ကနေဒါနိုင်ငံ ။ ။ ကနေဒါနိုင်ငံသည် ကမ္ဘာပေါ်တွင် ဧရိယာ အကျယ်အဝန်းအားဖြင့် ရုရှားနိုင်ငံပြီးလျှင် ဒုတိယအကြီးဆုံးနိုင်ငံ ဖြစ်သည်။ အမေရိကန်ပြည် ထောင်စု၏ မြောက်ဘက်တွင် တည်ရှိ၍ အနောက်ဘက် စွန်းရှိ အလက်စကာနယ်မှတစ်ပါး မြောက်အမေရိက တိုက်၏ မြောက်ပိုင်းဒေသအားလုံး ပါဝင်သော နိုင်ငံဖြစ် သည်။ အရှေ့နှင့် အနောက် ၅၀ဝ၀ ကီလိုမီတာ (မိုင် ၃၂၀ဝ)ခန့် ကျယ်ဝန်းပြီး မြောက်နှင့်တောင် ၄၄၀ဝ ကီလို မီတာ (မိုင်၂၈၀ဝ)ခန့် ကျယ်ဝန်းသည်။ ဧရိယာစတုရန်း ကီလိုမီတာ ၁၀ သန်း (စတုရန်းမိုင် ၃.၈၅ သန်း)ခန့်ရှိ၏။ အနောက်ဘက်တွင် ပစိဖိတ်သမုဒ္ဒရာမှ အရှေ့ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာအထိ ကျယ်ဝန်းသည်။ ၂၀၁၉ ခုနှစ် ခန့်မှန်းလူဦးရေ ၃၈ သန်းခန့်ရှိသဖြင့် လူဦးရေနှင့် နှိုင်းစာ လျှင် ဧရိယာ ကျယ်ဝန်းပြီး သယံဇာတ ကြွယ်ဝသောနိုင်ငံ ဖြစ်သည်။
ကနေဒါနိုင်ငံ၏ အသွင်အပြင် အနေအထားကို သဘာဝဒေသကြီးငါးခုဖြင့် ခွဲဝေပိုင်းခြားနိုင်သည်။ ယင်း တို့မှာ လောရင်းရှန်းကုန်းပြင်မြင့်၊ အတ္တလန္တိတ်ကမ်းခြေ ဒေသ၊ စိန့်လောရင့်မြစ်ဝှမ်းဒေသ၊ ပရေရီ လွင်ပြင်ဒေသနှင့် အနောက်ဘက်တောင်တန်းဒေသများ ဖြစ်ကြသည်။
ကနေဒါနိုင်ငံ၏ အထင်ရှားဆုံးသောမြစ်မှာ စိန့် လောရင့်မြစ်ဖြစ်သည်။ ကီလိုမီတာ ၃၀ဝ၀ (မိုင် ၁၉၀ဝ) ခန့်ရှည်၍ အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ စီးဝင်သည်။ နယ်လဆင်မြစ်၊ ချာချီမြစ်နှင့် ဆက်စကက်ချီဝမ်မြစ်များ သည် ဟဒ်ဆန်ပင်လယ်အော်ထဲသို့ စီးဝင်ကြ၍ ကီလို မီတာ ၄၀ဝ၀ (၂၅၁၄ မိုင်)ခန့်ရှည်သော မက္ကဇင်မြစ်သည် အာတိတ်သမုဒ္ဒရာထဲသို့ စီးဝင်သည်။ အနောက်ဘက်
တွင် ကိုလံဘီယာမြစ်၊ ဖရေဇာမြစ်နှင့် ယူးကွန်းမြစ်တို့ သည် ပစိဖိတ်သမုဒ္ဒရာထဲသို့ စီးဝင်ကြသည်။ ကနေဒါနိုင်ငံ တောင်ပိုင်း အမေရိကန်နယ်စပ်တွင် အလွန်ကြီးမား ကျယ်ဝန်းသော ကုန်းတွင်းရေချိုအိုင်ကြီး ငါးခု (တိုရွန်တို၊ အီရီ၊ ဟူရွှန်၊ မီချီဂန်နှင့် စူပီးရီးယား) ရှိသည်။ နာမည်ကျော် နိုင်ယာဂရာရေတံခွန်ကြီး အပါအဝင် ရေတံခွန်အကြီး၊ အလတ်၊ အငယ်များစွာလည်း ထိုအိုင်ကြီးများထဲသို့ စီးဆင်းနေသည်။
အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ စီးဝင်သောစိန့်လောရင့်မြစ်ကြောင်းအတိုင်း ပင်လယ်ကူးသင်္ဘောကြီးများ ခုတ် မောင်းပြီး ဝင်ရောက်နိုင်စေရန် စိန့်လောရင့်ဆီးဝေးခေါ် ရေကြောင်းလမ်းမကြီး စီမံတည်ဆောက်ထားသည်။ ထို ရေကြောင်းဖြင့် ရေအိုင်ကြီးငါးခုကို ဖြတ်သန်း၍ ကုန်စည် ပို့ဆောင်နိုင်သည်။ တူးမြောင်းများ၊ ရေထိန်းတံခါးများ အဆင့်ဆင့်ဖြင့် ရေလမ်းတစ်ဆက်တည်းဖြစ်အောင် စီမံခဲ့ သော တည်ဆောက်မှုဖြစ်သည်။ အတ္တလန္တိတ်သမုဒ္ဒရာ အဝမှ အနောက်ဘက်စွန်းဆုံး စူပီးရီးယား ရေအိုင်ကြီး၏ အနောက်ဘက်ကမ်းအထိ ရေလမ်း ကီလိုမီတာ ၄၀ဝ၀ (မိုင် ၂၅၀ဝ) ရှည်လျားသော ကုန်းတွင်းမှ သမုဒ္ဒရာသို့ ရေလမ်းသည် အံ့ဖွယ် အစီအမံကြီးဖြစ်၏။
ကနေဒါနိုင်ငံသည် ကြီးမားကျယ်ဝန်း၍ အာတိတ် ဇုန်နှင့် သမပိုင်းဇုန်တို့တွင် ကျရောက်တည်ရှိသည့် အလျောက် ရာသီဥတုအမျိုးမျိုး ကွဲပြားသည်။ မြောက် ဘက်ဖျားကျသော ယူးကွန်းပြည်နယ်၊ အနောက်မြောက် နယ်နှင့် ကွီဘက်ပြည်နယ် မြောက်ပိုင်းတို့သည် အာတိတ် ရာသီဥတုကို ရရှိကြ၍ ဟဒ်ဆန်ပင်လယ်အော်သည် တစ်နှစ်လျှင် ကိုးလမျှ ရေခဲသည်။ တောင်ဘက်ကျသော ဒေသများတွင် ပူနွေးမျှတသော ရာသီဥတုကို ရရှိကြ သည်။ အရှေ့ဘက်၌ရှိသော ကမ်းရိုးတန်းနယ်များမှာ နေကျဲကျဲပူသော်လည်း မျှတသည့် နွေဥတုမျိုးကိုရရှိ၍ မိုးရွာသွန်းမှု များသည်။
ကနေဒါနိုင်ငံ မြေဧရိယာ၏ ရှစ်ရာခိုင်နှုန်းသည် လယ်ယာမြေများဖြစ်သည်။ ကနေဒါစိုက်ပျိုးမြေ၏ ၈၀ ရာခိုင်နှုန်းမှာ ပရေရီလွင်ပြင်ဒေသရှိ ဆက်စကက်ချီဝမ် ပြည်နယ်တွင် တည်ရှိကာ ကနေဒါနိုင်ငံမှ ထွက်ရှိသော ဂျုံပမာဏ၏ ထက်ဝက်နီးပါးကို ထုတ်လုပ်သည်။ ကနေဒါနိုင်ငံ၏မြို့တော်မှာ အော်တဝါဖြစ်ပြီး မြို့ကြီးများ မှာ တိုရွန်တို၊ မွန်ထရီယယ်၊ ဗင်ကူးဗားတို့ ဖြစ်ကြသည်။ ကနေဒါသည် မြို့နေလူဦးရေ များသော နိုင်ငံဖြစ်သည်။ လူဦးရေ ၃၆ သန်း၏ ၈၂ ရာခိုင်နှုန်းသည် မြို့နေလူများ ဖြစ်သည်။
ကနေဒါနိုင်ငံသည် ကမ္ဘာတွင် သစ်အများအပြား ထုတ်လုပ်သော ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရများက သစ် တော အကွက်များကို ပိုင်ဆိုင်ပြီး ပုဂ္ဂလိက ကုမ္ပဏီများ အား ပြန်လည် အငှားချထားသည်။ ဗြိတိသျှကိုလံဘီယာ၊ အွန်တာရီယိုနှင့် ကွီဘက်တို့မှာ သစ်အများဆုံး ထုတ်လုပ် သော ပြည်နယ်များ ဖြစ်သည်။ သစ်အချောထည်နှင့် အထပ်သား ထုတ်လုပ်ခြင်း၊ စက္ကူနှင့် ပျော့ဖတ်လုပ်ငန်း များ ထွန်းကားသည်။
ငါးဖမ်းလုပ်ငန်းသည် ကနေဒါနိုင်ငံ၏ ရှေးအကျဆုံး စီးပွားရေးလုပ်ငန်း ဖြစ်သည်။ နယူးဖောင်လန် ကမ်းခြေ ဒေသတွင် ၁၅၀ဝ ပြည့်လွန်နှစ်များကတည်းက စတင်၍ ဥရောပမှငါးဖမ်းအဖွဲ့များ အလုံးအရင်းနှင့် ဝင်ရောက် ငါး ဖမ်းခဲ့ကြသည်။ ယနေ့ ကနေဒါ၏ အဓိကရေထွက်ပစ္စည်း များမှာ ခုံးကောင်၊ ကဏန်း၊ ဂရင်းလန် ငါးခွေးလျှာ၊ ငါးသလောက်၊ ပုစွန်တုပ်ကြီး၊ ဆယ်မန်ငါးနှင့် ခရုတို့ ဖြစ် ကြသည်။ ဆယ်မန်ငါးဖမ်းလုပ်ငန်းမှာ ဖမ်းယူမှုများသော ကြောင့် အနာဂတ်အတွက် စိုးရိမ်ဖွယ်ပြဿနာများ ကြုံ တွေ့နေသည်။ ကုန်းတွင်း၌ ငါးမွေးမြူရေး လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်လျက်ရှိပြီး ပြည်တွင်းစားသုံးမှု အပြင် အမေရိကန်ပြည်ထောင်စုသို့ပါ တင်ပို့လျက် ရှိသည်။
ကနေဒါနိုင်ငံသည် ကမ္ဘာပေါ်တွင် ကြေးနီ၊ ရွှေ၊ သံရိုင်း၊ နီကယ်၊ ပိုတက်၊ ယူရေနီယမ်နှင့် သွပ်တို့အပါအဝင် တွင်းထွက်သတ္တုအမျိုးမျိုးကို အများဆုံး ထုတ်လုပ်ပြီး ကမ္ဘာ့သတ္တုတင်ပို့ရောင်းချမှု အများဆုံး နိုင်ငံတစ်နိုင်ငံ လည်း ဖြစ်သည်။
ကနေဒါနိုင်ငံ၏ အဓိက တွင်းထွက်သယံဇာတ နှစ် မျိုးမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြစ်သည်။ အယ်ဘား တားပြည်နယ်သည် ရေနံနှင့်သဘာဝဓာတ်ငွေ့ အဓိက ထွက်ရှိရာဒေသဖြစ်သည်။ ကနေဒါ၏ အခြားတွင်းထွက် သယံဇာတများမှာ ကျောက်မီးသွေး၊ စိန်၊ ပလက်တီနမ်၊ ဆား၊ သဲ၊ ကျောက်စရစ်နှင့် ကျောက်တို့ ဖြစ်သည်။
ကနေဒါနိုင်ငံသည် စွမ်းအင်အရင်းအမြစ် အလွန် ကြွယ်ဝသော နိုင်ငံဖြစ်ပြီး လျှပ်စစ်ဓာတ်အား၏ ၅၀ ရာခိုင်နှုန်းကို ရေအားမှရရှိသည်။ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ကျောက်မီးသွေးတို့ဖြင့် မောင်းနှင်သည့် ဓာတ်အား ပေးစက်ရုံများမှ ကနေဒါလျှပ်စစ်သုံးစွဲမှု၏ လေးပုံတစ်ပုံ ကို ထုတ်လုပ်သည်။ အခြားစွမ်းအင် ရင်းမြစ်များမှာ နျူကလီးယားစွမ်းအင်၊ လေအားနှင့် ဇီဝဒြပ်ကဲ့သို့သော ပြန်ပြည့်မြဲ စွမ်းအင်တို့ ဖြစ်သည်။
ကနေဒါနိုင်ငံ၏ အဓိက တန်ဖိုးမြှင့်ထုတ်ကုန်များ မှာ မော်တော်ကားနှင့် ကားအစိတ်အပိုင်းများ၊ လေယာဉ် နှင့် လေယာဉ်အစိတ်အပိုင်းများ၊ စားသောက်ကုန်နှင့် အဖျော်ယမကာတို့ ဖြစ်သည်။ အခြားအရေးပါသော ကုန် ထုတ်လုပ်ငန်းများမှာ ဓာတုပစ္စည်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်ကိရိယာ ထုတ်လုပ်မှုလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှု လုပ်ငန်း၊ ရေနံချက်လုပ်ငန်း၊ သတ္တုလုပ်ငန်းများ ဖြစ်ကြ သည်။
ကနေဒါနိုင်ငံ၏ ဝန်ဆောင်မှုသည် ကနေဒါ စီးပွား ရေး၌ အဓိကအကျဆုံးဖြစ်သည်။ ဝန်ဆောင်မှုလုပ်ငန်းများ အနက် လူမှုအဖွဲ့၊ စီးပွားရေး၊ ပုဂ္ဂိုလ်ရေးဝန်ဆောင်မှု များမှာ ကနေဒါနိုင်ငံတွင် လုပ်သားအများဆုံး ခန့်ထားနိုင် သည့်ကဏ္ဍဖြစ်သည်။ တိုရွန်တိုနှင့် မွန်ထရီယယ်မြို့များ မှာ ကနေဒါနိုင်ငံ၏ အဓိက ဘဏ္ဍာရေးဗဟိုဌာနများ ဖြစ်သည်။
ကနေဒါနိုင်ငံ၏ ရှေးအစဉ်အဆက် ဒေသခံ တိုင်း ရင်းသားများမှာ ဖတ်စ်နေရှင်းစ်ဟု စုပေါင်းခေါ်သော လူမျိုးများနှင့် အင်နယူအစ်လူမျိုးများ၊ ဥရောပနှင့် တိုင်း ရင်းသား သွေးနှောသော မီတစ်လူမျိုးများ ဖြစ်သည်။ ၁၆ ရာစုမှ စတင်ဝင်ရောက်လာသော ဥရောပသားများက လူများစုဖြစ်လာပြီး ဗြိတိသျှနှင့်ပြင်သစ် အဆက်အနွှယ် အများဆုံး ပါဝင်သည်။ ကွီဘက်ပြည်နယ်တွင် ပြင်သစ် ဘာသာစကားကို အသုံးပြု၍ ကျန်ပြည်နယ်များတွင် အင်္ဂလိပ်ဘာသာကို သုံးသည်။ ရုံးသုံးဘာသာမှာ အင်္ဂလိပ် နှင့် ပြင်သစ်ဘာသာတို့ ဖြစ်သည်။
ကနေဒါနိုင်ငံအတွင်း၌ ရထားလမ်းအရှည် ၄၆၉၈၀ ကီလိုမီတာ (၂၉၀ဝ၀ မိုင်) ဖောက်လုပ်ထားပြီး တိုရွန်တို နှင့် မွန်ထရီယယ်မြို့တို့၌ မြေအောက် ရထားလမ်းများ ရှိသည်။ အဝေးပြေးကားလမ်း အရှည် ၈၁၀ဝ ကီလိုမီတာ (မိုင် ၅၀ဝ၀)ကျော် ဖောက်လုပ်ထားသည်။ လေဆိပ်နှင့် ဆိပ်ကမ်း အများအပြား တည်ဆောက်ထားပြီး တိုရွန်တို ပီယာဆန် နိုင်ငံတကာလေဆိပ်သည် ကနေဒါနိုင်ငံ၏
လေဆိပ်ဖြစ်ကာ ဗင်ကူးဗားဆိပ်ကမ်းမှာမူ ကနေဒါနိုင်ငံ ၏ အစည်ကားဆုံးနှင့် ကုန်စည်ပို့ဆောင်မှု အများဆုံး ဆိပ်ကမ်းဖြစ်သည်။
ကနေဒါနိုင်ငံသည် လုံးဝလွတ်လပ်သော စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးသည့် နိုင်ငံဖြစ်သည်။ ဗြိတိသျှ ဓနသဟာယနိုင်ငံများအနက် ကိုယ်ပိုင်အုပ်ချုပ်ရေးကို အစောဆုံးရရှိခဲ့သော နိုင်ငံလည်း ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အင်္ဂလန်နိုင်ငံ၏ ဘုရင် သို့မဟုတ် ဘုရင်မသည် နိုင်ငံအကြီးအကဲဖြစ်ရာ လက်ရှိမှာ ဒုတိယ မြောက် အယ်လိဇဘက်ဘုရင်မကြီး ဖြစ်သည်။ ဘုရင်မ သည် ကနေဒါဝန်ကြီးချုပ်က အဆိုပြုတင်ပြသော ပုဂ္ဂိုလ် အား ဘုရင်မ၏ကိုယ်စား ကနေဒါဘုရင်ခံချုပ်အဖြစ် ခန့် အပ်ခဲ့သည်။
အစိုးရ၏အကြီးအကဲမှာ ဝန်ကြီးချုပ် ဖြစ်သည်။ ကနေဒါပါလီမန်မှာ အော်တဝါမြို့၌ရှိပြီး အထက်လွှတ် တော်နှင့် အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ရပ် ပါရှိသည်။ ကနေဒါနိုင်ငံတွင် မေပယ်ရွက်မှာ အမျိုးသား အထိမ်းအမှတ်ဖြစ်ကာ ကနေဒါ နိုင်ငံတော်အလံတွင် ထည့်သွင်းထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၅ ရက်မှ ၁၀ ရက်အထိ ကနေဒါနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည်။