တက္ကသိုလ်မှ ဘွဲ့ရသည်။ လူငယ်ဘဝ တွင် ဒုတိယကမ္ဘာစစ်နှင့်ကြုံသဖြင့် အမေရိကန်ရေတပ် တွင် အရာရှိငယ်အဖြစ် စစ်မှုထမ်းရသည်။ ပစိဖိတ် သမုဒ္ဒရာအတွင်း ကနေဒီဦးစီးသော သင်္ဘောငယ် နစ်မြုပ် သောအခါ သတ္တိရှိရှိ ခေါင်းဆောင်မှုပေးသဖြင့် ရေတပ်၏ ဂုဏ်ပြုဆုတံဆိပ်ကို ရရှိသည်။ စစ်ပြီးခေတ်တွင် ကနေဒီ သည် နိုင်ငံရေးလောကထဲ ဝင်ရောက်လာပြီး ၁၉၄၇ မှ ၁၉၅၃ ခုနှစ်အထိ ဒီမိုကရက်တစ် ပါတီဝင် အောက်လွှတ် တော် (ကွန်ဂရက်)အမတ် ဖြစ်လာသည်။ ၁၉၅၃ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အတွင်း အထက်လွှတ်တော် (ဆီးနိတ်)အမတ်အဖြစ် တာဝန်ထမ်းဆောင်ရာမှ ၁၉၅၉ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး သမ္မတ အဖြစ် တင်မြှောက်ခံရသည်။
၁၉၆၀ ပြည့်နှစ် သမ္မတရာထူးလက်ခံပွဲ မိန့်ခွန်းတွင် ကနေဒီက 'ကျွန်တော်၏ အမေရိကန်နိုင်ငံသား မိတ် သဟာတို့၊ နိုင်ငံက ကိုယ့်အတွက် ဘာလုပ်ပေးမှာလဲ မမေးပါနှင့်၊ ကိုယ်က နိုင်ငံအတွက် ဘာလုပ်ပေးနိုင်မည် လဲပဲ မေးပါခင်ဗျာ'ဟု ပြောကြားခဲ့သည်။ ကနေဒီ၏ အထက်ပါစကားမှာ ကမ္ဘာကျော်စကား ဖြစ်ခဲ့သည်။
ကနေဒီ၏ လက်ထက်တွင် အမေရိကန်အစိုးရက ပညာရေးကို အားပေးပြီး အထူးသဖြင့် သိပ္ပံနှင့် နည်း ပညာကို မြှင့်တင်သည်။ ကနေဒီကိုယ်တိုင် ဦးဆောင်သော အထင်ကရ အောင်မြင်မှုတစ်ရပ်မှာ လကမ္ဘာပေါ် လူ အရောက်သွားသော စီမံကိန်းဖြစ်၏။ ကနေဒီက စတင် ဆော်သြအပြီး ဆယ်နှစ်မပြည့်မီ ၁၉၆၉ ခုနှစ်တွင် လ ကမ္ဘာပေါ်သို့ လူသားတို့ အရောက်သွားနိုင်ခဲ့သည်။ ထိုစီမံ ကိန်းကို အကြောင်းပြုပြီး များပြားသော နည်းပညာ အသစ်များ ထွက်ပေါ်လာသည်။
ကနေဒီ၏ သမ္မတသက်တမ်း လေးနှစ်မပြည့်မီ ၁၉၆၃ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခံရသည်။ သူ၏ညီ ရောဘတ်ကနေဒီသည်လည်း ၁၉၆၄ ခုနှစ်တွင် သမ္မတ အရွေးခံရန် မဲဆွယ်စည်းရုံးရေးလုပ်နေစဉ် သေနတ်သမား ၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။ ညီအငယ်ဆုံး အက်ဒွပ် ကနေဒီသည်လည်း ထင်ရှားသော နိုင်ငံရေး သမား ဆီးနိတ်အမတ် ဖြစ်သည်။ ကနေဒီ၏ဇနီး ဂျက် ကလင်းသည် ချောမောလှပ ထင်ရှားသည်။ ကနေဒီ ကွယ်လွန်သောအခါ ဂျက်ကလင်းသည် ဂရိလူမျိုး သူဌေး ကြီး အိုနာဆစ်နှင့် လက်ထပ်ခဲ့သည်။