Myanmar Encyclopedia

ကနုကမာ။ ။ ခုံး၊ ကမာ၊ ယောက်သွား၊ ခရုကောင်များ ၏ အခွံများတွင် အထပ်သုံးထပ်ရှိသည့်အနက် အချို့သော ခရုခွံများ၌ အောက်ဆုံး၊ သို့မဟုတ် အတွင်းဘက် အကျ ဆုံး အထပ်မှာ ချောမွတ် ပြောင်လက်၍ ပုလဲရောင်ထ သည်။ ဤအထပ်မှာ ကနုကမာအထပ်ဖြစ်၍ ဤအထပ် မျိုးပါရှိသည့် ခရုများကို ကနုကမာဟု ခေါ်သည်။

ယင်းတွင် ပါဝင်သောပစ္စည်းများမှာ ပုလဲ၌ ပါဝင် သော ပစ္စည်းများနှင့် အတူတူဖြစ်သည်။ ထုံးဓာတ်ပါသော ပစ္စည်းနှင့် ဦးချိုကဲ့သို့ မာသောပစ္စည်းတို့သည် အဆင့်ဆင့် အထပ်ထပ် တည်နေကြသည်။ ထိုအထပ်များပေါ်သို့ အလင်းကျရောက်သောအခါ အထပ်တို့၏ လွတ်နေသော အစွန်းများက အလင်းကို ယိုင်စေသောကြောင့် စိမ်းနီ ဝါပြာစသော သက်တံရောင်များဖြစ်ပေါ်လာ၍ လှပသော ကနုကမာရောင် ထွက်ပေါ်လာသည်။

ကနုကမာအထပ်ပါသော ခရုခွံများကို အပူပိုင်းဒေသ ကမ်းရိုးတန်းများတွင် တွေ့ရသည်။ ပစိဖိတ်တောင်ပိုင်း ကျွန်းများဖြစ်ကြသည့် တောင်ပင်လယ်ကျွန်းများ၊ ဖိလစ် ပိုင်ကျွန်းစု၊ သြစတြေးလျတိုက်၊ ပနားမားနိုင်ငံ၊ ကယ်လီ ဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ ဂျပန်နိုင်ငံတစ်ဝိုက်နှင့် မလေး (ပသျှူး)ကျွန်းဆွယ်တို့၏ ကမ်းရိုးတန်းများတွင် အထူးပေါများသည်။ မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင်လည်း တွေ့ရသည်။ အကောင်းဆုံး ကနုကမာများကို သြစတြေးလျတိုက်နှင့် သီဟိုဠ်ကျွန်း တို့မှ ရသည်။ ပနားမားနိုင်ငံမှရသော ကနုကမာမှာ သေးငယ်၍ အသားထူသည်။ မြောက်အမေရိကတိုက် မစ္စစ္စပီမြစ်နှင့် အခြားမြစ်များရှိ ရေချိုခုံးကောင်များမှ လည်း ကနုကမာများကို ရရှိသည်။

ကနုကမာဖြင့် ရင်ထိုး၊ ကြယ်သီး၊ လည်ဆွဲ စသော လက်ဝတ်တန်ဆာများကိုလည်းကောင်း၊ ဆေးလိပ်ခွက်၊ ပြာပန်းကန်၊ ဓားရိုး၊ ထီးရိုး၊ ဓာတ်ပုံဘောင် စသော လူ့ အသုံးအဆောင်များကိုလည်းကောင်း ပြုလုပ်ကြသည်။ သစ်သား၊ ယွန်းထည် စသည်တို့နှင့် ဖက်စပ်၍လည်း တူရိယာနှင့် အိမ်သုံးပရိဘောဂများတွင် ပန်းကွက်များ ဖော်ရာ၌ ကနုကမာကို သုံးကြသေးသည်။ မြန်မာနိုင်ငံ တွင် ကနုကမာဖြင့်ပြုလုပ်သော ပစ္စည်းအသုံးအဆောင် များကို မြိတ်ဒေသမှ ပြုလုပ်ရောင်းချလေ့ရှိသည်။

ကနုကမာကို ပလတ်စတစ်ဖြင့်လည်း အတုပြုလုပ် ကြရာ အတုသည် အစစ်ကဲ့သို့ပင် လှပ၍ တန်ဖိုးသက်သာ သည်။

ပင်မစာမျက်နှာသို့